အောင်မြင်သူတို့၏ အနာဂတ်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇွန် ၂၇ ရက်)

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၁၇ ရက်တွင် စတင်ထုတ်ပြန်ကြေညာပေးခဲ့သည်။ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကြေညာပြီးသည်နှင့်တစ်ပြိုင်နက် အောင်မြင်သူတို့၏ အနာဂတ်အတွက် ကြော်ငြာခေါ်ယူခြင်းများကို နေ့စဉ် ထုတ်သတင်းစာများတွင် ဖော်ပြထားသည်။ တပ်မတော်တွင် အမှုထမ်းလိုပါက စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်တို့တွင် ဗိုလ်လောင်းများအဖြစ် ခေါ်ယူလျက်ရှိသည်။ ယခုနှစ်တွင် တစ်မူထူးခြားသည်မှာ တပ်မတော် ဆေးတက္ကသိုလ် အမျိုးသမီး ဗိုလ်လောင်းခေါ်ယူခြင်း ဖြစ်သည်။

အဆိုပါ  ဗိုလ်လောင်းခေါ်ယူခြင်း ကြော်ငြာများတွင်  သတ်မှတ်ချက်များကို ဖော်ပြထားသည်။  ထိုသတ်မှတ်ချက်များနှင့် ကိုက်ညီသူ များ လျှောက်ထားနိုင်ပြီး  လျှောက်လွှာများကို နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် ဇွန် ၂၂ ရက်မှစ၍ အခမဲ့ရယူနိုင်ကြောင်း၊ လျှောက်လွှာများကို သြဂုတ် ၅ ရက် နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူခဲ့သော တိုင်းစစ်ဌာနချုပ်များသို့ ပြန်လည်ပေးပို့ရန် ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ဗိုလ်လောင်းသင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲဖြေဆိုရမည့် ဘာသာနှင့် နေ့ရက်တို့ကို လည်း ဖော်ပြထားပြီးဖြစ်သည်။ ဗိုလ်လောင်းဖြေဆိုမည့်သူ ကျောင်းသား၊ ကျောင်းသူအားလုံးမှာ မျက်မှန်တပ်ဆင်ထားသူများ မဖြစ်စေရဟူ၍ သတ်မှတ်ပေးထားသည်။

ရည်မှန်းချက် ကြီးမားစွာထားရှိပြီး အမြဲကြိုးစားနေသူများအတွက် ကြိုးစားမှုနှင့် ထိုက်တန်သော အောင်မြင်မှုရရှိမည်မှာ အမှန်ဖြစ် သည်။ အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုကို နားယောင်ခြင်းမရှိဘဲ စာသင်ခန်းသို့ဝင်ရောက်ကာ ပညာကို ကြိုးစားသင်ယူမှုကပင် မှန်ကန်သောလုပ်ဆောင်ချက်ဖြစ်သည်။ လမ်းမှားသို့မလျှောက်မိဘဲ လမ်းကြောင်းမှန်တွင် ကြိုးကြိုးစား စားပညာသင်ယူကြသောအခါ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို အောင်မြင်စွာကျော်ဖြတ်ပြီး တက္ကသိုလ်သို့ ရောက်ရှိကြတော့မည် ဖြစ်သည်။ မိဘတို့၏ ဆုံးမစကားကိုနာခံခြင်း၊ ဆရာ၊ ဆရာမတို့၏ သွန်သင်ပြသမှုကို ဂရုစိုက်သင်ယူခြင်းတို့ကြောင့်  တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်ခဲ့ကြပြီဖြစ်သည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုသူပေါင်း ၂၈၁၇၅၁ ဦးရှိပြီး စာမေးပွဲအောင်မြင်သူပေါင်းမှာ ၁၃၂၀၇၇ ဦးရှိပါ သည်။ မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၆ ဒသမ ၈၈ ဖြစ်ပေရာ ယခင်နှစ်များထက် အောင်ချက်နှုန်းကောင်းလှသည်။ မန္တလေးတိုင်းဒေသကြီးတွင် အောင်ချက်ရာခိုင်နှုန်း ၄၉ ဒသမ ၉၂ ရာခိုင်နှုန်းရှိပေရာ ၅၀ ရာခိုင်နှုန်းဟုပင် ဆိုနိုင်သည်။ ပို၍ထူးခြားသည်မှာ မန္တလေးမြို့ အမှတ်(၁၆)အထက်တန်းကျောင်းမှ မအိမ့်မှူးခင်သည် ရမှတ်ပေါင်း ၅၅၈ မှတ်ဖြင့် သိပ္ပံဘာသာတွဲမှာ ပထမရရှိခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ပထမရရှိအောင်ကြိုးစားသူများမှာ ထူးချွန်ထက်မြက် သူများ ဖြစ်ပါသည်။

ဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံး ပထမရရှိသူမှာ ကျွန်းလှမြို့နယ် သစ်ရာမြိုင် အထက်တန်းကျောင်းမှ ရမှတ်ပေါင်းမှာ ၅၃၄ မှတ်ရရှိသူ မငြိမ်းမို့မို့ထွန်း ဖြစ်သည်။ ဝိပ္ပံဘာသာတွဲအမှတ်အများဆုံး ပထမရရှိသူမှာ ဘီးလင်းမြို့နယ် တောင်စွန်း အထက်တန်း ကျောင်းမှ ၅၂၂ မှတ်ရရှိသူ မောင်ဆန်းဝင်းနောင်ဖြစ်သည်။ စာမေးပွဲတွင်ထူးချွန်စွာ ဂုဏ်ထူးများဖြင့် အောင်မြင်သူများမှာ သူများ ထက် ပိုမိုကြိုးစားမှုရှိခြင်း၊ အချိန်ကိုတန်ဖိုးထားခြင်း၊ အချိန်ကိုအကျိုးရှိစွာအသုံးချခြင်း၊ ကျန်းမာရေးကိုဂရုစိုက်ခြင်း၊ ကျောင်းမှန်မှန် တက်ခြင်းနှင့် မိဘဆရာသမားတို့ကို ပိုမိုတန်ဖိုးထားခြင်းတို့ကြောင့်သာ ထူးချွန်စွာ အောင်မြင်လာခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများမှာ အသက် ၁၆ နှစ်မှ ၁၇ နှစ်ဆယ်ကျော်သက် အရွယ်သာ ဖြစ်သည်။ ဆယ်ကျော်သက်ဆိုသည်မှာ ကလေးမဟုတ်တော့သလို လူကြီးလည်း ပီပီသသမဟုတ်ကြသေးသည့် အရွယ်သာဖြစ် သည်။ သို့သော် သူတို့သည် မိမိတို့ထမ်းဆောင်ရမည့်တာဝန်ကို မိမိတို့အသိဖြင့် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်။ ဆိုလိုသည်မှာ ကျောင်းသား၊ ကျောင်းသူဆိုသည်မှာ စာသင်ခန်းတွင်သာ ရှိနေရမည်။ စာပေပညာကို ထူးချွန်စွာသင်ယူကြရမည်။ ဤသည်မှာ ကျောင်းသား၊ ကျောင်းသူတို့၏ တာဝန်ဖြစ်သည်။

အခြေခံပညာမှသည် အဆင့်မြင့်ပညာရပ်များကိုလည်း ထူးထူးချွန်ချွန်ဖြစ်အောင် ကြိုးစားကြရပေဦးမည်။ တစ်ဦးချင်း ပညာရည် မြင့်မားအောင် ကြိုးစားဆောင်ရွက်ခြင်းသည် အနာဂတ်နိုင်ငံတော်အတွက် ကောင်းကျိုးပြုခြင်းဖြစ်သည်။ ပညာတတ်များ ပေါကြွယ် ဝမှ နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်ပေလိမ့်မည်။လူငယ်များသည် နိုင်ငံ၏ အနာဂတ်ကို ပိုင်ဆိုင်သူများဖြစ်ကြသည်။ အနာဂတ်တွင် ပေးအပ်လာမည့် တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်သည်။ သို့မှသာ လက်ဆင့်ကမ်း တာဝန်ကျေပွန်သူများအဖြစ် ဂုဏ်ယူဖွယ် ကောင်းပေလိမ့်မည်။ ယခုအခါ တပ်မတော်ဆိုင်ရာ တက္ကသိုလ်များမှ ဗိုလ်လောင်းများခေါ်ယူလျက်ရှိရာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အောင်မြင်သော အနာဂတ်ကို ပိုင်ဆိုင်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။