သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကြစို့

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇွန်  ၅  ရက်)

ပတ်ဝန်းကျင်ဆိုသည်မှာ မြေထု ရေထု လေထု ရာသီဥတု၊ အသံ အနံ့ အရသာတို့ပါဝင်သည့် လူသားတို့ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရာများ၊ တိရစ္ဆာန်များနှင့် အပင်အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာအကြောင်းအချက်များ၊ သမိုင်းယဉ်ကျေးမှုလူမှုရေးနှင့် ပသာဒအလှအပဆိုင်ရာ အကြောင်းအချက်များ စသည်တို့ကို ဆိုလိုခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် လူသားတစ်ဦး၏ ဘဝခရီးအတွက် အမှန်လိုအပ်နေသော အချက်ဖြစ်သည်။ ကမ္ဘာမြေကြီးတွင် နေထိုင်ကြသော လူသားတိုင်းကို အသက်တစ်ရာအတွင်းသာ ရှင်သန်နေထိုင်ခွင့်ပေးထားသည်။ အသက်တစ်ရာ နေထိုင်နိုင်သူရှားပါးလှသော်လည်း လူတိုင်းက အသက်တစ်ရာမကနေထိုင်လိုကြသည်။

လူသားတို့၏ ပျမ်းမျှသက်တမ်းလျော့နည်းလာခြင်းသည်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနည်းပါးခြင်းကြောင့်ဟု ဆိုနိုင် သည်။ ကမ္ဘာကြီးတွင် ဘေးအမျိုးမျိုး ရန်အထွေထွေပေါ်ပေါက်လာနေသောအခါ သဘာဝပတ်ဝန်းကျင်ချို့ယွင်းလာပြီး လူသားတို့၏ ကျန်းမာရေးကို ကြီးမားစွာ စိန်ခေါ်လာသည်။ လက်ရှိအနေအထားတွင် ကိုဗစ်-၁၉ ကဲ့သို့ ကပ်ရောဂါမျိုးပေါ်ပေါက်လာသည်။ ကိုဗစ်-၁၉ ရောဂါ ပျောက်ကွယ်လုနီးပါးတွင် နိုင်ငံအချို့၌ မျောက်ကျောက်ရောဂါဟူ၍ ပေါ်လာပြန်သည်။ ဤသို့ကပ်ရောဂါဆိုးများ၊ စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များက တန်းစီပေါ်လာသောအခါ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ရင်ဆိုင်ကြရသည်။

အမှန်ဆိုရလျှင် လူသားအပါအဝင် သက်ရှိသတ္တဝါများသည် ခေတ်အဆက်ဆက်တွင် ကမ္ဘာမြေပေါ်မှ သဘာဝ အရင်းအမြစ်များကို မှီခိုထုတ်ယူသုံးစွဲရင်း မိမိတို့၏ နေ့စဉ်ဘဝများကို ဖြတ်သန်းလာခဲ့ကြသည်။ လူသားတို့က မိမိတို့၏စားဝတ်နေရေးအတွက် လိုအပ် သောမြို့ပြအိမ်ရာများ တည်ဆောက်ခြင်း၊ လယ်ယာစိုက်ပျိုးမြေများ ခုတ်ထွင်ခြင်း၊ ရေရရှိရေးအတွက် ဆည်တာတမံများ တည်ဆောက်ခြင်းတို့ကြောင့် သစ်တောများပြုန်းတီးခဲ့သည်။ သစ်တောများပြုန်းတီးခြင်းကြောင့် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံ မျိုးကွဲများဆုံးရှုံးမှု၊ သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အပူချိန်မြင့်မားလာမှုတို့ ကြုံတွေ့လာကြရသည်။ သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှုများမှာ လူသားတိုင်းကြုံတွေ့နေရခြင်းဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာမြေကို ထိန်းသိမ်းရန် လိုအပ်လာပြီဖြစ်သည်။

