လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင်၂ ရက်)

သမဝါယမ၏ အဓိပ္ပာယ်ကို မြန်မာအဘိဓာန်တွင် အများစုပေါင်း၍ကုန်ထုတ်၊ ကုန်ရောင်းလုပ်ကိုင်ကာ တရားသဖြင့်ရသည့် အကျိုး အမြတ်ကို မျှတစွာခံစားသည့် လုပ်ငန်းဟူ၍ ဖွင့်ဆိုထားပါသည်။ ကမ္ဘာတွင် သမဝါယမလုပ်ငန်းများ ပေါ်ပေါက်ခဲ့သည်မှာ နှစ်တစ်ရာ ပြည့်ပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီလက်အောက်ခံဘဝတွင် နေရစဉ် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့တွင် “မြင်းမူငွေစုငွေ ချေးသမဝါယမ အသင်း” ကို ၁၉၀၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် အသင်းသား ၉၀ ဦးနှင့် ပထမဦးဆုံးစတင်ဖွဲ့စည်း ခဲ့သည်။

ထိုအချိန်က ၁၉၀၄ ခုနှစ် ငွေစုငွေချေးသမဝါယမ အသင်းများဆိုင်ရာဥပဒေ၏ ရည်ရွယ်ချက်မှာ လယ်ယာစိုက်ပျိုးသူများ၊ လက်မှု ပညာသည်များ၊ ငွေအရင်းအနှီးချို့တဲ့သူများ ချွေတာစုဆောင်းတတ်သည့် အလေ့အထ၊ ကိုယ်ထူးကိုယ်ချွန်လုပ်ကိုင်လိုစိတ်ဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်ဖြစ်သည်။ သမဝါယမ၏ မူလရည်ရွယ်ချက်မှာ လွန်စွာကောင်းမွန်လှသော်လည်း လိုက်နာကျင့်သုံးမှုတွင် အားနည်းမှုများရှိခဲ့သည်။ ကိုယ်ထူးကိုယ်ချွန် လုပ်ကိုင်လိုစိတ်၊ ပူးပေါင်း ဆောင်ရွက်လိုသည့် စိတ်များလျော့ပါးကာ အစိုးရမှစိုက်ပျိုးစရိတ်ချေးငွေ၊ အတိုးနှုန်းသက်သက်သာသာနှင့်ရမည့် ဘဏ်ချေးငွေများ ချေးယူသုံးစွဲရန်သာ အဓိကထား လုပ်ဆောင်ခဲ့ကြသည်။

၁၉၀၄ ခုနှစ် ငွေစုငွေချေးသမဝါယမအသင်းများဆိုင်ရာဥပဒေကိုဖျက်သိမ်းပြီး ၁၉၁၂ ခုနှစ် သမဝါယမအသင်းများဆိုင်ရာ အက်ဥပဒေ ကိုပြဋ္ဌာန်းခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကျေးလက်ငွေစုငွေချေး သမဝါယမအသင်း ၄၀၉၇ သင်းနှင့်အခြားအသင်း ၁၄၆၆ သင်း စုစုပေါင်း ၅၅၆၃ သင်း၊ အသင်းသားဦးရေစုစုပေါင်း ၁၅၆၀၈၃ ဦးအထိရှိခဲ့သည်။ ထိုအချိန်က သမဝါယမအသင်းများမှာ နယ်ချဲ့ ကိုလိုနီအစိုးရက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သမဝါယမ၏ အခြေခံသဘောတရားကို သိရှိသူနည်းပါးသည်။ ၁၉၂၅ ခုနှစ်မှ ၁၉၃၅ ခုနှစ် အတွင်းဖွဲ့စည်းခဲ့သော သမဝါယမအသင်းပေါင်း ၅၅၆၃ သင်းမှာ သုံးပုံတစ်ပုံခန့်သာကျန်ရှိခဲ့သည်။

