အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး

အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ တစ်နှစ်ပြည့်နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပညာရပ်တွေဟာ National Treasure တွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလများမှာ မြန်မာ့ယဉ်ကျေးမှုအကကို ဖက်စပ်ဖန်တီးမှုတွေကြောင့် ဖက်စပ်အကတွေခေတ်စားလာရပြီး မြန်မာ့ယဉ်ကျေးမှုအတွက် စိုးရိမ်ရေမှတ်အနေအထားအထိ ဖြစ်လာ ပါတယ်။ ရွှေတိဂုံစေတီပုံရိပ်ပေါ်မှာ ဖိနပ်နင်းအကကခဲ့ရတဲ့အထိ ဘာသာရေးနဲ့ယဉ်ကျေးမှု နယ်ပယ်ပျက်စီး ခဲ့ရပါတယ်။ မြန်မာ့ဓလေ့ရဲ့ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုတဲ့မွန်မြတ်လှသော အလေ့အကျင့်တွေအပေါ်  Online Media တွေအသုံးချကာ လူငယ်တို့ရဲ့ယဉ်ကျေးသိမ်မွေ့မှုအခြေခံ စိတ်ဓာတ်တွေကိုဖျက်ဆီးခံခဲ့ရပါတယ် ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်တွင်(၂၂)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပပြီး နောက်ရပ်ဆိုင်းထားခဲ့သည့်အတွက် မြန်မာ့ယဉ်ကျေးမှုမှာ စိုးရိမ်ရေမှတ် အနေအထားအထိ ရောက်လာခဲ့ခြင်းကို နိုင်ငံတော်အကြီးအကဲက မီးမောင်းထိုးပြခဲ့ခြင်းဖြစ်သည်။ ရွှေတိဂုံစေတီပုံရိပ်ပေါ်မှာ ဖိနပ်နင်းအကကခဲ့သည်အထိ ယဉ်ကျေးမှု နယ်ပယ်ဖျက်ဆီးခံရခြင်းမျိုး၊ မြန်မာ့ရိုးရာအကတွင်ဖက်စပ်အက ရောစပ်ခံရခြင်းမျိုး နောင်တွင် လုံးဝမကြုံတွေ့နိုင်စေရန်အတွက် ဘာသာရေးနှင့် ယဉ်ကျေးမှုကို ခိုင်ခံ့သော တံတိုင်းဖြင့် ကာရံထားရန်လိုအပ်နေပြီ ဖြစ်သည်။ ခြောက်နှစ်တာကာလပတ်လုံး ရတနာထုပ် ပျောက်ဆုံးသွားသည့်နှယ် နှမြောတသ ဝမ်းနည်းခံစားကြရကြောင်း ရိုးရာယဉ်ကျေးမှုချစ်မြတ်နိုးသူ အနုပညာရှင်ကြီးများက တညီတညွတ်တည်း ပြောဆိုကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်ချမှတ် အကောင်အထည်ဖော်လျက်ရှိရာတွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများ ကိုလေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်ရေး ဟူသည့် လူမှုရေးဦးတည်ချက်ပါဝင်သည်။ မြန်မာနိုင်ငံသည်နှစ်ပေါင်းထောင်ချီကြာမြင့်ပြီဖြစ် သည့် ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ ခိုင်ခိုင်မာမာမြင့်မြင့်မား မားရှိထားပြီးဖြစ်သည့် ယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထာဝစဉ်တည်တံ့ခိုင်မြဲရေးထိန်းသိမ်းရန်လိုအပ် သကဲ့သို့ မျိုးဆက်သစ်များသို့လည်း လက်ဆင့်ကမ်းပေးအပ်ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့်နိုင်ငံဖြစ်သည်။ တိုင်းရင်းသားအားလုံး၏ ရိုးရာဂီတကို ဖန်တီးသည့် အခြေခံတူရိယာများမှာ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဆိုသည့် မြန်မာတို့၏ တူရိယာငါးပါးဖြစ်သည်။ ထို့အတူတိုင်းရင်းသားတို့၏ အကအခြေခံမူအားလုံးမှာလည်း ခေါင်း၊ ခါး၊ ခြေ၊ လက်ဆိုသည့် အကအခြေခံစနစ်မှာတူညီလျက်ရှိသည်။ မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပညာရပ်များကို ပြိုင်ပွဲကျင်းပကာဖော်ထုတ်ပေးခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာပြီး ရိုးရာယဉ်ကျေးမှုများကို ပိုမိုလေးစား အလေးထားလာကြသည်။

မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်မှစတင်ပြီး ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မပျက်မကွက်ကျင်းပလာခဲ့သည်။ ၂၀၁၇ ခုနှစ်မှစတင်၍ ရပ်နားထားခဲ့ရသည့်အတွက် မြန်မာ့ရိုးရာ အနုသုခုမပညာရပ်ပိုင်းဆိုင်ရာများ၏ အခန်းကဏ္ဍသည်မှေးမှိန်ခဲ့ပြီး မျိုးဆက်သစ်အနုပညာများပေါ်ထွက်မှု နည်းပါးခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်သည် ဘက်ပေါင်းစုံမှနည်းပေါင်းစုံဖြင့် ထိပါးမှုများကိုခံခဲ့ရသည်မှာ သင်ခန်းစာယူဖွယ်ဖြစ်သည်။

မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကျင်းပပေးသည့်အတွက် အနုသုခုမပညာရပ်များကို လေ့လာလိုက်စား မြတ်နိုးသူများမှာ ကောင်းကျိုးများဖြစ်ထွန်းစေသလို ရှေးမြန်မာဘုရင်များခေတ်မှ ယနေ့ခေတ် ကာလအထိ အနုသုခုမရေစီးကြောင်းကိုလေ့လာသိရှိနိုင်သည်။ ရှေးမြန်မာမင်းများလက်ထက် မဟာဂီတသီချင်းများ ပေါ်ပေါက်လာပြီးသည့်နောက်ပိုင်းတွင် သံရိုးပုံသဏ္ဌာန်မှခွဲထွက်သည့် သံဆန်းခေတ် ဟူ၍ ဂီတနယ်ပယ်ကျယ်လာခဲ့သည်။ သို့သော် သံဆန်းတေးသီချင်းများမှာ မဟာဂီတအပါအဝင်ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယားသီချင်းတို့၏ သြဇာမကင်းသေးသော်လည်း တေးသွားအသံကလေးများကွန့်၍ လာသည်များရှိခဲ့သည်။ သံဆန်းခေတ်နောက်ပိုင်းမှာမူကား ကာလပေါ်ခေတ်ဟူ၍ဆန်းသစ်လာခဲ့ပြီး မဟာ ဂီတနှင့်ကွဲကွဲပြားပြား သီးခြားဟန်များဖြင့်ရေးသားစီကုံး၍ သီဆိုလာခဲ့ကြသည်။

ယခု(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မဟာဂီတ သီချင်းကြီးများနှင့်အတူ ကာလပေါ်သီချင်းများကိုလည်း ပြိုင်ပွဲတွင်ထည့်သွင်းထားသည်။ အမျိုးသားရေး ဟူသည်ကား မိမိ၏အမျိုးအနွယ်၊ မိမိ၏ယဉ်ကျေးမှု၊ မိမိ၏ရိုးရာဓလေ့၊ မိမိ၏တိုင်းပြည်စသည်တို့နှင့်ပတ် သက်သည့် အရေးအရာများပင်ဖြစ်သည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့်ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးသည် ဤပြိုင်ပွဲကြီး၏ အဓိက အကျဆုံးဦးတည်ချက် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။