မူးယစ်ကင်းစင်ရေး ပြည်သူများပါဝင်ပေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင်ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိခဲ့သည်။  တစ်နှစ်အတွင်းဖမ်းဆီးရမိခဲ့သမျှ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများကို နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်ဆီးလျက်ရှိသည်။

၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိခဲ့သောမူးယစ်ဆေးဝါးများနှင့်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားများကို မန္တလေး၊ ရန်ကုန်၊ တောင်ကြီး သုံးနေရာ၌ ဇွန် ၂၆ ရက်ကကျင်းပခဲ့သည်။ ဘိန်း ၂၆၅၄ ဒသမ ၈၉ ကီလိုကျော်၊ ဘိန်းဖြူ ၁၉၄၀ ကီလိုကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁၂ သန်းကျော်၊ အိုက်စ် ၂၃၆၅၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၂၀၅ ကီလိုကျော်၊ ဆေးခြောက် ၇၀၉ ကီလိုကျော်၊ ကက်တမင်း ၂၀၂၄ ကီလိုကျော်နှင့် ကဖင်း ၁၂ တန်ကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း ၇၉ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၁၁၈၈ ဒသမ ၈၂ ဘီလီယံကျော်( အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၆၀ သန်းကျော်) တို့ကိုဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂမူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ် ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသော နိုင်ငံဖြစ်သည်။ နိုင်ငံတကာမူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့၊ ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့်မှုခင်းဆိုင်ရာရုံး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတို့နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ အဖွဲ့ဝင်နိုင်ငံများအတွင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အာဆီယံဝန်ကြီး အဆင့်အစည်းအဝေး၊ အာဆီယံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ အာဆီယံလေကြောင်း ကြားဖြတ်စစ်ဆေးရေး အထူးအဖွဲ့အစည်းအဝေး၊ အာဆီယံပင်လယ်ဆိပ်ကမ်း ကြားဖြတ်စစ်ဆေးရေး အထူးအဖွဲ့အစည်းအဝေး၊ အာဆီယံမူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှု ကွန်ရက်အစည်းအဝေးများတွင် ပါဝင်တက်ရောက်၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အာဆီယံအဖွဲ့မှချမှတ်ထားသော ဘေးကင်းလုံခြုံသော လူမှုအဖွဲ့ဖြစ်စေရေး မူးယစ်ဆေးဝါးဆန့်ကျင်ရေး အာဆီယံ လုပ်ငန်း စီမံချက်(၂၀၁၆-၂၀၂၅)၊ ရွှေတြိဂံဒေသအတွင်း တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများအား တိုက် ဖျက်ရေး အာဆီယံပူးပေါင်းဆောင်ရွက်ရေးစီမံချက် (၂၀၁၉-၂၀၂၂)များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါး ပြဿနာကို ခံစားနေရသောနိုင်ငံများ၏ အကူအညီများဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို ဆောင်ရွက်ရန်အတွက် မဲခေါင် သဘောတူညီချက်အား ပါဝင်လက်မှတ်ရေးထိုးကာ မဲခေါင်ဒေသခွဲခြောက်နိုင်ငံအတွင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများ အား ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မူးယစ်ဆေးဝါးသည် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်နေသည့်အတွက် နိုင်ငံအားလုံးသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချိတ်ဆက်ကာ မူးယစ် ဆေးဝါးထိန်းချုပ်ရေး၊ ပပျောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြရသည်။ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ် ရေးဆိုင်ရာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ ၂၄ ခုအားလက်မှတ်ရေးထိုးကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များအား သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲမှုကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းတိုက်ဖျက်နေလျက်ကပင် နှစ်စဉ်တိုးပွားလာမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ရင်ဆိုင်နေကြရသည်။ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်း၊ သိုလှောင် ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်းနှင့်ဆက်စပ်ပေါ် ပေါက်လာသောမူးယစ်ဆေးဝါးအန္တရာယ်သည် ကမ္ဘာ့လူသားအားလုံးအပေါ်သို့ ကျရောက် လျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံတိုင်းတွင်တားဆီး ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြရသည်။ မြန်မာနိုင်ငံတွင် ဘိန်း၊ ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြားတို့ကို ခေတ်အဆက်ဆက် နိုင်ငံတော်မှပြင်းပြင်း ထန်ထန်တားဆီး နှိမ်နင်း ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

မူးယစ်ဆေးဝါး ပြဿနာရှိနေခြင်းသည် တရားဥပဒေစိုးမိုးရေး၊ လူသားမျိုးနွယ်များ ဉာဏ်ရည်မြင့် ရှင်သန်ရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားကို ပိုမိုခြိမ်းခြောက်ခံနေကြရသည်။ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ လက်နက်စွဲကိုင်အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လက်နက် ကိုင်သောင်းကျန်းမှုဖြင့် ပြည်တွင်းမငြိမ်သက်မှုတို့သည် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှု၏ ဆိုးကျိုးများဖြစ်သည်။ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာခြင်းနှင့်အတူ ဖမ်းဆီးရရှိမှု များပြားလာနေသော်လည်း မူးယစ် ဆေးဝါးမှာ အမြစ်ပြတ်သွားခြင်းမရှိသေးသည့်အတွက် ပြည်သူအားလုံးက မိမိတို့ပတ်ဝန်းကျင်တွင် မူးယစ်ကင်းစင်ရေးအတွက် အသိရှိရှိ၊ သတိရှိရှိဖြင့် ယခုထက်ပိုမို ပူးပေါင်းပါဝင်ကြရန် ဖြစ်ပါကြောင်း။    ။