၁၉၂၇ ခုနှစ်တွင် သမဝါယမအက်ဥပဒေကို အသစ်ထုတ်ပြန်ပြဋ္ဌာန်း ပြန်ပါသည်။ ဥပဒေဟောင်းအရ စာရင်းရှင်းလင်း ဖျက်သိမ်း သည့်အခါ အကြွေးရှိသော အသင်းသားမှန်သမျှ လယ်ယာမြေများ၊ ကျွဲနွားများနှင့် နောက်ဆုံးတွင် အိမ်ခြံများပါမကျန် ဝရမ်းထုတ် ဖမ်းဆီးကာလေလံတင်ခဲ့သည်။ သမဝါယမချေးငွေနှင့် အစိုးရဘဏ်ချေးငွေများ ဆုံးရှုံးခဲ့သည့်အတွက် အစိုးရက ကြေးတိုင်နှင့် မြေစာရင်း မင်းကြီးဦးတင်ကြီးကို သမဝါယမ မင်းကြီးအဖြစ်ခန့်အပ်ကာ ၁၉၃၅ ခုနှစ် သမဝါယမအသင်းများ ပြန်လည်ပြုပြင်ရေး စီမံကိန်းကို ရေးဆွဲစေခဲ့သည်။ ဦးတင်ကြီး၏ စီမံကိန်းအရ သမဝါယမအသင်းပေါင်း ၁၄၆၀ ကိုပြုပြင်ဖွဲ့စည်းခဲ့ပြီး သမဝါယမ လုပ်ငန်းများကို ပြန်လည်လည်ပတ်စေခဲ့သည်။

ဂျပန်ခေတ်တွင် ဒေါက်တာဘမော်၏ အဓိပတိ အစိုးရဖွဲ့စည်းပြီးသည့်အခါ သမဝါယမဌာနကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။  ၁၉၄၅ ခုနှစ် အင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာသည့်အခါ အစိုးရရိက္ခာ ဖြန့်ဖြူးရေးဌာနဖွင့်လှစ်ပြီး ပြည်သူလူထုကို ကုန်ပစ္စည်းများ ရောင်းချ ပေးခဲ့သည်။  လက်လီလက်ကား ကိုယ်စားလှယ်များက မှောင်ခိုဈေးကွက်သို့ အမြတ်ထုတ်ရောင်းချခဲ့သည့်အတွက် မှောင်ခိုဈေးကွက် ပေါ်လာခဲ့သည်။  ၁၉၄၇ ခုနှစ် ဇွန်လတွင် ဗိုလ်ချုပ်အောင်ဆန်းက ဆိုရန်တိုဗီလာ အဆောက်အအုံတွင် နိုင်ငံ့စီးပွားရေး ပြန်လည် ထူထောင်ရန် စီးပွားရေး နှစ်နှစ်စီမံကိန်း ရေးဆွဲခဲ့သည်။ လွတ်လပ်ရေးရပြီးသောအခါ၌လည်း ၁၉၅၁ ခုနှစ် ဧပြီ ၁ ရက်တွင် သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး ဝန်ကြီးဌာနအသစ်ဖွင့်ကာ သမဝါယမလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

၁၉၇၀ ပြည့်နှစ်တွင် သမဝါယမအသင်း ဥပဒေကိုပြဋ္ဌာန်းပြီး လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမအသင်းများ၊ မြို့မစားသုံးသူ သမဝါယမ အသင်းများ၊ ရက်ကန်းသမဝါယမအသင်းများ၊ ငါးဖမ်းသမဝါယမအသင်းများ၊ ငွေစုငွေချေးသမဝါယမ အသင်းအစရှိ သည်ဖြင့် ကဏ္ဍစုံတွင် သမဝါယမအသင်းများ ဖွဲ့စည်းပေးခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကာလတွင် သမဝါယမအသင်းများ များစွာအောင်မြင်မှုရှိခဲ့သည်။ သို့သော်ခေတ်မီနည်းပညာမရှိမှု၊ မှောင်ခိုဈေးကွက်ကြီးထွားလာမှုများကြောင့် သမဝါယမအသင်းများ ၏အောင်မြင်မှု အရှိန်အဟုန်ကျဆင်းခဲ့ရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အထူးသဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကိုဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ စဉ်ဆက်မပြတ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအောင်မြင်စေရန်၊ မြို့ပြနှင့် ကျေးလက်အကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန်၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်သမဝါယမကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများ၊ ကျေးလက် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စားစက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အစွမ်းကုန်ဆောင်ရွက်လျက်ရှိပါသည်။ အနှစ်ချုပ်ဆိုရသော် နှစ်ပေါင်းသက်တမ်းတစ်ရာပြည့် ပြီဖြစ်သော  သမဝါယမလုပ်ငန်းများ အောင်မြင်၍  ဆင်းရဲမှုများ လျော့နည်းပပျောက်ပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။