နိုင်ငံအတွက် ဂုဏ်သိက္ခာမြင့်မားသောနည်းလမ်းဖြင့်

နိုင်ငံအတွက် ဂုဏ်သိက္ခာမြင့်မားသောနည်းလမ်းဖြင့်

ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေတိုင်းမှာ NCA နဲ့ပတ်သက်ပြီး အမြဲထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီလိုထည့်သွင်းပြောကြားရခြင်းဟာ  NCA စာချုပ်သည် ကျွန်တော်တို့ နိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အဓိကအကျဆုံး အခြေခံလုပ်ဆောင်ရမယ့်အချက်ဖြစ်လို့ပဲဖြစ်ပါတယ်။  NCA စာချုပ်ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲတာမဟုတ်ဘဲ  ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကိုတွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ ကနဦးအဆိုပြုချက်တွေအပေါ်မှာ အခြေခံပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေအားလုံး   ဆွေးနွေးညှိနှိုင်း သဘောတူရေးဆွဲထားတဲ့စာချုပ်ဖြစ်ပါတယ် ဟူ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်  (NCA)ချုပ်ဆိုခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲ မိန့်ကြားခဲ့သည့်အတိုင်းပင် NCA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ်အဖန်ဖန် ဆွေးနွေးညှိနှိုင်းပြီးမှ ပေါ်ပေါက်လာသော စာချုပ်တစ်ခု ဖြစ်သည်။သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် စတင်ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ နိုင်ငံတော်အစိုးရဘက်မှ ဆွေးနွေးမည့် အဖွဲ့အစည်းနှင့် သက်ဆိုင်ရာငြိမ်းချမ်းရေးဖော်ဆောင်မည့်အဖွဲ့အစည်းတို့ အကြိမ်ကြိမ်အခါခါ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ NCA စာချုပ်မှာတစ်ဦးတစ်ယောက်တည်းကရေးဆွဲခြင်းမဟုတ်ဘဲ တိုင်းရင်းသား ညီအစ်ကို လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကနဦးအဆိုပြုချက်များအပေါ် အခြေခံကာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ဆွေးနွေးညှိနှိုင်းသဘောတူ ရေးဆွဲထားသည့်စာချုပ်ဖြစ်သည်။

နိုင်ငံရေးရပ်တည်ချက်များ၊ လိုလားချက်များအရမတူညီကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ အားလုံးအနေဖြင့် တူညီစွာတောင်းဆိုခဲ့သည့်အချက်များမှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေးနှင့် လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးအရတွေ့ဆုံ ဆွေးနွေးအဖြေရှာရေးတို့ ဖြစ်သည်။ ထို့ကြောင့်ထိုစဉ်က နိုင်ငံတော်အစိုးရအနေဖြင့် တစ်ဖွဲ့ချင်းဆွေးနွေးမည့် အခြေအနေမှ အဖွဲ့အစည်းအားလုံး အတူတကွပါဝင် ဆွေးနွေးနိုင်မည့် ဖြစ်စဉ်တစ်ရပ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု သမိုင်းတွင် အစိုးရ၊ လွှတ်တော်၊  တပ်မတော်နှင့်လက်နက်ကိုင် အဖွဲ့အစည်းများအကြားမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်  (NCA) ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

NCA စာချုပ်မှာ နိုင်ငံတကာရှိနိုင်ငံအချို့နှင့် အဖွဲ့အစည်း အသီးသီးတို့က အသိအမှတ်ပြုပါဝင် လက်မှတ် ရေးထိုးထားသည့် စာချုပ်လည်းဖြစ်သည်။ ခိုင်ခိုင်မာမာအတည်ပြုပြီးသား လမ်းကြောင်းပေါ်တွင်  ဆက်လက်လျှောက်လှမ်းနိုင်မှသာ ပြည်သူတစ်ရပ်လုံးမျှော်မှန်းနေသည့် အေးချမ်းသာယာသည့်နိုင်ငံတော် ကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့လာရောက်ရန် ဖိတ်ခေါ်ထားပြီးဖြစ်သည်။ ငြိမ်းချမ်းရေးကိစ္စ ရပ်များမှာ ပြည်ပစွက်ဖက်မှုကင်းစင်စွာဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးအဖြေရှာနိုင်မည်ဆိုပါက အောင်မြင်မှုများမလွဲမသွေရရှိမည်သာဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိသည်။ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင်ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီးဖြစ်သည်။ ယခုအခါ လွတ်လပ်ရေးရရှိသည်မှာ စိန်ရတုကာလသို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ထာဝရ ငြိမ်းချမ်းရေးသည် မဖြစ်မနေရရှိရန် လိုအပ်နေပြီဖြစ်သည်။

တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ပေါင်း ၂၁ ကြိမ်ထုတ်ပြန်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးထားပြီး ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးအနေဖြင့် ပြည်ထောင်စုအကျိုးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝလုံခြုံစိတ်ချအာမခံချက်ရရှိရေးကို ရှေးရှုကြရမည်ဖြစ်သည်။မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကျင့်သုံးလျက်ရှိသည့်အတွက် လူမျိုးစွဲ၊ ဒေသစွဲအကြောင်းပြုကာ လက်နက်စွဲကိုင်နေခြင်းသည် ဒီမိုကရေစီ၏ဆန့်ကျင်ဘက်ဖြစ်ပေရာ ဂုဏ်သိက္ခာ မြင့်မားသော နိုင်ငံရေးနည်းလမ်းဖြင့် တိုင်းပြည်နှင့်လူမျိုးအကျိုးသယ်ပိုးဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။   ။