အသက်ကို ဉာဏ်စောင့်သည်

အသက်ကို ဉာဏ်စောင့်သည်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇွန်  ၄  ရက်)

အသက်ကိုဉာဏ်စောင့်သည် ဆိုသောစကားသည် လူတိုင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ဉာဏ်၏ အဓိပ္ပာယ်ကို မြန်မာအဘိဓာန်တွင် သိမြင်တတ်သောတရား၊ အသိတရား၊ ပညာ ဟူ၍ ဖွင့်ဆိုထားသည်။ လူတိုင်းသည် စားဝတ်နေရေးအတွက် အလုပ်တစ်ခုခုကို လုပ်ကိုင်နေကြရသည်။ ယာဉ်မောင်းကျွမ်းကျင်သူသည် ယာဉ်မောင်းအတတ်ပညာဖြင့် ခရီးသည်တို့ကို လိုရာရောက်အောင်ပို့ဆောင်ပေးနိုင်သည်။  မိမိလုပ်ငန်း ကျွမ်းကျင်မှုတွင် ဉာဏ်ပညာကိုအသုံးပြုရမည်ဖြစ်သည်။ ဉာဏ်ဟူသော အသိတရား ပညာတို့ဖြင့်  ကောင်းစွာအသုံးမပြုသောအခါ ယာဉ်မတော်တဆမှု ကြုံရသည်။ ဖြစ်ရခြင်း၏ အကြောင်း ရင်းများကို လေ့လာသုံးသပ်ကြည့်သည့်အခါ “စက်/ယာဉ်ကြောင့်ဖြစ်ပွားရခြင်း၊ လူကြောင့်ဖြစ်ပွားရခြင်း၊ လမ်းကြောင့်ဖြစ်ပွားရခြင်း၊ ရာသီဥတုကြောင့်ဖြစ်ပွားရခြင်း” ဟူ၍တွေ့ရှိရသည်။ ဤဖြစ်စဉ်များတွင် လူကြောင့်ဖြစ်ပွားရသော ဖြစ်စဉ်မှာ အများဆုံးဖြစ်ပေသည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ အကြောင်းမဲ့ သေချင်စိတ်ရှိမည် မဟုတ်သော်လည်း မိမိ၏ပေါ့ဆမှုကြောင့် အသက်ဆုံးရှုံးသည့် အဖြစ်မျိုးကြုံနေရသည်မှာ သတ်မှတ်ထားသော စည်းကမ်းကို အသိတရားရှိရှိ မလိုက်နာသောကြောင့် ဖြစ်သည်။ ခရီးသည်ယာဉ်များတွင် ယာဉ်မောင်း၏ ပေါ့လျော့မှုသည် အဆိုးရွားဆုံး လူသတ်မှုကဲ့သို့ဖြစ်နေသည်။ ခရီးသည်အားလုံး၏ အသက်သည် ယာဉ်မောင်း၏ ကျွမ်းကျင်မှု၊ စည်းကမ်း လိုက်နာမှု၊ ဆုံးဖြတ်ချက်မှန်ကန်မှုတို့ အပေါ်တွင် တည်မှီနေသည်။ အရှိန်မထိန်းနိုင်၍ လမ်းလယ်ကျွန်းပေါ် သို့ရောက်ကာ တိမ်းမှောက်သွားခြင်း၊ ကားဘီးတာယာ ပွင့်ထွက်သွား၍ တိမ်းမှောက်ခြင်း  စသည်ဖြင့် အမျိုးမျိုးသော အကြောင်းများဖြင့် ယာဉ်မတော်တဆ ဖြစ်ပွားခြင်းသည် အဓိကအားဖြင့် ယာဉ်မောင်းသူနှင့် ယာဉ်ပေါ်ပါကြီးကြပ် ကွပ်ကဲသူတို့၏ အသိတရားမဲ့မှုကြောင့်ဖြစ်သည်။

အမှန်တကယ်လုပ်ဆောင်ရမည်မှာ  ယာဉ်မောင်းသူတစ်ဦးသည် ယာဉ်မောင်းနှင်ခြင်း မပြုမီ မိမိယာဉ်၏ ဘရိတ်ကောင်းမကောင်း အဓိက စစ်ဆေးသင့်သည်။ ပြီးလျှင် ရှေ့မီးကြီး၊ ဘေးမီးငယ်၊ ဘရိတ်မီး၊ အချက်ပြမီး၊ နောက်နံပါတ်ပြားမီး စသည့် မီးများကို စစ်ဆေးရမည်။ လမ်းကွေ့လမ်းကျဉ်း၊ မမြင်ကွယ်ရာတွင် အမှန်တကယ် အသုံးပြုရမည့် ဟွန်းကိုလည်း စစ်ဆေးရမည်။ မိမိကား၏ တာယာကောင်းမကောင်း၊ လေညီ၊မညီစစ်ဆေးရမည်။ တစ်လမ်းလုံး အသုံးပြုရမည့် စတီယာရင်ကောင်း၊ မကောင်း၊ ဂီယာကောင်း၊ မကောင်း၊

