ငြိမ်းချမ်းပြည်ရွာနိုင်ငံသာ၏

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇွန်  ၆  ရက်)

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီရေတောပေါက်ရောက်မှု သတ္တမအများဆုံးနိုင်ငံဖြစ်ပြီး အာရှတွင် ဒီရေတောပေါက်ရောက်မှု တတိယအများဆုံးဖြစ်သည်။ မြန်မာနိုင်ငံရှိ ဒီရေရောက်သစ်တောများသည် မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှုဧရိယာ၏ ၃ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် အထောက်အကူပြုလျက်ရှိသည်။ မြန်မာလူမျိုးတို့သည် သစ်တောသစ်ပင်ကို ချစ်ခင်မြတ်နိုးကြပြီး  သစ်တောထိန်းသိမ်းရေးကို ရှေးကတည်းကပင် အသိစိတ်ဓာတ် ဖြင့်ထိန်းသိမ်းခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် သစ်ပင်ကိုနှစ်စဉ်စိုက်ပျိုးခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပသော ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable DevelopmentPlan-MSDP) မူဘောင်အတွင်းမှ နိုင်ငံတော် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်စေရေးအတွက် အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့်ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန် ချမှတ်ထားသည့် အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒရည်မှန်းချက်နှင့် အခြေခံမူများကို ထိရောက်အောင်မြင်အောင် ဖော်ဆောင်နိုင်ရန်အတွက် ကဏ္ဍအသီးသီးတွင် ရေတို/ရေရှည်စီမံချက်များဖြင့် ပေါင်းစပ်အကောင်အထည်ဖော် သွားကြရမည် ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးတို့ကို ထိရောက်စွာ အထောက်အပံ့ပေးနိုင်သည်မှာ ကောင်းမွန်သည့် ဂေဟစနစ်များနှင့် သဘာဝပတ်ဝန်းကျင်များ ရေရှည်တည်တံ့ရေးပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် မြောက်ဘက် ဒေသရေခဲတောင်များမှ တောင်ဘက်ကမ်းရိုးတန်းဒေသများအထိ မတူကွဲပြားသည့်ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ သယံဇာတများ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ သဘာဝသယံဇာတများ လျော့နည်းခြင်းမရှိအောင် ထိန်းသိမ်းမှသာ ဘေးထွက် ဆိုးကျိုးများမှ ကင်းဝေးမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အရေးကြီးသည့် သစ်တောဂေဟစနစ်ကိုကြည့်လျှင် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး၏ ၂၀၀၀ ပြည့်နှစ် သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်းအစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှုသည် နှစ်ကာလအလိုက် လျော့ကျလာ ကြောင်းသိရှိရသည်။ သစ်တောပြုန်းတီးရခြင်း၏ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် မြစ်၊ ချောင်း၊ ကန်များညစ်ညမ်းလာပြီး ရေချိုများ ခန်းခြောက်လာခြင်း၊ ကမ်းခြေများနှင့် ပင်လယ်သမုဒ္ဒရာများ ပျက်စီးယိုယွင်းခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်း၊ တောင်ပေါ်ဒေသ မြေဆီလွှာများပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ဆုံးခြင်း စသည့်ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားများ အသက်ရှင်ရပ်တည်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် သစ်တောဂေဟစနစ်နှင့် သယံဇာတထိန်းသိမ်းရေးအတွက် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်း ကို သဘာဝကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ နိုင်ငံ့ဧရိယာ၏ ၂၅ ဒသမ ၈ ရာခိုင်နှုန်းကို သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ်လည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး သဘာဝနယ်မြေများ ဖွဲ့စည်းခြင်းကို နိုင်ငံ့ဧရိယာ၏ ၁၀ ရာခိုင်နှုန်းရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာတွင် ၆ ဒသမ ၄၃ ရာခိုင်နှုန်းကိုလည်းကောင်း ဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

လူသားတို့နေထိုင်သော ပတ်ဝန်းကျင်သာယာရေးမှာ  လူသားတိုင်း၏ တာဝန်သာဖြစ်ပေသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအရ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရမှု လျော့ပါးသက်သာစေရေး၊ လိုက်လျောညီထွေရှိစေရေးအတွက် ဂေဟစနစ်ပြန်လည် ထိန်းသိမ်းရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ “တောတောင်ပျက်ပြုန်း မြေဆီသုဉ်း၏” “ဥတုရာသီ တောကိုမှီ၏” “ပူနွေးကမ္ဘာ တားဆီးရာ၊ ဖြေရှာတစ်ခု တောပြုစု” “သစ်တောတွေထိန်း၊ တောတွေစိမ်းမှ၊ ငြိမ်းချမ်းပြည်ရွာ၊ နိုင်ငံသာ၏” ဆိုသည့် ဆောင်ပုဒ်များနှင့်အညီ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို အလေးထားကာ သစ်တောသစ်ပင်များ၊ သစ်တောဂေဟ စနစ်များ စဉ်ဆက်မပြတ် တည်တံ့ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ရမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။