တင့်တောင့်တင့်တယ် ချမ်းချမ်းသာသာ နေချင်သူများအတွက်

အယ်ဒီတာ့အာဘော် (၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင် ၂၇ ရက်)

အဆောက်အအုံပြု၍နေကြသော ငှက်အမျိုးမျိုးတို့အနက်  စာဝတီးခေါ်သောငှက်တို့သည်  အံ့ဖွယ် ဖြစ်သည်။ နေရာထိုင်ခင်းနှင့် ပတ်သက်၍ လွန်စွာအသန့် အပြန့်ကြိုက်သည်။ ကြိုက်သည့်အတိုင်းလည်း နေစရာ အဆောက် အအုံ၊ အသိုက်အမြုံကို သပ်သပ်ရပ်ရပ် တည်ဆောက်ကာ နေလေ့ရှိသည်။ နေသောအခါ၌လည်း မြင့်သောနေရာ ကိုမှရွေး၍ နေတတ်သည်။ ကရဝိက်၊ ကြိုးကြာ၊ ဟင်္သာစသော အခြားငှက်တို့သည် သူ့ထက်အကောင်ကြီးမားပြီး အဆင်းအားဖြင့်လည်း သူ့ထက်လှလျှင်သာ လှကြမည်။ အနေအထိုင်နှင့် ပတ်သက်လျှင်ကား သူ့ကိုမမီကြ။ သူ့လို ထည်ထည်ဝါဝါ သန့်သန့်ပြန့်ပြန့်မနေတတ်ကြရှာကုန်။ စာဝတီးငှက်သည် ဖြစ်ကတတ်ဆန်းမျ ှနေလေ့မရှိ။ အကောင်သေးသလောက် ဉာဏ်လည်းကြီးလှသည်။ ဇွဲလည်းကောင်းလှသည်။ အကြံအဖန်နှလုံးရည်လည်း ပြည့်ဝလှသည်။ အနေလည်းခံ့၏။ လက်ရာလည်း သန့်၏။ သူ့လက်ရာကား ငှက်အချင်းချင်းကို မဆိုထားဘိ၊ လူသားတို့သော်မှပင် လက်ဖျောက်ရိုက် တီးကာ အံ့ချီး ယူရ လောက်အောင် ပြောင်မြောက်လှသည်။ ဆောက်လုပ်ရေးပါရဂူ အင်ဂျင်နီယာကြီးများကပင် လက်ဖျား ခါယူကြရ သည်။ ထို့ကြောင့် သူ့ကိုဆောက်လုပ်ရေးဘက်တွင် ပါရဂူမြောက် တံခွန်ဆောက် ကျွမ်းကျင်လှသော အင်ဂျင်နီယာ ငှက်ဟူ၍ပင် ဆိုသင့်နေတော့သည်။ သူ့လက်ရာ၊ သူ့အဆောက်အအုံ၊ သူ့ရိပ်မြုံ၊ သူ့ဗိမာန်ကို ကြည့်ပါလေဦး။ အာကာသ ဝေဟင်နန်းပေါ်ဝယ် ထန်းပင်ကြီးများ၏ အဖျား၌ လည်းကောင်း၊ အခြားသစ်ပင်ကြီး များ၏ အဖျား၌ လည်းကောင်း မြင်နိုင်သည်။ စာပေါင်းသိုက် ခေါ် စာဘူးတောင်းကား သူ့လက်ရာ၊ သူ့အသိုက် အအုံသူ့ရိပ်မြုံပေ တကား။ ဤသည်မှာ  ဒဂုန်ဦးစန်းငွေ၏  စာဘူးတောင်းနှင့် ပတ်သက်၍ ရေးသားချက် ဖြစ်သည်။ ယနေ့ခေတ်စာပေဝါသနာပါသူအချို့သည် စာဘူးတောင်းဟူသောအမည်နာမကို ငှက်တစ်ကောင် အမည်ထင်၍ စာဖွဲ့၊ ကဗျာဖွဲ့ကြသည်။ စာဘူးတောင်းဆိုသည်မှာ ငှက်မဟုတ်ဘဲ စာဝတီးငှက်တို့၏ ငှက်ဘုံ ငှက်နန်းကို ဆိုလိုခြင်း ဖြစ်သည်။ စာဘူးတောင်း၏ပုံသဏ္ဌာန်မှာ အနီးကပ်ဆုံးအားဖြင့် ဖန်မီးအိမ်ပြောင်း ရှည်ကို ဇောက်ထိုး ဆွဲချထားသည်နှင့် အလွန်တူသည်။ အလျား ၂ဝ လက်မပတ်ဝန်းကျင်နှင့်လုံးပတ်မှာ ထွာဆိုင် သာသာရှိသည်။ မြက်မှိုက် အချောင်းအမျှင် ကလေးများကို စီ၍ ရက်ကန်းရက်သလို ရက်ထားသည်။ သစ်ပင်များ ၏ထိပ်ဖျားတွင် တွဲလျားခိုကာ လှုပ်လီလှုပ်လဲ့ တနွဲ့နွဲ့နှင့်လေကစားရာသို့ ကြွားတလူလူဝေလျက်ရှိနေသည်။ စာဘူးတောင်း၏ ထက်ဝက်ခန့် တစ်ပေလောက်တွင် နေစရာကျင်းချိုင့် ကလေးဖွဲ့ထားပြီး ¤င်း၏အတွင်းသို့ လေ၊ နေ၊ မိုး မထိုး ဖောက်နိုင်အောင် ကျင်းချိုင့်၏ အောက်မှ ဆက်၍ တစ်ပေခန့် ရှည်လျားသော ပြောင်း၊ ဘူးတောင်း တပ်၍ ကာထား သည်။ အတွင်းသို့ ဝင်လျှင် ထိုပြောင်းဝမှပင် ဝင်သည်။ စာဝတီးငှက်တို့၏ စွမ်းဆောင်ရည်ကား ယနေ့ခေတ်မှပေါ်ပေါက်လာသည် မဟုတ်ပေ။ မြတ်စွာဘုရားရှင် လက်ထက်က ကောလိယမင်းသားသည် စာဝတီးငှက်၏ စာဘူးတောင်း အဆောက်အအုံကိုကြည့်ကာ တအံ့ တသြဖြစ်ခဲ့သည်။ ထို့ကြောင့် သူသိချင်သောအကြောင်းအရာ အချက်များကို မြတ်စွာဘုရားထံ မေးလျှောက်လေ သည်။ ဘုရားရှင်၏ ဖြေကြားချက်သည် ယနေ့တိုင်လူသားတို့ ကျင့်သုံးလိုက်နာစရာဖြစ်သည်။ ဘုရားရှင်က ချမ်းသာစွာ နေထိုင်နည်းနိဿရည်းနှင့်ကြီးပွားရေးလမ်းစကို ဟောတော်မူသည်။ ကောလိယမင်းသား...ကြီးပွားမှုကို တားဆီးဟန့်တားထားတတ်သည်ကား ပျင်းရိခြင်းတည်း။ လူ့ဘဝ  စည်းစိမ်ကို ကောင်းစွာ ခံစားစံစားလိုသူဖြစ်လျက် ပျင်းရိနေခဲ့သော် အဘယ်မှာလျှင် ကြီးပွားမည်နည်း။ ထို့ကြောင့်  လူဖြစ်လာခိုက် ကြီးပွားချမ်းသာစစ်စစ်ကိုလိုလားဘိမူ ပျင်းရိခြင်းကိုဖယ်ရှားရာသည်။ မိမိစိတ်ကို အိပ်မော ကျ၍ မနေစေဘဲ အမြဲတစေနိုးနိုးကြားကြား ထထကြွကြွရှိနေစေရာသည်။  အလုပ်တစ်ခုကိုလုပ်ရာ တွင် မဆုတ်မနစ်သော  လုံ့လ၊ ကြံ့ခိုင်သောဇွဲဖြင့် အားသွန်ခွန်စိုက် လုပ်ကိုင်ရာသည်။ ဉာဏ်နှင့် ယှဉ်သောဝီရိယမျိုး ထားရှိရာသည်။ ကျောက်ဖျာထက်တွင်  ရေတွင်းတူးသောကြိုးစားမှုမျိုး၊ အထည်မျိုးစုံ ထုတ်လုပ်သောဒေသ၌ အထည်ဆိုင် ဖွင့်ခြင်းမျိုးသည် အဘယ်မှာလျှင် အကျိုးရှိမည်နည်း။ အကြင်သူသည်  လယ်လုပ်ခြင်းအတတ်ကို ကောင်းစွာကျွမ်းကျင်သူဖြစ်လျက် ကိုယ်တိုင်လည်း လယ်လုပ် တတ်ရာ သည်။ သူတစ်ပါးကိုလည်း စနစ်တကျခိုင်းတတ်စေတတ်ရှိရာသည်။ မိမိ၏သွေးချွေးတို့ဖြင့်  ရင်းနှီး စုဆောင်းမှုအရ စီးပွားဖြစ်လာသောအခါ  ရရှိပြီးသား စည်းစိမ် ဥစ္စာတို့ကို မပျက်မစီးရအောင် ထိန်းထိန်းသိမ်းသိမ်း စောင့်ရှောက် တတ်ရာသည်။ မိုးရွာပါလျက် ကန်သင်းပေါင်မရှိသဖြင့် ရေမတင်သော လယ်ကွက်ကဲ့သို့  မဖြစ်စေရာ။ ရပြီးသောဥစ္စာတို့ကိုချိန်ဆ၍ အဝင်နှင့်အထွက်မျှတစွာ သုံးစွဲတတ်ရာသည်။ ထို့ပြင်  အရေး တစ်စုံ တစ်ရာ ကိုယ်၌ကြုံလာသောအခါ အထောက်အကူရရှိရေး အတွက် မိတ်ကောင်း ဆွေကောင်းနှင့်လည်း ပေါင်းထား ရာသည်။ ဤသည်မှာ ကောလိယ မင်းသားအား ဘုရားရှင်မိန့်ကြားချက်ဖြစ်သည်။ အနှစ်ချုပ်ပါက ကြိုးစားရှာပါ။ ကောင်းစွာ စောင့်ရှောက်ပါ။ ဝင်ပေါက်နှင့်ထွက်ပေါက်မျှတပါစေ။ မိတ်ဆွေကောင်းကို ပေါင်းပါလေဟူ၍ ဖြစ်သည်။ ကောလိယမင်းသားသည် စာဝတီးငှက်၏အဆောက်အအုံသပ်ရပ်စွာတည်ဆောက်လျက် ထည်ဝါ ခံ့ညားစွာ နေတတ်သည်ကိုကြည့်၍ အံ့သြနေသည်။ လူသားတို့ကား ဤငှက်ငယ်လောက်မှ သပ်ရပ်စွာမနေ နိုင်ကြပါ တကား။ သူတို့ခမျာ လုပ်ရကိုင်ရသည်မှာလည်း ဖတ်ဖတ်မော၊ နေပူမိုးရွာမရှောင် လုပ်ကိုင်ကြပါကုန် လျက်လည်း စားကောင်းခြင်းမစားရ၊ နေကောင်းခြင်းမနေကြရသည်မှာ အဘယ်ကြောင့်နည်းဟူ၍တွေးမိရာမှ မြတ်စွာဘုရားရှင်ထံ မိမိသိလိုသမျှမေးမြန်းလျှောက်ထားခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်၏မိန့်ကြားချက်များသည် လူသားတို့လူဖြစ်ရကျိုးနပ်စွာ  တင့်တောင့်တင့်တယ်၊ ချမ်းချမ်းသာသာနေထိုင်နည်းကို ဟောတော်မူခြင်း  ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပေသည်။  ။