စိုက်ပျိုးမွေးမြူရေးဦးစားပေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇွန် ၂၈ ရက်)

လူသားတစ်ဦး အသက်ရှင်သန်ရန်အတွက် အစားအသောက်များကို နေ့စဉ်စားသောက်နေကြရသည်။ အစာအာဟာရပြည့်ဝမှသာ မိမိတို့ ဘဝရပ်တည်ရေး အလုပ်တစ်ခုခုကို လုပ်ဆောင်နိုင်ကြခြင်းဖြစ်သည်။ အစားအစာသည် လူတိုင်းအတွက် အရေးကြီးလှသည်။ မသုံးမဖြစ်သော လူသုံးကုန်ပစ္စည်းဟုလည်း ဆိုနိုင်သည်။ အစားအစာအတွက် စိုက်ပျိုးကြရသည်။ မွေးမြူကြရသည်။ ထိုစိုက်ပျိုး မွေးမြူရေးထွက်ကုန်ကို လူသားတိုင်း မဖြစ်မနေ စားသုံးနေကြရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်ဆောင်ရွက်နေသောနိုင်ငံဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ပေရာ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းသည် အခြားလုပ်ငန်းများထက် ကုန်ကျစရိတ်သက်သာလှသည်။ အခြားလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံငွေ၊ လျှပ်စစ်ဓာတ်အားနှင့် လူသားအရင်းအမြစ်များ အပါအဝင် အခြားအရင်းအမြစ်များ လိုအပ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကို အားသွန်ခွန်စိုက် လုပ်ဆောင်ကြမည်ဆိုလျှင် ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်ပြီး ပြည်ပသို့ပိုမို တင်ပို့ရောင်းချနိုင်ပေမည်။

မြန်မာနိုင်ငံတွင် စိုက်ဧကပေါင်း ၃၃ သန်းခန့်ရှိပြီး သီးထပ်စိုက်ဧက ၁၁ ဒသမ ၇ သန်း၊ သီးညှပ်စိုက်ဧက ၃၄ သန်းကျော်ရှိသဖြင့် စုစုပေါင်းစိုက်ဧက ၄၈ သန်းကျော်ရှိကြောင်း သိရသည်။ စိုက်ဧကများအားလုံးတွင် သီးထပ်စိုက်ပျိုးမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးတက်လာမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက်လာမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အကျိုးရှိရှိဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ထုတ်လုပ်၍  ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအားဖြင့် မျိုးစေ့ကောင်းခြင်း၊ မြေသြဇာကောင်းခြင်း၊ ရေရရှိရန်လွယ်ကူခြင်းနှင့် ခေတ်မီနည်း ပညာရှိခြင်းတို့သည် အဓိကကျသော အချက်များဖြစ်သည်။ မျိုးကောင်းမျိုးသန့်များရရှိရေးအတွက် ရေဆင်းစိုက်ပျိုးရေး သုတေသန ဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သုတေသနလုပ်ငန်းဆိုသည်မှာ စဉ်ဆက်မပြတ်လုပ်ဆောင်နေရမည့် လုပ်ငန်းဖြစ် သည့်အတွက် ခေတ်နှင့်အညီ ပိုမိုကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ရရှိရေးကို ကြိုးပမ်းနေရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မွေးမြူရေးနှင့်ပတ်သက်၍ နွားအကောင်ရေ ၁၀ သန်းကျော်ခန့်ရှိသည်။ ထို့အတူ အခြားသောကျွဲ၊ ဝက်၊ ကြက်များ လည်း အရေအတွက်များပြားစွာရှိသည်။ မွေးမြူရေးနှင့်စိုက်ပျိုးရေးသည် အပြန်အလှန်အကျိုးပြုနိုင်သည်။ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများမှ စိုက်ပျိုးရေးအတွက်လိုအပ်သည့် ဇီဝမြေသြဇာရရှိရေး ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာရှင်များလည်း များစွာလိုအပ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် သင်တန်းကျောင်းများနှင့် တက္ကသိုလ်များ တိုးချဲ့ဖွင့် လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ခေတ်မီစိုက်နည်းစနစ်များ ပြောင်းလဲအသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရပေမည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၁၆ ရက်တွင် ကျင်းပ ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး(၅^၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြားရာ၌ “စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လာမည့် ၂ နှစ် ၃နှစ် အတွင်း တိုးတက်ကောင်းမွန်လာမည်ဆိုပါက လာမည့် ၅ နှစ်တာကာလခန့်အတွင်း မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် ဓာတ်မြေသြဇာများ လုံလောက်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်မီးသွေးအသုံးပြု၍ ဓာတ်မြေသြဇာ ထုတ်လုပ်ပြီးယင်းမှ စွန့်ပစ်အပူဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သဖြင့် ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝဓာတ်မြေသြဇာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံအတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရ၏ စီးပွားရေးနှင့်ပတ်သက်၍ ဦးတည်ချက်တွင် “စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက် အောင်တည်ဆောက်ရေး” ဟူ၍ချမှတ်ထားသည်။ ဇွန် ၁၁ ရက်မှ ၁၇ ရက်အတွင်း ကချင်ပြည်နယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော၊ ပဲတီစိမ်း၊ ပဲယဉ်း၊ နှမ်းနက်၊ ကြံ၊ ဆန်၊ မြေထောက်ပဲ၊ ဆန်ကွဲ၊ ကြိမ်နှင့် မန်ကျည်းမှည့်များ ဒေါ်လာ လေးသန်းကျော်ဖိုးကို တစ်ပတ်အတွင်း တင်ပို့နိုင်ခဲ့သည်။ အလားတူ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ရေချိုထွက်ကုန် တင်ပို့မှု ဈေးကွက်ရရှိထားပြီး ရေချိုငါးမွေးမြူရေးကဏ္ဍ အောင်မြင်မှုရှိကြောင်း သတင်းများ ခိုင်ခိုင်မာမာကြားသိနေရသည်မှာ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၏ အောင်မြင်မှုအသီးအပွင့် တချို့ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။