နိုင်ငံတော်အတွက် စွမ်းရည်စွမ်းအားရှိသောတပ်မတော်

နိုင်ငံတော်အတွက် စွမ်းရည်စွမ်းအားရှိသောတပ်မတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၁၆ ရက်က ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ်၊ တပ်မတော်နည်း ပညာတက္ကသိုလ်နှင့် လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန် မှာကြားရာ၌ စွမ်းရည်ရှိသည့်တပ်မတော်ဖြစ်စေရေးသည် တပ်မတော်နှင့်အဓိကသက်ဆိုင်ပြီး စွမ်းအားရှိ သည့် တပ်မတော်ဖြစ်စေရေးအတွက်ကိုမူ နိုင်ငံတော်မှဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ခေါင်းဆောင်များတွင် နိုင်ငံရေးကိုအလေးပေးဆောင်ရွက်သူနှင့် နိုင်ငံတော်၏ကာကွယ်ရေးစွမ်းရည် မြင့်မားရေးအပိုင်းကို စိတ်ဝင်စားသူဟူ၍ ရှိပြီး  တပ်မတော်နှင့် နိုင်ငံ့ခေါင်းဆောင်များ၏ စိတ်ဝင်စားမှုအလိုက်နိုင်ငံတစ်ခု၏ ကာကွယ်ရေး စွမ်းပကားသည်လည်း ကွာခြားသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အလွန်အရေးကြီးသည့်နေရာတွင်တည်ရှိသည်။ နိုင်ငံရေးအရ တည်ငြိမ်မှုရှိနေစေရန်၊ ကာကွယ်ရေးအရ အင်အားတောင့်တင်းခိုင်မာနေစေရန် အစဉ်တစိုက် ဆောင်ရွက်နေရမည် ဖြစ်သည်။ ထို့အတူစီးပွားရေးအရလည်း ထွက်ကုန်ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ပြီး ပြည်ပသို့တင်ပို့မှု အများဆုံးဖြစ်နေစေရန် လုပ်ဆောင်နေရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် မြန်မာ နိုင်ငံကိုကမ္ဘာ့အလယ်တွင် ဂုဏ်ရှိန်ထည်ထည်ဝါဝါရှိစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး ကိုဘက်စုံကဏ္ဍမြင့်မားစေရန် ဆောင်ရွက်လျက်ရှိသည်။

တပ်မတော်ကိုစွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးမှာ တပ်မတော်သားများကိုယ်တိုင်က ကြိုးပမ်း လုပ်ဆောင်ရမည့်ကိစ္စရပ်ဖြစ်သည်။ တပ်မတော်သားအားလုံးသည် သစ္စာလေးချက်ကိုဦးထိပ်ရွက်ကာ နိုင်ငံ့တာဝန်များကို ထမ်းဆောင်လျက်ရှိရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည် တို့ပြည့်ဝနေရမည်ဖြစ်သည်။ စွမ်းရည်ရှိသည့်တပ်မတော်ဖြစ်စေရေးအတွက် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာများကို မြင့်မားအောင်မြှင့်တင်ပေးရေးမှာ လေ့ကျင့်ရေးကျောင်းများသည် အဓိကအစိတ်အပိုင်းများဖြစ်သည်။ 

လေ့ကျင့်ရေးသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းသည် အနာဂတ်တပ်မတော်ကို တည်ဆောက်နေခြင်းပင် ဖြစ်သည့်အတွက် လေ့ကျင့်ရေးကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် နည်းပြများအနေဖြင့် ပေါ့ပေါ့တန်တန် သဘောမထားစေလိုဘဲ လေးနက်စွာသင်ကြားပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲကလမ်းညွှန်ထားသည်။ မြန်မာစကားတွင် ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုစကားရှိသည့်အတိုင်း လေ့ကျင့်ပေးသူများ၏အရည်အချင်းပေါ်မူတည်၍ လေ့ကျင့်ခံရသူများ၏အရည် အသွေးများပြောင်းလဲမည်ဖြစ်သည်။

စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရေးအတွက်မူ  ခေတ်မီလက်နက်များကို  တပ်ဆင်ဆောင်ရွက် ပေးရမည် ဖြစ်သည်။ ထိုသို့ခေတ်မီလက်နက်များကို တပ်ဆင်ပေးရန်အတွက် နိုင်ငံကိုဦးဆောင်သည့်အကြီး အကဲများအနေဖြင့်လည်း နိုင်ငံတော်၏ကာကွယ်ရေးစွမ်းပကား မြှင့်တင်မှုအပေါ်စိတ်ပါဝင်စားမှုရှိ နေရမည်ဖြစ်သည်။ ဤအချက်မှာ လွန်စွာမှန်ကန်၍ နိုင်ငံအတွက်အရေးကြီးလှသည်။ မြန်မာနိုင်ငံ၏ အတိတ်သမိုင်း၊ ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် မြန်မာတို့သည်ရေမြှုပ်ဗုံးတီထွင်နိုင်သည့် အခြေအနေထိ အောင်မြင်မှုများရရှိထားပြီးဖြစ်သည်။ ထိုစဉ်က နိုင်ငံကိုဦးဆောင်သည့် အကြီးအကဲသည် ကာကွယ်ရေးနှင့် ပတ်သက်၍စိတ်ပါဝင်စားမှု နည်းပါးခဲ့သည့်အတွက် မြန်မာနိုင်ငံသည်ကိုလိုနီ လက်အောက်ခံဖြစ်ခဲ့ရသည်။

ထို့ကြောင့်နိုင်ငံတော်အကြီးအကဲက တပ်မတော်နှင့် နိုင်ငံ့ခေါင်းဆောင်များ၏ စိတ်ဝင်စားမှုအလိုက် နိုင်ငံတစ်ခု၏ ကာကွယ်ရေး စွမ်းပကားသည်လည်း ကွာခြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တပ်မတော်သားဖြစ်လာသူများသည် သီးခြားလူတန်းစားတစ်ရပ်က မွေးဖွားလာခြင်းမဟုတ်ပေ။ ပြည်သူများ အတွင်းမှ မွေးဖွားလာသောပြည်သူတို့၏ သားသမီးများသာဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအဖြစ်မှ တပ်မတော်သို့ ဝင်ရောက်ကာ သက်ဆိုင်ရာတပ်မတော်ရှိ  တက္ကသိုလ်များ၊  စစ်ကျောင်းကြီးများသို့ တက်ရောက်ပညာ သင်ကြားပြီးမှသာ တပ်မတော်သားအဖြစ် နိုင်ငံ့တာဝန်ထမ်းဆောင်ကြရခြင်းဖြစ်သည်။

တပ်မတော်သားတစ်ဦးအဖြစ်စတင်ဝင်ရောက်ရန် ရွေးချယ်စဉ်ကတည်းကပင် လိုအပ်သည့် ကိုယ်ခန္ဓာ၊ အရပ်အမောင်းနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများကို ခံယူခဲ့ကြရသည်။ သင်တန်းကာလအခြေခံ စစ်ပညာသင်ကြားမှုတွင် ပင်ပန်းကြမ်းတမ်းကြမည်ဖြစ်သည်။ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများကို ကြံ့ခိုင်မှုရှိအောင်  စနစ်တကျသင်ကြားကြရသည်။  တပ်မတော်သို့မိမိတို့၏  ကိုယ်ပိုင်ဆန္ဒဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး ပင်ပန်းဆင်းရဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်အောင်လေ့ကျင့်ကြသည်။

တပ်မတော်ကိုစွမ်းရည်ရှိသော တပ်မတော်အဖြစ်သို့ရောက်ရှိရေးမှာ  နည်းပြများ၏အခန်းကဏ္ဍသည် အရေးကြီးလှသည်။ စိတ်ပိုင်းဆိုင်ရာတွင် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေးအတွက် သင်ကြားပေး ကြသလို ရုပ်ပိုင်းဆိုင်ရာအတွက် ကြံ့ခိုင်မှုစွမ်းရည်မြင့်မားစေရေး သင်ကြားပေးကြရသည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သည် နိုင်ငံတော်အတွက် စွမ်းရည်စွမ်းအားရှိသောတပ်မတော်အဖြစ် တည်ဆောက်လျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။    ။