ကုန်ချောများထုတ်လုပ်ရောင်းချနိုင်ရေးကြိုးပမ်း

ကုန်ချောများထုတ်လုပ်ရောင်းချနိုင်ရေးကြိုးပမ်း

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားလုပ်ဆောင်လျက်ရှိသည့်နိုင်ငံ ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးသည် လူသားတို့နေ့စဉ် အသက်ရှင်သန်နေထိုင်နိုင်ရေးအတွက် မရှိမဖြစ်စားသောက်ကုန်များ ဖြစ်သည်။ နိုင်ငံတကာတွင်စားနပ်ရိက္ခာဖူလုံရေးအတွက် အထူးဝါယမစိုက်ထုတ်လုပ်ဆောင်နေရချိန်တွင် မြန်မာနိုင်ငံမှာ ပြည်တွင်းပိုလျှံမှုရှိနေသည့်အတွက် ပြည်ပသို့ပင်တင်ပို့ရောင်းချလျက်ရှိသည်။ရန်ကုန်ဆိပ် ကမ်းမှတစ်ဆင့်  ပင်လယ်ရေကြောင်းဖြင့်  နိုင်ငံတကာသို့ပို့ကုန်များတိုးတက်တင်ပို့လျက်ရှိရာတွင် အောက် တိုဘာ ၁၇ ရက်က အရှေ့တောင်အာရှနှင့်ဥရောပသို့ ဆန်တင်သင်္ဘောသုံးစင်း၊ ပြောင်းဆန်တင် သင်္ဘော လေးစင်းအပါအဝင် အထွေထွေကုန်တင်သင်္ဘော ၁၅ စင်းဖြင့် ကုန်ပစ္စည်းများတင်ပို့ကြောင်း သိရှိရသည်။

ပွင့်လင်းရာသီရောက်လာပြီဖြစ်သည့်အတွက် ရေကြောင်းသယ်ယူပို့ဆောင်မှုကောင်းမွန်လာကာ သင်္ဘောကြီး များပိုမိုဝင်ရောက်လာပြီး မြန်မာ့ထွက်ကုန်များကိုနိုင်ငံတကာသို့တိုးမြှင့်ပို့ဆောင်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံအတွင်းအသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး (ြှနြ) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားအားပေးလျက်ရှိသည်။ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်က လိုအပ်သည့်ငွေကြေးများ၊ နည်းပညာများထောက်ပံ့ပေးထားပြီး ဖြစ်သည့်အတွက် ရည်မှန်းချက်ပြည့်မြောက်အောင်လုပ်ဆောင်ရန်မှာ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြိုးပမ်းမှုပေါ်တွင်မူတည်သည်။ အစိုးရအနေဖြင့် မူဝါဒပိုင်းကို ကြပ်မတ်ထိန်း ကျောင်းပေးခြင်း ဖြစ်သဖြင့် လုပ်ငန်းများ အောင်မြင်စေရေးအတွက်ကိုမူ လုပ်ငန်းရှင်များက ကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးနေသည့်အတွက် နိုင်ငံ့စီးပွားရေးမပြိုလဲရန်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား မထိခိုက်စေရန်  နိုင်ငံတော်အစိုးရက ဝင်ရောက်ထိန်းကျောင်းမှုများကို လုပ်ဆောင်ပေးနေခြင်းသာ ဖြစ်သည်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ စကားပုံအတိုင်း မိမိတို့အသီးသီး၏လုပ်ငန်းများ တိုးတက်အောင်မြင်ရေးမှာ လက်တွေ့လုပ်ဆောင်နေကြသူများ၏ ဇွဲ လုံ့လ ဝီရိယနှင့်ကြိုးစားမှုအပေါ်တွင် မူတည်ပေသည်။ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှုဟူ၍ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားကောင်းလာမှသာလျှင် စီးပွားရေးဖွံ့ဖြိုးလာမည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁၇ ရက်က ကရင်ပြည်နယ်အတွင်းရှိအသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး  (MSME)  လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍  ဒေသတွင်းစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး ပြောကြားရာတွင် ဒေသတွင်းမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ခြင်းဖြင့် ဒေသနှင့်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းထွက်ရှိမှု ကိုခိုင်မာအောင်ဆောင်ရွက်ထားနိုင်မှသာလျှင် ကုန်ချောထုတ်လုပ်မှုသည်လည်း စဉ်ဆက်မပြတ်ရှိမည်ဖြစ်ပြီး ဈေးကွက်ခိုင်မာမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်သည်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များနှင့် မြေပေါ်မြေအောက်သယံဇာတကုန်ကြမ်းပစ္စည်းများကြွယ်ဝပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကရင်ပြည်နယ်သည် ဆန်ဖူလုံမှု ၈၀ ရာခိုင်နှုန်းခန့်ရှိပေရာ ဒေသတွင်းဆန်ဖူလုံမှုရှိစေရေးအတွက်  တစ်ဧကချင်းအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။ အထွက်နှုန်းများ တိုးတက်ရေးအတွက် စိုက်နည်းစနစ်များကောင်းမွန်ရန်လိုအပ်သကဲ့သို့ စိုက်ပျိုးရေနှင့်အောင်ရေများလည်း လုံလောက်မှုရှိရမည် ဖြစ်သည်။ စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် ၄ ချက်သည် အဓိကလိုအပ်ချက်ဖြစ်ပေရာ စိုက်ပျိုးမြေများကို စက်ယန္တရားများဖြင့် ထွန်ယက်စိုက်ပျိုးနိုင်သည့် ခေတ်မီစိုက်ပျိုးမြေဧကကွက်၊ ဟက်တာကွက်များအဖြစ် ပြုပြင်ဖော်ထုတ်ကြရန်ဖြစ်သည်။

