ငြိမ်းချမ်းမျှတ ကမ္ဘာ့ကုလသမဂ္ဂ

ငြိမ်းချမ်းမျှတ ကမ္ဘာ့ကုလသမဂ္ဂ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်)

ကမ္ဘာသူကမ္ဘာသားများ ငြိမ်းချမ်းသာယာသော လောကသစ်ကြီး တည်ဆောက်ရာတွင် ကမ္ဘာ့ကုလသမဂ္ဂသည် အရေးပါဆုံးသော အဖွဲ့အစည်းကြီးဖြစ်ပေသည်။ ကမ္ဘာ့လူသားတို့၏ ပင်ကိုစိတ်သည် ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာ နေထိုင်လိုကြသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် စစ်ပွဲများ ပေါ်ပေါက်လာသည်။ နေရာဒေသ တစ်ခုချင်းစီမှသည် နိုင်ငံအုပ်စုအလိုက် ဖြစ်ပွားလာရာမှ ကမ္ဘာစစ်ကြီးများ ဖြစ်ပေါ်လာခဲ့ရသည်။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်စသည်ဖြင့် လူသားတို့အတွက် နာကြည်းခါးသီးဖွယ်ရာ ကြုံတွေ့ခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်ကြီး အပြီးတွင် နောက်ထပ်တစ်ကြိမ် ဤကဲ့သို့စစ်ပွဲကြီး မဖြစ်ပွားစေရေးအတွက် တွေးခေါ်မြော်မြင်ကြံဆပြီး ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကို နိုင်ငံများဖြင့်စုပေါင်း တည်ထောင်ခဲ့ကြသည်။ ထိုနေ့မှာ ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့ဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်အတွက် ကမ္ဘာ့နိုင်ငံများ စုပေါင်းပါဝင်သော အဖွဲ့ကြီးအဖြစ်  ဂုဏ်ယူဖွယ်ရာ ဖြစ်ထွန်းလာခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်  လုံခြုံရေးကို တည်တံ့အောင် ထိန်းသိမ်းရန်နှင့် ကျူးကျော်မှုများအား ပူးပေါင်းအရေးယူ ဆောင်ရွက်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေး တိုးတက်ခိုင်မြဲရေး အတွက် နိုင်ငံအချင်းချင်း ပွင့်လင်းရင်းနှီးစွာ ဆက်ဆံရန်၊ နိုင်ငံတကာစီးပွားရေး၊ လူမှုရေးပြဿနာများအား ဖြေရှင်းရာတွင် ယောက်ျား၊မိန်းမ မရွေးအားလုံး လွတ်လပ်ခွင့်တူညီစေရန် ဟူသော ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂအခြေခံမူများကို လေ့လာကြည့်ပါကလည်း အဖွဲ့ဝင်နိုင်ငံအားလုံးသည် အချုပ်အခြာအာဏာပိုင် နိုင်ငံများဖြစ်၍ အဆင့်အတန်း တူညီကြသည်။ အဖွဲ့ဝင်နိုင်ငံအားလုံးသည် ပဋိညာဉ်စာချုပ်ပါ ကတိဝန်ခံချက်များကို  သစ္စာရှိစွာ ဖြည့်တင်းပေးကြရမည်။ အပြည်ပြည်ဆိုင်ရာ ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းရမည်။  နိုင်ငံအချင်းချင်း ဆက်ဆံရာတွင်  ခြိမ်းခြောက်မှုနှင့်  အကြမ်းဖက်မှုမှ ရှောင်ကြဉ်ရမည်။ အကြမ်းဖက် အဖွဲ့အစည်းမှန်သမျှကို အားပေးခြင်းမျိုးကို  ကုလသမဂ္ဂအနေဖြင့် လုံးဝရှောင်ကြဉ်ရမည်ဖြစ်သည်။ ကုလသမဂ္ဂသည် ကမ္ဘာ့နိုင်ငံများ၏ အားကိုးအားထားပြုရာ နေရာကြီးတစ်ခုအဖြစ် တည့်မတ်ခိုင်မာစွာရပ်တည်သင့်သည်။ ဘက်လိုက်မှုကင်းရှင်းစွာ ရဲရဲတင်းတင်း ရပ်တည်သင့်သည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ ထောင်စုနှစ် ရည်မှန်းချက်များတွင် အလွန်အမင်းဆင်းရဲမှုနှင့် ငတ်မွတ်မှုတို့ကို ဖယ်ရှားရေး၊ ကမ္ဘာ့အခြေခံပညာရေး အဆင့်သို့ရောက်ရှိစေရေး၊ ကျား/မအခွင့်အရေး တန်းတူညီမျှမှုနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့်တိုးမြှင့်ပေးရေး၊ ကလေးသူငယ် သေဆုံးနှုန်း လျှော့ချရေး၊ ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေး တိုးတက်စေရေး၊ HIV/AIDS ရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားရောဂါများ တိုက်ဖျက်ရေး၊ သဘာဝ ပတ်ဝန်းကျင် တည်တံ့မှုရှိစေရေး၊ ဖွံ့ဖြိုးမှုအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရေး စသည်ဖြင့် ဖော်ပြထားသည်။

ယနေ့ကမ္ဘာကြီးတွင် နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်း၍မရသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ မူးယစ်ဆေးဝါး ပပျောက်ရေး၊  ဆင်းရဲမှုပပျောက်ရေး၊  ရာသီဥတု ပြောင်းလဲလာမှုကို တုံ့ပြန်နိုင်ရေး အစရှိသည်မှ ယနေ့ကြုံတွေ့နေရသော ကိုရိုနာဗိုင်းရပ်ပိုး ကိုဗစ်-၁၉  ရောဂါကျရောက် မှုတို့သည် စုပေါင်းညီညာ ဖြေရှင်းရမည့် ကိစ္စရပ်များဖြစ်ပေသည်။ အထူးသဖြင့် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ရရှိရေးအတွက် နိုင်ငံများကြိုးပမ်းလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပေးနိုင်ခြင်းမှာ ဝမ်းသာ ဖွယ်ဖြစ်သည်။

မြန်မာနိုင်ငံသည်  ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့သို့  အဖွဲ့ဝင်အဖြစ်  ၁၉၄၈ ခုနှစ် ဧပြီ ၁၉ ရက်တွင် စတင်ဝင်ရောက်ခဲ့ပြီး ကုလသမဂ္ဂနှင့် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသား ဦးသန့်သည် ၁၉၆၁ ခုနှစ် နိုဝင်ဘာလမှ  ၁၉၇၁ ခုနှစ် ဒီဇင်ဘာလအထိ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကိုကျင့်သုံးလျက်ရှိသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံ ရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တည်မြဲအောင် ထိန်းသိမ်းလျက်ရှိသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ (၇၇)နှစ်ပြည့်မြောက်ပြီဖြစ်ပေရာ (၇၇)နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့တွင် ကမ္ဘာတစ်ဝန်း၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားပြီး ကမ္ဘာသူကမ္ဘာသားအားလုံး ဘေးရန်အန္တရာယ် အပေါင်းမှ ကင်းဝေးကာ ပျော်ရွှင်ချမ်းမြေ့ နိုင်ကြစေချင်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းခိုင်မာစေရေးကို ရှေးရှုပြီး   တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်နေပေရာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးအနေဖြင့် မှန်ကန်နည်းလမ်းကျစွာ ကူညီခြင်းဖြင့် မြန်မာနိုင်ငံကောင်းကျိုး သယ်ပိုးဆောင်ရွက် ပေးလိမ့်မည်ဟု မျှော်လင့်လျက် ရှိပါကြောင်း။    ။