သီတင်းကျွတ်နှင့် ယဉ်ကျေးမှု အစဉ်အလာ

သီတင်းကျွတ်နှင့် ယဉ်ကျေးမှု အစဉ်အလာ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်)

    မြန်မာအဘိဓာန်တွင် ဖော်ပြထားသော ဆယ့်နှစ်ရာသီအရုပ်၊ ပွဲ၊ ပန်း၊ နက္ခတ်ပြဇယားတွင် သီတင်းကျွတ်သည် ရာသီအားဖြင့် တူရာသီ၊ ရာသီရုပ်မှာ ချိန်ခွင်ကိုင်ယောက်ျား၊ ရာသီပွဲမှာ မီးမြင်းမိုရ်ပွဲ၊ ရာသီပန်းမှာကြာဖြစ်ပြီး စန်းယှဉ်နက္ခတ်မှာ အသဝနီဖြစ်သည်။ ပုဂံခေတ်က သီတင်းကျွတ်လကို သန်တူလ ဟူ၍ခေါ်သည်။ သန်သည် “ကောက်၊စပါး|၊ တူသည် “ထောင်မတ်သည်”ဟုအဓိပ္ပာယ်ရသည်။ ကောက်စပါးပင်များ ပေါက်ဖွားထွက်ကာ ထောင်မတ်လာသောလဟု ဆိုလိုပါသည်။ သီတင်းကျွတ်ဟူသော အသုံးကို လအမည်အဖြစ် အင်းဝခေတ်တွင်မှ သုံးကြောင်း၊ သတင်းဟု ရေးလေ့ရှိကြောင်းလည်း သိရှိရသည်။ ရဟန်းတော်များ သီတင်း၊ သီလဆောက်တည် ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့် လဖြစ်၍ သီတင်းကျွတ်ဟု ခေါ်ခြင်းဖြစ်သည်။

သီတင်းကျွတ်လ ဆိုသည်နှင့် ဆီမီးရောင်ရှိန် ထိန်ဝါလင်း သီတင်းကျွတ်တော့မည် ဆိုသော သီချင်းသံနှင့်အတူ ထိန်ထိန်လင်းအောင် ထွန်းညှိပူဇော်သည့် မီးထွန်းပွဲတော်ကို သတိရတတ်ကြပါသည်။ ဂေါတမ ဘုရားရှင်သည် ခုနစ်ဝါမြောက်တွင် တာဝတိံသာနတ်ပြည်သို့ကြွတော်မူ၍ မယ်တော် သန္တုဿီတနတ်သား အမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောတော်မူပြီးနောက် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူပါသည်။ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်း သုံးသွယ်ကို ဖန်ဆင်းပေးသည်။ယင်းစောင်းတန်း သုံးသွယ်တို့၏အခြေသည် သင်္ကဿမြို့တံခါးတွင် တည်ကုန်သည်။ စောင်းတန်းဦးမှာ မြင်းမိုရ်တောင်ထိပ်၌ တည်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းမည့်အခါ မြင်းမိုရ်တောင်ထိပ်တွင် ရပ်တော်မူကာ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာပြတော်မူပြီး ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူသည်။ နတ်အပေါင်းက လက်ယာဘက် ရွှေစောင်းတန်းဖြင့် လိုက်ပါသက်ဆင်းလာကြသည်။ ဗြဟ္မာကြီးများက လက်ဝဲဘက်ငွေစောင်းတန်းဖြင့် သက်ဆင်းလာကြသည်။ လူ့ပြည်သို့အရောက် စောင်းတန်းဦး၌ ဘုရားရှင် လက်ယာခြေတော်ကို ချမိလျှင် ဘုရားရှင်ကို တပည့်ကြီး ရှင်သာရိပုတ္တရာမထေရ်သည် ရှေးဦးစွာ ရှိခိုးပူဇော်သည်။ ထို့နောက်မှ ကျန်သောပရိသတ်တို့ မြတ်စွာဘုရားကို ရှိခိုးပူဇော်ကြသည်။

မြန်မာတို့သည် ဗုဒ္ဓမြတ်စွာဘုရားရှင်  တာဝတိံသာမှ ဆင်းသက်တော်မူခဲ့သည်ကို အကြောင်းပြု၍ “တာဝတိံသာပွဲတော်”ဟု လည်းကောင်း၊ တာဝတိံသာနတ်ပြည် တည်ရှိရာမြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြုပြီး “မီးမြင်းမိုရ်” ဟူ၍လည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ သီတင်း ကျွတ်မီးထွန်းပွဲတော်သည် အနယ်နယ်အရပ်ရပ်တွင် လွန်စွာစည်ကားသော ပွဲတော်တစ်ခုဖြစ်သည်။ သီတင်း ကျွတ်လပြည့်နေ့တွင် ရဟန်းတော်များနှင့်သာ ဆိုင်သောပွဲတော်မှာ ပဝါရဏာ ပွဲတော်ဖြစ်သည်။ မိမိတို့ဝါဆိုကြသော ကျောင်းတိုက်နှင့်သိမ်၌ ပွဲတော်ကို နှစ်စဉ်ကျင်းပမြဲဖြစ်သည်။