စိုက်ပျိုးသူတောင်သူများအတွက်လိုအပ်လျက်ရှိသည့် ဓာတ်မြေသြဇာများရရှိစေရေးကို နိုင်ငံတော်မှ  ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။တန်ဖိုးမြင့်ဆန်ထုတ်ကုန်များ ရရှိစေရေးအတွက် ဒေသတွင်းအရည်အသွေး ကောင်းမွန်သည့် ဆန်စက်များ ရှိနေရမည်ဖြစ်ပြီး ဆန်မှအခြား စားသောက်ကုန်များစွာကိုလည်း အဆင့်မြင့်နည်းပညာ အသုံးပြုကာ ထုတ်လုပ်ကြရမည်ဖြစ်သည်။ အလားတူ ဒေသတွင်းမှထွက်ရှိလာသည့် ပြောင်းထွက်ကုန်များကိုလည်း ကုန်ကြမ်းအဖြစ် ပြည်ပသို့တင်ပို့ခြင်းထက် ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်ပြီး တင်ပို့မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးဧက ၂ သိန်းကျော်ခန့်ရှိသည့်အတွက် ရော်ဘာကိုအခြေခံ သည့်ကုန်ချောပစ္စည်းများကို ဒေသတွင်းမှထုတ်လုပ်နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ ရော်ဘာနှင့်တိရစ္ဆာန် သားရေများကိုအသုံးပြု၍ လူသုံးဖိနပ်အပါအဝင် အခြားတန်ဖိုးမြင့်ကုန်ချောများထုတ်လုပ်ကြရမည် ဖြစ်သည်။

ထို့ပြင် ကရင်ပြည်နယ်အတွင်း ဝါးများပေါများစွာထွက်ရှိသည့်အတွက် ဝါးကိုအသုံးပြု၍ ပျော့ဖတ်၊ စက္ကူများ အပါအဝင် အခြားလူသုံးကုန်ပစ္စည်းများစွာကို ထုတ်လုပ်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံရှိ ထွက်ကုန်ပစ္စည်းများအား ကုန်ချောအဖြစ်ပြည်ပဈေးကွက်သို့ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။