တိုင်းပြည်အတွက် ဆုံးရှုံးမှုကြုံရသောနေ့

တိုင်းပြည်အတွက် ဆုံးရှုံးမှုကြုံရသောနေ့

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်)

မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာကြည့်မိတိုင်း နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အားရဝမ်းသာဖွယ် ကောင်းလှသော ခေတ်ကာလများကို ကြုံတွေ့ကြရသလို အလွန်ဝမ်းနည်းဖွယ်ကောင်းလှသည့် အချိန်ကာလများကိုလည်း ကြုံတွေ့ခဲ့ရသည်။ တိုင်းသူပြည်သားမှန်သမျှသည် မိမိတို့မှီတင်းနေထိုင်သော နိုင်ငံအတွက် အားရဝမ်းသာဖွယ် ကောင်းလှသည့် ခေတ်ကာလများကိုသာ   ကြုံတွေ့လိုကြပေလိမ့်မည်။  မည်သူတစ်ဦးတစ်ယောက်ကမျှ အလွန်ဝမ်းနည်းဖွယ် ကောင်းလှသည့်ဖြစ်ရပ်၊ အချိန်ကာလကို ကြုံတွေ့ချင်မည်မဟုတ်ပေ။ သို့သော် လောကဓံသဘောအရ ကြုံရဆုံရရင်ဆိုင်ခဲ့ကြရသည်။

လွန်လေပြီးသော အတိတ်ကာလက ဖြစ်စဉ်ဖြစ်ရပ်မှန်သမျှသည် ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် သင်ခန်းစာ ယူဖွယ်ချည်းသာဖြစ်သည်။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ပိုင်နက်လေထဲမှာ မြန်မာတို့နှစ်ပေါင်းများစွာ အေးချမ်းစွာနေခဲ့ကြသည်။ အေးချမ်းတည်ငြိမ်စွာ ရှိနေသောမြန်မာတို့ကို အကြောင်းမဲ့သက်သက် ရန်စကာ စစ်ပွဲများ ဖန်တီးခဲ့သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ၊ အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲတို့တွင် မြန်မာတို့ရှုံးနိမ့်ကာ မြန်မာနိုင်ငံအောက်ပိုင်း တစ်ခုလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်ထားခဲ့သည်။ အထက်မြန်မာနိုင်ငံ   ကွက်ကွက်ကလေးသာ ကျန်နေသောအချိန်တွင် မြန်မာတို့သင်ခန်းစာရခဲ့ပြီ။ ထို့ကြောင့် ကနောင်မင်းသားက နိုင်ငံတော်ခေတ်မီ တိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းခဲ့သည်။ ထိုခေတ်ထိုအခါက ရေမြှုပ်ဗုံးတီထွင် နိုင်သောအဆင့်ထိ အောင်မြင်နေပြီဖြစ်သည်။

မြန်မာတို့ခေတ်မီ တိုးတက်မှုသည် အင်္ဂလိပ်တို့အတွက်  ထိတ်လန့် တုန်လှုပ်စရာဖြစ်လာသည်။ ထို့ကြောင့် မြန်မာတို့ပျက်စီးရေးကို တစိုက်မတ်မတ် ကြံစည်တွေးတောကာ နောက်ဆုံးတွင် မြင်းကွန်းနှင့်မြင်းခုံတိုင် မင်းသားတို့ကို လက်ပါးစေအဖြစ် မွေးမြူလိုက်သည်။ ထိုမင်းသားနှစ်ပါး၏ လက်ချက်ဖြင့် ကနောင်မင်းသားကြီး ကျဆုံးသွားခဲ့သည်။ ထိုမင်းသားတို့ကို အင်္ဂလိပ်တို့က အကာအကွယ်ပေးခဲ့သည်။ ကနောင်မင်းသား ကျဆုံးခြင်းသည် မြန်မာတို့သူ့ကျွန်ဖြစ်ရန် တံခါးဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် အင်္ဂလိပ်တို့က အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်အောင်ဖန်တီးကာ မြန်မာနိုင်ငံတစ်ခုလုံးကို သိမ်းပိုက်လိုက်သည်။ လွန်စွာကြေကွဲနာကြည်းဖွယ် ကောင်းသည့်သမိုင်း ဖြစ်ရပ်ဆိုးပင်တည်း။