ကမ္ဘာမြေကို ပြန်လည်ထိန်းသိမ်းရန်အတွက် ၁၉၇၀ ပြည့်နှစ်တွင် စတင်သတိပြုလာကြပြီး ၁၉၇၂ ခုနှစ်ဇွန်လ ၅ ရက်နေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂကကြီးမှူး၍ လူသားနှင့် ပတ်ဝန်းကျင် ညီလာခံကြီးကို ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့၌ စတင်ကျင်းပခဲ့သည်။ ထိုညီလာခံမှ ရလဒ်အဖြစ် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်(UNEP) စတင်ပေါ်ပေါက်လာခဲ့သည်။ ညီလာခံစတင်ကျင်းပသည့်ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့သည် ပတ်ဝန်းကျင်ကာကွယ်ရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး၊ ဖြေရှင်းနိုင်မည့် နည်းလမ်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးမှုကို မြှင့်တင်ရန်ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။ ယခုအခါ UNEP ပေါ်ပေါက်ခဲ့သည်မှာ နှစ်(၅၀)ပြည့်ပြီဖြစ်သည်။ ထိုနှစ် (၅၀)ပြည့်ကို ကြိုဆိုသောအားဖြင့် ၁၉၇၄ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပထမဦးဆုံးသော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သည့် တစ်ခုတည်းသောကမ္ဘာမြေ (Only one Earth) ဆောင်ပုဒ်ကို ၂၀၂၂ ခုနှစ်အတွက်ပြန်လည်ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထိုဆောင်ပုဒ်၏ အနှစ်သာရမှာ ကျွန်ုပ်တို့သည် ဤကမ္ဘာမြေရေရှည်တည်တံ့စေရန်အတွက် သဘာဝတရားနှင့်အညီ ပြုမူနေထိုင်ရန် လိုအပ်ကြောင်း၊ အဖွဲ့လိုက် တစ်ဦးချင်းအလိုက် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်ပြီး ပိုမိုစိမ်းလန်းသော ကမ္ဘာကြီး ဖြစ်တည် လာရေးအတွက် တတ်စွမ်းသရွေ့ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဤကမ္ဘာမြေပေါ်တွင် ကျွန်ုပ်တို့မှသည် အနာဂတ် မျိုးဆက်သစ် ရေရှည်တည်တံ့စွာ ဆက်လက်နေထိုင်နိုင်ရေးအတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဆောင်ရွက်ချက်များ၊ သဘာဝနှင့် လိုက်လျောညီထွေစွာ နေထိုင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက် များတွင် ကျွန်ုပ်တို့လူသားတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ဖော်ညွှန်းထားသည်ဟုသိရှိရသည်။

ထို့ကြောင့် နိုင်ငံတိုင်းသည် သဘာဝအလျောက် မူလရှိနှင့်နေသော ဂေဟစနစ်များ၏ စွမ်းဆောင်ရည်နှင့် အကျိုးသက်ရောက်မှုများ ကို ထိန်းသိမ်းခြင်းနှင့် မြှင့်တင်ခြင်း (ကြိုးဝိုင်းသစ်တော ဧရိယာသတ်မှတ်ခြင်း)၊ သဘာဝဂေဟစနစ်များကို ရေရှည်တည်တံ့ပြီး ဘက်စုံစွမ်းဆောင်နိုင်သော ဂေဟစနစ်အဖြစ်စီမံဆောင်ရွက်ခြင်း (ကမ်းရိုးတန်းဒေသ ပြန်လည်ထိန်းသိမ်းခြင်း)နှင့် သဘာဝ ဂေဟစနစ်များကို စနစ်တကျပုံစံရေးဆွဲ၍ စီမံဆောင်ရွက်ခြင်း (မြို့ပြပန်းခြံနေရာ စီမံဖန်တီးခြင်း)ဟူသော သဘာဝအခြေပြု ဖြေရှင်းနည်းများဖြင့် လုပ်ဆောင်ကြရန်ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ လူသားတိုင်း အသိတရားဖြင့် ပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။