ပဝါရဏာဟူသောပါဠိမှာ”ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း”ဟု အဓိပ္ပာယ်ရသည်။ ရဟန်းတော်အချင်းချင်း အပြန်အလှန်ဖိတ်ကြားသည်(ဝါ) တိုက်တွန်း တောင်းပန်သော ပွဲဖြစ်သည်။ ရဟန်းတော် အချင်းချင်း အပြန်အလှန်ဖိတ်ကြား တိုက်တွန်းသောပွဲကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ရှိခဲ့သည်။ တစ်ပါးသော ပုဂ္ဂိုလ်ပေါ်တွင်ဖြစ်စေ၊ မိမိအပေါ်တွင်ဖြစ်စေ တရားတော်နှင့်မလျော်ညီ၊ ဖီလာဖြစ်မှု များရှိခဲ့သော် အချင်းချင်း စုပေါင်းဝေဖန်ကြသောပွဲ၊ သုံးသပ်ကြသည့်ပွဲ၊ အမှားကိုပြုပြင် အမှန်ကိုဝန်ခံကြ သောပွဲပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ ပဝါရဏာပွဲတော်သည် သူတစ်ပါးတို့၏ ဝေဖန်ရေးကို အနူးအညွတ် ဖိတ်ခေါ်သောပွဲဖြစ်သည်။ သံဃာတော် အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ပုဂ္ဂိုလ်သန့်စင်ရေး တရားများကို ရယူနိုင်ခဲ့ပြီး နှစ်ပေါင်း ၂၅၀၀ ကျော်တည်တံ့အောင် ထိန်းသိမ်းနိုင်ခဲ့သည်။

သီတင်းကျွတ်လျှင် သံဃာတော်များက ဘုရားရှင်အား ဖူးမြော်ကန်တော့သည့် အစဉ်အလာ တစ်ခုရှိ သည်။ အရပ်တစ်ပါးပါးတွင် ဝါကပ်ဆိုကြရသည့်တိုင် သီတင်းကျွတ်လျှင် ဘုရားရှင်ရှေ့မှောက်သို့ အရောက်လာကာ ဘုရားရှင်အား ဖူးမြော်ကန်တော့လေ့ရှိသည်။ ဗုဒ္ဓဘာသာဝင်မြန်မာတို့သည် ထိုဓလေ့ထုံးစံကို မျက်မှောက်ခေတ်အထိ လိုက်နာကြပြီး သီတင်းကျွတ်သည့်အခါတိုင်း ရွာဦးကျောင်းဘုန်းတော်ကြီးအား လည်းကောင်း၊ နှစ်ဖက်မိဘဘိုးဘွားများအား လည်းကောင်း၊ ဆရာသမားများအား လည်းကောင်း၊ နှစ်ဖက် ဆွေမျိုးများထဲမှ သက်ကြီးဝါကြီးများအား လည်းကောင်း၊ ရပ်ကွက်/မြို့ရွာများရှိ သက်ကြီးရွယ်အိုများအား လည်းကောင်း မုန့်၊မျက်နှာသုတ်ပဝါ၊ ဝတ်စုံစသော ပစ္စည်းဝတ္ထုများဖြင့် အသီးသီး ပူဇော်ကန်တော့လေ့ရှိသည်။

လောကအကြောင်းအနေဖြင့် ကြည့်လျှင် သက်ကြီးရွယ်အိုများထံမှ အဖိုးတန်သော ဆုံးမစကားများကို နာကြားရခြင်း၊ ပညာရှိသူတော်ကောင်းများ၏ ချီးမွမ်းမှုကိုခံရခြင်း၊ လူချစ်လူခင်ပေါများခြင်း၊ ယဉ်ကျေးသူများဟု အသိအမှတ်ပြု ခံရခြင်းစသော အကျိုးတရားများ ရရှိနိုင်သည်။ ဓမ္မကြောင်းရှုထောင့်မှ ကြည့်လျှင် ပူဇာစပူဇနေယျာန မင်္ဂလာ၊ ဒါန မင်္ဂလာ၊ ဂါရ၀ မင်္ဂလာ၊ နိဝါတ မင်္ဂလာ၊ ကတညုတာ မင်္ဂလာ၊ သောဝစဿတာ မင်္ဂလာတရားတော်များဖြင့် အကျိုးထူးများကို ခံစားနိုင်ကြောင်း ဘုရားရှင်ဟောကြားထား ပါသည်။ သီတင်းကျွတ် အခါသမယသည် မြန်မာတို့အတွက် အစဉ်အလာဓလေ့ကောင်းအဖြစ် ယဉ်ကျေးမှု နယ်ပယ်တွင် အစဉ်ရှိနေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။