ဆုံးရှုံးသွားသော လွတ်လပ်ရေးအတွက် မြန်မာတိုင်းရင်းသားများ နည်းလမ်းအဖုံဖုံဖြင့် ကြိုးစားခဲ့သလို အင်္ဂလိပ်တို့ကလည်း နည်းလမ်းစုံဖြင့် ဖျက်ဆီးခဲ့သည်။ ခွဲရေး၊ တွဲရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည်ဖြင့် မြန်မာတို့မညီညွတ်အောင်၊ သွေးကွဲအောင်ဖန်တီးသည်။ လွန်စွာစည်းလုံးညီညွတ်သော အသင်းအဖွဲ့များ  သည်ပင် အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားကာ လွတ်လပ်ရေးပန်းတိုင်နှင့် နီးမလိုလိုနှင့် ဝေးခဲ့သည်။ နောက်ဆုံးတွင် လွတ်လပ်ရေးအတွက် တပ်မတော်တစ်ရပ် ရှိဖို့လိုအပ်သည့်အတွက် သခင်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ပြည်ပသို့သွားရောက် စစ်ပညာသင်ယူပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်း နိုင်ခဲ့သည်။

တပ်မတော်ပေါ်ပေါက်လာခြင်းသည် မြန်မာတို့အတွက် အားတက်ဖွယ်၊ ဂုဏ်ယူဖွယ်ဖြစ်သည်။ နှစ်ပေါင်းများစွာ မျှော်လင့်နေသော အိပ်မက်တစ်ခုကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်က အကောင်အထည် ဖော်ပေးခဲ့ခြင်းဖြစ်သည်။ ၁၉၄၅ ခုနှစ် မတ် ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးတွင် မြန်မာ့တပ်မတော်သည်  တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကို  ဦးဆောင်ကာ ဖက်ဆစ်တို့ကို မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်ခဲ့သည်။  ၁၉၄၅ ခုနှစ်  စက်တင်ဘာ ၇ ရက်တွင်  ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ သီရိလင်္ကာနိုင်ငံ ကန္နီမြို့၌ ဗမာ့မျိုးချစ် တပ်မတော်ကို အမြဲတမ်း တပ်မတော်ဖွဲ့စည်းရေး အတွက် အရှေ့တောင်အာရှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးလော့မောင့်ဘက်တန်နှင့် ကန္နီ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၅ ခုနှစ် အောက်တိုဘာ  ၁၇ ရက်တွင် မျိုးချစ်ဗမာ့တပ်မတော်မှ ထွက်၍ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။

တစ်နှစ်အတွင်း လွတ်လပ်ရေးရရှိရေးအတွက် မနားမနေ ကြိုးစားခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုခြင်း၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် ယာယီအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းပြီး ဒုတိယဥက္ကဋ္ဌ(ဝန်ကြီးချုပ်)၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခြင်းတို့သည် ထင်ရှားသော လုပ်ဆောင်ချက်များဖြစ်သည်။

၁၉၄၇ ခုနှစ် ဇွန် ၁၀ ရက်မှ ၁၈ ရက်အထိ ပထမအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံ ကျင်းပရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံမူများကို တင်သွင်းခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဝန်ကြီးများ အစည်းအဝေး ကျင်းပနေစဉ် မသမာသူလူတစ်စု၏ လုပ်ကြံမှုဖြင့် လုပ်ဖော်ကိုင်ဖက်ဝန်ကြီး ခြောက်ဦး၊ အတွင်းဝန် တစ်ဦး၊ သက်တော်စောင့် တစ်ဦးတို့နှင့်အတူ ကျဆုံးခဲ့သည်။ လွတ်လပ်ရေး တံခါးဝ၌ ခြေချနေစဉ် ယခုလိုဖြစ်ရသည်မှာ အလွန်တရာ ဝမ်းနည်းဖွယ်ကောင်းလှသည်။ တိုင်းပြည်အတွက် ဆုံးရှုံးမှုကြုံရသော နေ့တစ်နေ့အဖြစ် ကြေကွဲဝမ်းနည်းစွာ ရေးသားလိုက်ရပေသည်။    ။