ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖွံ့ဖြိုးတိုးတက်ရေး

ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖွံ့ဖြိုးတိုးတက်ရေး

မြန်မာနိုင်ငံ၏စီးပွားရေးနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဝေဖန်ပြောကြား နေသော်လည်း မြန်မာ

နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ အမြဲမပြတ် ထုတ်လုပ်၍ ပြည်ပသို့ ပို့ကုန်များ တင်ပို့နိုင်ခြင်းကြောင့် စီးပွားရေးနှင့်ပတ်သက်၍ များစွာထိခိုက်ကျဆင်းသွားခြင်း မရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက ဦးဆောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်လျက်ရှိရာတွင် ပြည်တွင်းအားဖြင့်တည်ဆောက်ခြင်းဖြစ်သည့်အတွက် အောင်မြင်မှုများ ရရှိလာမည်သာ ဖြစ်သည်။

တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်ပကိုတတ်နိုင်သမျှမှီခိုမှုမပြုရန် နိုင်ငံတော်အကြီး အကဲအနေဖြင့် အမြဲပြောကြားလျက် ရှိသည်မှာ ခေတ်အဆက်ဆက် တွေ့ကြုံသည့် သင်ခန်းစာများအရ ဖြစ်သည်။

ထို့ကြောင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပကိုအားကိုးနေ၍ မရဘဲပြည်တွင်းစီးပွားရေးကိုအားပေးဆောင်ရွက်ခြင်းဖြင့် တတ်နိုင်သမျှကြိုးပမ်း ဆောင်ရွက်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်တွင်းစီးပွားရေးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖြစ်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အဓိကထားအားပေး ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသအလိုက် အဓိကထွက်ကုန်များကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍  MSME နဲ့ ပတ်သက်လို့ ကိန်းဂဏန်းတွေ၊ ဖွဲ့စည်းမှုတွေ ပြန်လည်လုပ်ဖို့လိုသလို တစ်ဖက်ကလည်းတကယ်အဓိကကျတဲ့ခရိုင်တွေ၊ ပြည်နယ်နဲ့တိုင်းတွေမှာ MSME တွေပီပီပြင်ပြင်နဲ့ အလုပ်လုပ်နိုင်ဖို့လိုတယ်။ ရုံးလုပ်ငန်းနဲ့အချိန်ကုန်နေလို့ မရဘူး။

ကုန်ထုတ်လုပ်မှုတွေ ကျွန်တော်တို့သွားရမယ်။ အဓိကကျတဲ့ခရိုင်၊ ပြည်နယ်နဲ့ တိုင်းမြို့ကြီးတွေကတော့ အားလုံးက MSME တွေရှိရမယ်။ ခရိုင်အဆင့်တွေမှာလည်း အဓိကထုတ်ကုန်ပစ္စည်းရှိတဲ့ခရိုင်တွေမှာ One Region One Product တွေလုပ်ရမယ်။ ဒေသလိုက်ဒေသလိုက်မှာ ခရိုင်ပေါင်း ၁၂၀ ကျော်ရှိတယ်။ ပစ္စည်းပေါင်း၊ အမျိုးပေါင်း ၁၂၀ ကျော်လောက်ကကောင်းနေရမယ် ဟူ၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၂)တွင် အမှာစကားပြောကြားခဲ့သည်။

MSME လုပ်ငန်းများမှာ ပြည်တွင်းရှိလုပ်ငန်းရှင်များ ကိုယ်တိုင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်သည်။

တချို့သောလုပ်ငန်းများမှာ လုပ်ငန်းရှင်များ ကိုယ်တိုင်ဆောင်ရွက်နိုင်သည်များ ရှိသကဲ့သို့ နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များလည်း ရှိသည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေသလို နိုင်ငံတော်အပိုင်းက ကူညီပံ့ပိုးပေးရမည့်အရာမှန်သမျှကိုလည်း ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ အရင်းအနှီးနှင့် ပတ်သက်၍ MSME လုပ်ငန်းဆောင်ရွက်နေသူများ အနေဖြင့် ကိုယ်တိုင်ကြိုတင်အားထုတ် ဆောင်ရွက်ပြီး ခိုင်မာသည့် လုပ်ငန်းများရှိလာချိန်တွင် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ဖွံ့ဖြိုးရေးချေးငွေနှင့် စီးပွားရေးချေးငွေများကို သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယခင်ချေးယူခဲ့သည့် ရင်းနှီးမြှုပ်နှံငွေများပြန်လည်ပေးဆပ်ရန်အတွက် အချိန်အတိုင်းအတာ တစ်ခုအထိဖြေလျှော့ပေးထားသည်။ MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင်ပြည်တွင်းနှင့် ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက ကုန်ကြမ်းပြတ်လပ်မှုနည်းပါးမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် ဒေသထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပြီး ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နိုင်သည့် အလားအလာကောင်းများ များစွာရှိသည်။ လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အခြေခံအဆောက်အအုံများ၊ ရင်းနှီးမြှုပ်နှံမှု ငွေကြေးများ၊ ထုတ်လုပ်မှုဆိုင်ရာနည်းပညာများ၊ လောင်စာနှင့်စွမ်းအင်များစသည့် လိုအပ်ချက်အား ပြည့်စုံအောင်ဆောင်ရွက်ပြီး အကောင်းဆုံး၊ အအောင်မြင်ဆုံးဖြစ်အောင်ထုတ်လုပ်ကြရမည်ဖြစ်သည်။ ဒေသတစ်ခု ထွက်ကုန်တစ်မျိုးသည် အကောင်းဆုံးဖြစ်နေအောင် ကြိုးပမ်းကြရာတွင် ဥပမာအားဖြင့် ပခုက္ကူတွင် ချည်ထည်များ အကောင်းဆုံးနံပါတ်တစ် ဖြစ်နေရမည်ဖြစ်သကဲ့သို့ အင်းမတွင် အင်းမပုဆိုးသည် အကောင်းဆုံး ဖြစ်နေရမည် ဖြစ်သည်။ ဒေသတစ်ခုထွက်ကုန်တစ်မျိုးကုန်ထုတ်လုပ်ငန်းများကိုအခြားသောနိုင်ငံများတွင်လည်း လုပ်ကိုင်လျက်ရှိပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိရာ ဒေသတစ်ခုထွက်ကုန်တစ်မျိုး ဖွံ့ဖြိုးတိုးတက်အောင် ထုတ်လုပ်ကြရန်ဖြစ်ပါကြောင်း။   ။