အမျိုးသားရေးတာဝန်တစ်ရပ်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇွန် ၂၆ ရက်)

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများကို အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသအပြင်ဘက်နိုင်ငံများ၊ဘင်းစတက်အဖွဲ့ဝင်နိုင်ငံများ၊ မဟာမဲခေါင် ဒေသခွဲ နိုင်ငံများနှင့် ပူးပေါင်း၍ နိုင်ငံတကာမျက်နှာစာ၌ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးချိန်မှ ယနေ့တိုင် မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သန္နိဋ္ဌာန် ချမှတ်ဆောင်ရွက် လျက်ရှိသည်။

မြန်မာနိုင်ငံတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး ပင်လယ်ရေကြောင်း အပါအဝင် မူးယစ်ဆေးဝါး ပြဿနာများပြားသည့် ဒေသများ၌ အထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိ သည်။ နှစ်စဉ်နှစ်တိုင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းအများအပြား ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသည်။ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ဘိန်းစိုက်ပျိုးမှု သိသိသာသာ လျော့နည်းကျဆင်းလျက်ရှိသည်ကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှထုတ်ပြန်နေသည့် ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာအရသိရှိရသည်။

“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းသည်” ဆိုသည့်ဆောင်ပုဒ်အတိုင်း မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ထိရောက်အောင်ဆောင်ရွက်နိုင်မှ အနာဂတ်လူငယ်များ၏ ဘဝကောင်းမွန်လာမည်ဖြစ်သည်။ လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါး သုံးစွဲမှုကင်းဝေးစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စသည်ဖြင့် ဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် စာပေအနုပညာရှင်များကလည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရုပ်မြင် သံကြားဇာတ်လမ်းများ၊ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများထုတ်လွှင့်ရေးသားပညာပေးခြင်း၊ ဟောပြောပို့ချ ဆွေးနွေးခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံ လုပ်ဆောင်လျက်ရှိသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများသည် အလုပ်လုပ်နိုင်သူ လူငယ်လူရွယ်များဖြစ်သဖြင့် နိုင်ငံ၏ကုန်ထုတ် စွမ်းအားကို လျော့ကျစေ လျက်ရှိသည်။ အထူးသဖြင့် အကြမ်းဖက်အဖျက်သမားများသည် လူငယ်လူရွယ်တို့ကို ငွေကြေး၊  မူးယစ်ဆေးဝါးတို့ဖြင့် စည်းရုံးသိမ်း သွင်းကာ   လူငယ်တို့ဘဝပျက်စီးရေး လုပ်ဆောင်နေသည်။ 

မူးယစ်ဆေးစွဲ ရောဂါဆိုသည်မှာ ကုသပျောက်ကင်းနိုင်သည့် ရောဂါဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရမှ မူးယစ်ဆေးစွဲခြင်းကို ကုသပေးလျက်ရှိသည်။ ဆေးဖြတ်ပြီးသူများကို  လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။

မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများသည် လူသားများ၏ ဘဝရှင်သန်ရပ်တည်ရေးကို မျက်ကွယ်ပြုပြီး မိမိကိုယ်ကျိုးကိုသာ ကြည့်သည့် ဝိသမလောဘသားများ ဖြစ်သောကြောင့် လူသားမျိုးနွယ်စု တစ်ခုလုံး၏ ရန်သူများဖြစ်သည်။ မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင်ဖြစ်ပါစေ လူသားများ၏ အကျိုးကိုရှေးရှု၍ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းဖြင့်  လူသားမျိုးနွယ်စု တစ်ခုလုံး၏ အကျိုးကို စောင့်ရှောက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် အထူးအလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်အတွင်း  မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုမှာ လွန်စွာများပြားလှသည်။ ဇွန်လ ၂၆ ရက်နေ့သည်  အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ကျင်းပလျက်ရှိရာ ၂၀၂၂  ခုနှစ် တွင်(၃၅)ကြိမ် မြောက်ရှိပြီဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့တွင် ကျင်းပလျက်ရှိသည်။ ထိုအခမ်းအနားသို့  နိုင်ငံတကာသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ဖိတ်ကြားတက်ရောက်စေလျက်ရှိသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု၊ တရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ရောင်းဝယ်မှုများကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးတို့ကို ထိခိုက်ပျက်စီးစေသည်။ နိုင်ငံအတွင်း အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ အကျင့်ပျက်ခြစားမှုတို့ ဖြစ်ပေါ်စေသည်။ မူးယစ်ဆေးဝါးမှရရှိလာ သောငွေကြေးများကြောင့် နိုင်ငံ၏တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေလျက်ရှိသည်။ မူးယစ် ဆေးဝါးရောင်းဝယ်မှုနှင့် ပတ်သက်၍ လေးလေးနက်နက်တွေးခေါ်စဉ်းစားကြည့်ပါက လူတစ်စု၊ တစ်ဖွဲ့ကောင်းစားဖို့အတွက် လူအများစု၏ ဘဝများ အဖျက်ဆီးခံနေရခြင်း ဖြစ်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးလုံးဝပပျောက်ရေးကို ပြည်သူတစ်ရပ်လုံးက အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အပြည့်အဝ ပါဝင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။