နောက်ကြည့်မှန်တို့ကို စစ်ဆေးရမည်။ ဆက်လက်၍ ဆီ၊ ရေ၊ လေ၊ ဝိုင် ပြည့်စုံမှုရှိ၊ မရှိ၊ မိုးတွင်းဘက်မောင်းလျှင် ရေသုတ်ကိရိယာကောင်း၊ မကောင်းတို့ကိုစစ်ဆေးရမည်။ အားလုံး စစ်ဆေးပြီးသည်နှင့် ကိုယ်နှင့်မကွာ ရှိနေရမည့် ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်သက်သေခံ လက်မှတ်တို့ပါရှိခြင်းရှိ၊ မရှိကို စစ်ဆေးကြရမည် ဖြစ်သည်။ ဤသည်မှာ သိမြင်တတ်သော တရားဖြစ်သည်။

ယာဉ်မောင်းသူတိုင်း ယာဉ်မောင်းနှင်ခြင်း မပြုမီ အထက်ပါအချက်များကို စေ့စေ့စပ်စပ် သေသေချာချာ စစ်ဆေးမည်ဆိုပါက ယာဉ်အန္တရာယ်ဖြစ်ပွားမှု လျော့နည်းသွားပါမည်။ ယာဉ်မောင်းသူ ကိုယ်တိုင်ကလည်း ထိုအချက်များကို ပြည့်စုံစွာ စစ်ဆေးပြီးပါက မိမိကိုယ်မိမိ ယုံကြည်မှုရာနှုန်းပြည့် ရှိသွားမည်။ ထို့အတူ မော်တော်ဆိုင်ကယ် မောင်းနှင်သူများအနေဖြင့်လည်း   ခရီးမထွက်ခွာမီ မိမိယာဉ်ကို စစ်ဆေးရမည်ဖြစ်ပါသည်။ ယာဉ်အန္တရာယ်နှင့်ကြုံတိုင်း အသေအပျောက် များသည်မှာ မော်တော်ဆိုင်ကယ် စီးနင်းသူများဖြစ်သည်။ မော်တော်ဆိုင်ကယ်၏ လက်ကိုင်ကို  လက်နှစ်ဖက်ဖြင့် ကိုင်၍စီးပါ။ မော်တော်ဆိုင်ကယ်စီးသူ၏နောက်ရှိ လူစီးထိုင်ခုံတွင် တစ်ဦးထက်ပို၍ မတင်ရ။ ရှေ့တွင်မည်သူမျှ တင်မစီးရ။ ပြိုင်မစီးရ။ အခြားယာဉ်များ အနှောင့်အယှက်ဖြစ်အောင် မစီးရ။ မော်တော်ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုး သေချာတပ်၍ စီးရမည်။ ဆိုင်ကယ်စီးနင်းသူ၏ အဝတ်အစားများသည် အန္တရာယ်ဖြစ်စေနိုင်သော ပျံ့လွင့်နေခြင်း မရှိစေရပါ။ အချို့သော မော်တော်ဆိုင်ကယ်စီးသူများသည် စက်သံကို ဆူညံအောင်မြှင့်၍ စီးနင်းခြင်းဖြင့် ပတ်ဝန်းကျင်ကို စိတ်ဒုက္ခပေးတတ်ကြသည်။ အမှန်အားဖြင့် မော်တော်ဆိုင်ကယ် စီးနင်းသူသည် ယာဉ်မောင်းသူများ နည်းတူ လမ်းစည်းကမ်းများကို လိုက်နာရပေမည်။ သို့မှသာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်မှ ကင်းဝေးကြမည်ဖြစ်သည်။

မော်တော်ယာဉ်ဖြစ်စေ၊ မော်တော်ဆိုင်ကယ်ဖြစ်စေ သူ့ယာဉ်အလိုက် အရှိန်နှုန်းများကို သတ်မှတ်ထားပြီး ဖြစ်ပါသည်။ ကီလို ၆၀- ၉၀- ၁၀၀ စသည်ဖြင့် သတ်မှတ်ထားလျှင် သတ်မှတ် အရှိန်နှုန်းထက်လျော့၍ မောင်းနှင်ခြင်းသည် ဘေးအန္တရာယ်ကင်းသည်။ အရှိန်လွန်၍၊ အရှိန်မထိန်းနိုင်၍ဖြစ်ရသော ဖြစ်စဉ်များတွင် လူ့အသက်ဆုံးရှုံးမှု ပိုမိုများသည်ကိုတွေ့မြင်ရသည်။ ယနေ့သတင်းမီဒီယာနှင့် လူမှုကွန်ရက်တွင် ပါရှိနေသောသတင်းများမှာ ယာဉ်မတော်တဆမှု သတင်းက ပိုများသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် တစ်ရက်လျှင် လူ ၁၄ ဦးခန့် သေဆုံးလျက်ရှိပြီး တစ်နှစ်လျှင် ယာဉ်မတော်တဆမှုပေါင်း ၁၇၀၀၀ ခန့်၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၆၀၀၀ ဦးခန့်၊ သေဆုံးသူ ၅၀၀၀ ဦးခန့် နှစ်စဉ်ဖြစ်ပွားလျက် ရှိသည်။သို့ဖြစ်ပါ၍ အသက်ကိုဉာဏ်စောင့်သည် ဆိုသည့်အတိုင်း အသိတရားနှင့်ပညာကို အသုံးပြု၍ ယာဉ်မတော်တဆမှု မဖြစ်ပွားအောင် လုပ်ဆောင်ကြရန် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပေသည်။ ။