နိုင်ငံရေး လုပ်ငန်းစဉ်(၂)ရပ် အောင်မြင်ရေး

နိုင်ငံရေး လုပ်ငန်းစဉ်(၂)ရပ် အောင်မြင်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေး လုပ်ငန်းစဉ်(၂)ရပ်နှင့်  နိုင်ငံရေး လုပ်ငန်းစဉ်(၂)ရပ်တို့ကို ချမှတ်ကာ  နိုင်ငံတော်ကို ဦးဆောင်လျက်ရှိသည်။

နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်မှာ “စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး”၊ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး”တို့ဖြစ်သည်။ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ကာကွယ် စောင့်ရှောက်ခြင်း ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တည်တံ့ခိုင်မြဲပြီး စာချုပ်ပါအတိုင်း ကျင့်သုံးနိုင်ရေးဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုကြောင့် တပ်မတော်သည်  စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ပေးခဲ့သည်။ ထိုစနစ်အတွက် လိုအပ်သော ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံ အဆောက်အဦများစွာ တည်ဆောက်ပေးထားသည်။ ထိုစနစ်အတွက် အဓိက လိုအပ်ချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးကိုလည်း ကြိုးပမ်းပေးခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အစုအဖွဲ့ပေါင်းမြောက်မြားစွာ စနစ်တကျပါဝင် ရေးဆွဲထားသော ဥပဒေဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်းကို နိုင်ငံရေးပါတီများ အစုအဖွဲ့၊ ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်များ အစုအဖွဲ့၊ တိုင်းရင်းသား လူမျိုးများအစုအဖွဲ့၊ တောင်သူလယ်သမား အစုအဖွဲ့၊ အလုပ်သမားအစုအဖွဲ့၊ အသိပညာရှင်/အတတ်ပညာရှင်များ အစုအဖွဲ့၊ နိုင်ငံ့ဝန်ထမ်းများ အစုအဖွဲ့၊ အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များအစုအဖွဲ့ စသည်ဖြင့် အစုအဖွဲ့ပေါင်း ၈ ဖွဲ့က ကိုယ်စားလှယ်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ရေးဆွဲခဲ့ခြင်းဖြစ်သည်။ အခြေခံဥပဒေမူကြမ်း ရေးဆွဲရာတွင် ၁၉၉၃ ခုနှစ် စက်တင်ဘာလမှ ၁၉၉၆ ခုနှစ်အထိ ၂ နှစ်ကျော်ကြာ ကျင်းပခဲ့သော အမျိုးသားညီလာခံတွင် အစုအဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ် ၇၀၂ ဦးက ဆွေးနွေး ရေးဆွဲခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ် မေလမှ ၂၀၀၇ ခုနှစ် ဧပြီလအထိ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် အမျိုးသားညီလာခံတွင် ကိုယ်စားလှယ် အရေအတွက်ကို ၁၀၈၆ ဦးအထိတိုးချဲ့ပြီး ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏အသက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရဖြစ်သော အခြေခံမူ ၁၀၄ ချက်ကို ချမှတ်ခဲ့ရာတွင်လည်း အမျိုးသား ညီလာခံတွင် အစုအဖွဲ့ အသီးသီးက တင်သွင်းခဲ့သည့် စာတမ်း ၂၂ စောင်၊ စာမျက်နှာ ၉၀၀ ကျော်အပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အချေအတင်ဆွေးနွေးပြီး သဘောတူညီချက်များ ရယူခဲ့ခြင်းဖြစ်သည်။

အခြားဖိတ်ကြားသူများ အစုအဖွဲ့တွင် အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ခေါင်းဆောင်များ၊  NLD အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများက ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း သမိုင်းမှတ်တမ်း ရှိထားပြီးဖြစ်သည်။

“ဒါ့ကြောင့်  ကျွန်တော်တို့ အစိုးရအနေနဲ့ အခုတိုင်းပြည် တာဝန်များကို ထမ်းဆောင်နေရချိန်မှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ တာဝန်ထမ်းဆောင် နေခြင်းသာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ရပ်တည်နေခြင်းတို့ဟာ ဒီမိုကရေစီနည်းလမ်းကျ ပေါ်ထွက်လာတဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်နေတာ၊  တစ်နည်းအားဖြင့်  ပြည်သူလူထု လိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်း စောင့်ရှောက်နေတာပဲဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ပြောလိုပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေနဲ့လည်း အစိုးရနဲ့လက်တွဲပြီး ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ကြဖို့၊ ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းကြဖို့  တိုက်တွန်း ပြောကြားလိုပါတယ်”ဟူ၍  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နိုင်ငံတော် အကြီးအကဲက ပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ မကြာမီအချိန်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင်ပြည်သူလူထု၏ လိုလားချက်ဖြစ်ပြီး နိုင်ငံတော် အစိုးရ၏ မူဝါဒနှစ်ရပ်ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို အားလုံးက လက်ခံသဘောတူကြသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် သူတို့၏လိုအင်ဆန္ဒများ၊ ဖြစ်ချင်သည်များ၊ မျှော်မှန်းချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသလို နိုင်ငံတော် အစိုးရဘက်ကလည်း ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိစေရန် ဖြစ်သင့်သည်များ၊ ဖြစ်နိုင်သည်များ ဆက်လက် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကိုပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့် လက်တွဲပြီး ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ငြိမ်းချမ်းရေး လမ်းကြောင်းတွင် အားလုံးပါဝင် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။