ရက်စက်ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ် ပြည်သူတစ်ရပ်လုံးကပြင်းထန်စွာရှုတ်ချ

ရက်စက်ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ် ပြည်သူတစ်ရပ်လုံးကပြင်းထန်စွာရှုတ်ချ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် ကင်မွန်းချောင်းတောင်တက် ကားဂိတ်အား ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်  KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ကျိုက်ထိုမြို့နယ် ဆောင်နိုင်ကြီး ကျေးရွာဘက်မှ မော်တော်ယာဉ်တစ်စီးဖြင့်ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့သည့်အတွက် ဘုရားဖူးပြည်သူအမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

KNU/KNLA အနေဖြင့် နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်  (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ လက်ရှိကာလတွင်  တပ်မတော်နှင့်သဘောထားချင်း မတိုက်ဆိုင်သည့်တိုင်အောင်   ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ရမည့် တာဝန်ရှိသည်။ ပြည်သူတိုင်းမှာ မိမိတို့ယုံကြည်ရာ ကိုးကွယ်ခွင့်ရှိသည်။ ယခုကဲ့သို့ သီတင်းကျွတ်ကာလသည် အနယ်နယ်အရပ်ရပ်ရှိ တန်ခိုးကြီးဘုရားစေတီများကို လှည့်လည်ဖူးမြော် ကြသည်မှာ  ပြည်သူတို့၏ ဒီမိုကရေစီအခွင့်အရေး၊ ဘာသာရေးလွတ်လပ်မှုဖြစ်သည်။

KNU/KNLA အနေဖြင့် NCA သဘောတူစာချုပ် အခန်း(၃)ပါ အရပ်သားများကို အကာ အကွယ်ပေးခြင်း ကဏ္ဍတွင်လည်း  ပြည်သူလူထုစားဝတ်နေရေး၊ ကျန်းမာရေး၊  ပညာရေးနှင့်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးတို့ကို လိုအပ်သလိုပံ့ပိုးကူညီမှုများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်ခြင်း၊ လူသားမဆန်စွာပြုမူဆက်ဆံခြင်း၊ သတ်ဖြတ်ခြင်းများမပြုလုပ်ရန်နှင့်  ပြည်သူလူထု၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုများကို နှောင့်ယှက်ခြင်း၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းနှင့် ပျက်စီးစေခြင်းတို့အား  တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်ရ ဆိုသည့်လိုက်နာရမည့် အချက်များကိုလည်း ဖောက်ဖျက်ကျူးလွန်ခဲ့ပြီး လက်နက်မဲ့ပြည်သူများကို ရက်စက် စွာအကြမ်းဖက် သတ်ဖြတ်ခြင်းမှာ ပြည်သူတစ်ရပ်လုံးက လက်မခံနိုင်သော ရွံရှာမုန်းတီးဖွယ်လုပ်ရပ် ဖြစ်သည်။

ထိုသို့ ရိုင်းစိုင်းအောက်တန်းကျလှသော ယုတ်မာသည့်လုပ်ရပ်ကို ကြားရသူအပေါင်းက ဒေါသအမျက် ခြောင်းခြောင်းထွက်ကြသည်။ ကြိတ်မနိုင်ခဲမရ ဖြစ်ကြရသည်။ သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲရ သလိုဒဏ်ရာရသူများအတွက်လည်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေမိကြသည်။ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သည့် ရွံရှာဖွယ်လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်ကို  ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံရှိအသင်းအဖွဲ့ပေါင်းမြောက်မြားစွာက သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီကျင့်သုံးသော နိုင်ငံဖြစ်သည့်အတွက် သဘောထားချင်းမတိုက်ဆိုင်သည်များ ရှိခဲ့သော် ဒီမိုကရေစီနည်းလမ်းအရ ဆွေးနွေးအဖြေရှာကြရမည်သာ ဖြစ်သည်။ လက်ရှိ အနေအထားတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပွင့်လင်းမြင်သာပြီး  တိုင်းပြည်နှင့်လူမျိုးကောင်းကျိုးရှေးရှုကာ ဆွေးနွေးလျက်ရှိသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာသော ဒီမိုကရေစီ၊ စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ကျင့်သုံးနေချိန်တွင်  အကြမ်းဖက်လက်နက်ကိုင် တိုက်ခိုက်မှုများမှာ လုံးဝမရှိသင့်တော့ပါ။ ပြည်သူတစ်ရပ်လုံးက အားမပေးတော့ပါ။

NUG၊ CRPH ၊ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု မရှိစေရန်၊ လမ်းပန်းဆက်သွယ်မှုပျက်ပြားစေရန်အတွက် လမ်းတံတားများကိုမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း များကို  အောက်တိုဘာ ၁၂ ရက်နေ့အထိ ၇၇၂ ကြိမ်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။  နိုင်ငံတော်အစိုးရအဆက်ဆက်တို့က ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေး၊ လမ်းပန်းဆက်သွယ်မှုလွယ်ကူချောမွေ့စေရေးတို့အတွက် နိုင်ငံတော် ဘဏ္ဍာငွေများ အမြောက်အမြားအသုံးပြုပြီး အချိန်ကာလကြာရှည်စွာ တည်ဆောက်ထားခြင်း ဖြစ်သည်။

အပြစ်မဲ့ပြည်သူဘုရားဖူးများကို ပစ်သတ်သည့်လုပ်ရပ်မှာ NUG၊ CRPH တို့၏စေခိုင်းချက်အရ KNLA တပ်မဟာ(၁)နှင့် PDF အမည်ခံအကြမ်းဖက်သမား ပူးပေါင်းအဖွဲ့အနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူအေးချမ်းစွာ ဘုရားဖူးကုသိုလ်ယူလျက်ရှိသော သာသနာ့နယ်မြေအတွင်း ရက်စက်မိုက်မဲစွာ အကြမ်းဖက်ခြင်းဖြစ်သည်။ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါစစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းဆောင်ရွက်မှု (counter-terrorism  Action) ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပေရာ ရက်စက်ယုတ်မာ ရိုင်းစိုင်းသည့် လုပ်ရပ်ကို ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ရှုတ်ချခြင်းနှင့် အကြမ်းဖက်မှုကင်းစင်ပပျောက်ရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။