နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းရေး

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၀ ကို အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဖြင့်ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ ပြိုင်ပွဲတွင် ရွှေတံဆိပ် ကိုးခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု စုစုပေါင်းဆုတံဆိပ် ၆၂ ခုတို့ကို ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၇ ရရှိခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှ ဒေသအတွင်း ဂုဏ်သိက္ခာအမြင့်ဆုံး အားကစားပြိုင်ပွဲဖြစ်ပြီး အာဆီယံနိုင်ငံများ၏ အားကစားအဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲလည်း ဖြစ်သည်။

အားကစားပြိုင်ပွဲများတွင် အနိုင်မခံ၊ အရှုံးမပေးစိတ်ဖြင့် ရိုးရိုးသားသားကြိုးစား ပြိုင်ပွဲဝင်ခဲ့ကြပြီး  နိုင်ငံတော်အတွက် ဆုတံဆိပ်များ ဆွတ်ခူးရယူပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ဂုဏ်ယူရကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်နိုင်မှုဆုတံဆိပ်များ ဆွတ်ခူးရရှိပြီး နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ကာ နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့ကြသူများ ဖြစ်ကြသည့်အတွက် အုပ်ချုပ်သူ၊ နည်းပြများအပါအဝင် နိုင်ငံ့ ဂုဏ်ဆောင်အားကစားမောင်/မယ်များကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုရခြင်း ဖြစ်ကြောင်းဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် မြန်မာအားကစား အဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် အမှာစကား၌ ထည့်သွင်းပြောကြားခဲ့သည်။

အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏  ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြိုးစားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ပြ ယှဉ်ပြိုင်မှုများ ဖြစ်သည်။ နိုင်ငံကိုယ်စားပြု အားကစားသမားတစ်ဦး ဖြစ်လာရန်မှာ လွယ်ကူသောကိစ္စရပ် မဟုတ်ပေ။ မိမိကျွမ်းကျင်သည့် အားကစားကို ထူးချွန်စွာ တတ်မြောက်ရမည့်အပြင် ယုံကြည်ချက်၊ ခံယူချက် လည်းရှိထားရမည်ဖြစ်သည်။ ယုံကြည်ချက်ဆိုသည်မှာ မိမိတတ်ကျွမ်းသည့်ဘာသာရပ်၊ မိမိအရည်အချင်းအပေါ် ယုံကြည်မှုရှိရမည်။ ခံယူချက်ဆိုသည်မှာ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားတို့အတွက် ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားယှဉ်ပြိုင်မည်ဟူသော စိတ်ဓာတ်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အားကစားကို အပြည့်အဝ အားပေးလျက်ရှိသည်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲမဝင်မီကပင် ရရှိသည့်ဆုတံဆိပ်များအလိုက် ချီးမြှင့်ငွေနှုန်းထားကို ကြေညာခဲ့သည်။ ဆုရရှိသူများ၊ နည်းပြများ၊ အုပ်ချုပ်သူများအားလုံးကို ကြေညာထားသည့်အတိုင်း ပေးအပ်ချီးမြှင့် ခဲ့သည်မှာ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၃၂၇၀ ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါချီးမြှင့်ငွေများမှာ အားကစားနှင့် သက်ဆိုင်သူများအတွက် သင့်တော်သည့် လူမှုဘဝတိုးတက်မှုကို အထောက်အကူပြုစေမည် ဖြစ်ပါသည်။ အားကစားသမားများမှာ နိုင်ငံ့ဂုဏ်ဆောင်ရန်အားသွန်ခွန်စိုက် ကြိုးစားသကဲ့သို့ နိုင်ငံတော် ကလည်း လိုအပ်သည့်ပံ့ပိုးမှုများ လုပ်ဆောင်ပေးခြင်း ဖြစ်သည်။

နိုင်ငံတော်၏ ချီးမြှင့်ထောက်ပံ့ပေးမှုများမှာ အတိုင်းထက်အလွန်ကောင်းလှသည်ဟု ပင်ဆိုရမည် ဖြစ်သည်။ ပြိုင်ပွဲမသွားရောက်မီ အောင်နိုင်ရေးအလံအပ်နှင်းသည့် အခမ်းအနားတွင် အားကစားသမား တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းနှင့်ဒေါ်လာ ၂၀၀ နှုန်း၊ နည်းပြတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့်ဒေါ်လာ ၁၀၀ နှုန်းစီချီးမြှင့်ခဲ့သည်။ ထို့ပြင် ထပ်ဆောင်းချီးမြှင့်မှုအဖြစ် အားကစားပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း တစ်ဦးချင်း ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိ ခဲ့ကြသူများကို ဒေါ်လာ ၃၀၀၀၊ ငွေတံဆိပ်ရရှိခဲ့ကြသူများကို ဒေါ်လာ၂၀၀၀၊ ကြေးတံဆိပ် ရရှိခဲ့ကြသူများကို ဒေါ်လာ ၁၀၀၀၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသူများကို အားကစားသမား တစ်ဦးလျှင် ဒေါ်လာ ၁၀၀၀၊ ငွေတံဆိပ်ရရှိခဲ့ကြသူများကို အားကစားသမားတစ်ဦးလျှင် ဒေါ်လာ ၇၅၀၊ ကြေးတံဆိပ် ရရှိခဲ့ကြသူများကို အားကစားသမား တစ်ဦးလျှင် ဒေါ်လာ ၅၀၀ နှင့်အကြို ဗိုလ်လုပွဲကို တက်ရောက်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းကို ဒေါ်လာတစ်သိန်း ချီးမြှင့်ပေးခဲ့သည်မှာ လွန်စွာဝမ်းသာကြည်နူးဖွယ် ကောင်းလှသည့် နိုင်ငံတော် အစိုးရ၏ အားပေးချီးမြှင့်မှု ဖြစ်သည်။

အားကစားအောင်မြင်မှုသည် နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးခြင်း ဖြစ်သည်။ နိုင်ငံ့ဂုဏ်သိက္ခာ မြှင့်တင်ပေးသူများကို နိုင်ငံတော်ကလည်း ပြန်လည်ဂုဏ်ပြုခဲ့သည်။ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှဆုရ အားကစားသမားများအား နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့် နေသည်များကို နိုင်ငံပိုင်မီဒီယာများတွင် တွေ့မြင်ကြပြီး ဖြစ်သည်။ အဆိုပါ မြင်ကွင်းမှာ လူငယ်မောင်မယ်တို့အတွက် အားကျ အတုယူဖွယ်ဖြစ်သည်။ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာအောင် လူငယ်မောင်မယ်တိုင်းက ကြိုးစားသင့်သည်။ ဇွဲ၊ လုံ့လ၊ အားမာန်စိတ်ဓာတ်တို့ဖြင့် ရည်မှန်းချက်ကြီးမားစွာ ထားရှိကြိုးစားမည်ဆိုပါက မအောင်မြင်နိုင်စရာရှိမည်မဟုတ်ပါ။ မိမိတို့ဝါသနာထက်သန်ရာအားကစားတစ်ခုခုကို စွဲစွဲမြဲမြဲလေ့ကျင့် ကြိုးစားကြမည်ဆိုပါက တစ်နေ့တွင် နိုင်ငံတော်၏ဂုဏ်ကို ဆောင်နိုင်သော အားကစားသမားတစ်ဦး ဖြစ်လာနိုင်ပေမည်။ ထို့ကြောင့် လူငယ်မောင်မယ်တိုင်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်အောင်ကြိုးစားကြပါရန်တိုက်တွန်း ရေးသားလိုက်ရပေသည်။   ။