မြန်မာ့ကမ်းရိုးတန်းနှင့် အပြာရောင်စီးပွားရေး

မြန်မာ့ကမ်းရိုးတန်းနှင့် အပြာရောင်စီးပွားရေး

မြန်မာနိုင်ငံသည် ကီလိုမီတာ ၂၈၀၀ ကျော်ရှည်လျားသည့်ကမ်းရိုးတန်းနှင့် သဲသောင်ကမ်းခြေဂေဟစနစ်၊ ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်းဂေဟစနစ်၊ ပင်လယ်မြက်ခင်းဂေဟစနစ်စသည့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ စုံလင်စွာ တည်ရှိသည်။ ရေထွက်ကုန်အမျိုးမျိုးနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှု အမျိုးမျိုး ထုတ်ယူအသုံးပြုနိုင်သည့် အခြေအနေရှိပြီး ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများ ဆောင်ရွက် နိုင်သည်။ ပုလဲထုတ်ယူခြင်းနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရေရှည်ထုတ်ယူနိုင်မည့် အလားအလာကောင်းများလည်း ပိုင်ဆိုင်ထားသည်။

ထို့ပြင်မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းအတွက် အချက်အချာကျသောနေရာတွင် တည်ရှိပြီး နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းများနှင့် အထူးစီးပွားရေးဇုန်များဖွံ့ဖြိုးနိုင်ခြေရှိခြင်း၊ လေစွမ်းအင်  ကဲ့သို့ကမ်းရိုးတန်း အခြေပြု ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးနိုင်ခြင်း၊ ဒီရေတောနှင့်ပင်လယ်သမုဒ္ဒရာက ထိန်းသိမ်းထားသည့် အပြာရောင်ကာဗွန်သိုလှောင်မှုရှိခြင်း၊ သဘာဝအတိုင်းတည်ရှိနေသည့် ကမ်းခြေ နှင့်ကျွန်းများရှိ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးနိုင်ခြင်း၊ ကမ်းရိုးတန်းနေတိုင်းရင်းသားများ၏စုံလင်သည့်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းစသည့် သဘာဝတရား၏ အခွင့်အလမ်း များစွာရှိနေသည်။ ထိုအခွင့်အလမ်းကောင်းများကို စနစ်တကျနှင့်ဖော်ထုတ်အသုံးပြုကြရမည်ဖြစ်သလို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်လည်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အောက်တိုဘာ  ၃ ရက်က ကျင်းပသည့် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ (တတိယအကြိမ်) အစည်းအဝေးတွင် အမှာစကားပြောကြားစဉ် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ပင်လယ် ကမ်းရိုးတန်း သယံဇာတများသည် နိုင်ငံရေရှည်ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများစွာ ဖန်တီးပေး နိုင်သည့် သဘာဝသယံဇာတများအဖြစ် ရှုမြင်ပြီး သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်အောင် စီမံအုပ်ချုပ်ရန်ရည်မှန်းထားရှိကြောင်း၊ ထိုသို့စီမံအုပ်ချုပ်သည့်အခါ ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းမိတ်ဖက် နိုင်ငံများ ဖော်ထုတ်ဆောင်ရွက်နေသည့် စီးပွားရေးနှင့်ပတ်ဝန်းကျင်ရေးရာ  လုပ်ငန်းနယ်ပယ်များ၏ ဖွံ့ဖြိုးရေးမူဝါဒများ၊ သဘောတရားတွေနှင့်လည်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားကြရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၂၀၃၀ ပြည့်နှစ် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးရည်မှန်းချက်(၁၇) ရပ် ချမှတ်အကောင်အထည်ဖော် လျက်ရှိရာ ကမ္ဘာ့နိုင်ငံများက အပြာရောင်စီးပွားရေး (Blue Economy) သဘောတရားများ ဖော်ထုတ်ဆောင်ရွက်လာကြပြီ ဖြစ်သည်။ ဒေသတွင်းမိတ်ဖက်နိုင်ငံများ၌လည်း အကောင်အထည်ဖော် ဆောင်ရွက်လာကြသည်ကို လေ့လာတွေ့ရှိရသည်။ အပြာရောင်စီးပွားရေး၏ဆိုလိုရင်းမှာ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့်အတူ ပင်လယ်၊ သမုဒ္ဒရာသယံဇာတများကို အသုံးချရေးနှင့် ထိန်းသိမ်းရေးကိုဟန်ချက်ညီစွာဆောင်ရွက်ပေးပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုများ ရရှိရေးအတွက် ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် စီမံအုပ်ချုပ်သည့် စနစ်တစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။

အပြာရောင်စီးပွားရေး၏ အခြေခံသဘောတရားများမှာ သဘာဝသယံဇာတများကိုကာကွယ်ခြင်း၊ ပြန်လည်တည်ထောင်ခြင်းနှင့် ပင်လယ်သမုဒ္ဒရာနှင့်  ကမ်းရိုးတန်းများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးနိုင်သော စီးပွားရေးလုပ်ငန်းများ၊ အခွင့်အလမ်းများအားလုံးကို စနစ်တကျအသုံးချခြင်းတို့ ရရှိအောင်ဆောင်ရွက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏(Belt and Road Initiative) နိုင်ငံများစာရင်း တွင်ပါဝင်ပြီး ၂၁ ရာစုပင်လယ်ရေကြောင်းပိုးလမ်းမနှင့် ပိုးလမ်းမစီးပွားရေးရပ်ဝန်းသစ်တွင် ပထဝီဝင် မဟာဗျူဟာအရ လည်းကောင်း၊ ပထဝီဝင်စီးပွားရေးအရလည်းကောင်း အလွန်အရေးပါသည့် နိုင်ငံအဖြစ် ရပ်တည်နေပြီး တောင်အာရှနှင့်အရှေ့တောင်အာရှ ဗဟိုဆုံချက်အဖြစ် တည်ရှိနေသည်။

အိန္ဒိယသမုဒ္ဒရာနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုန်းတွင်းပိတ်ပြည်နယ်များအကြား ပင်လယ်ထွက်ပေါက် အဖြစ် တည်ရှိခြင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုအသုံးပြုခြင်းဖြင့် တရုတ်နိုင်ငံမှ တောင်အာရှ-အနောက်အာရှ၊ အာဖရိကနှင့် ဥရောပနိုင်ငံများနှင့် ရေကြောင်းဆက်သွယ်မှု အကွာအဝေးကီလိုမီတာ ၅၀၀၀ ခန့်လျှော့ချ ပေးနိုင်ခြင်းတို့အပြင်  အိန္ဒိယနိုင်ငံနှင့် ပင်လယ်ထွက်ကုန်အပါအဝင် ကုန်စည်ပို့ဆောင်ရေးအတွက်ပါ မြန်မာ့ကမ်းရိုးတန်းရှိ ဆိပ်ကမ်းများက အလွန်အရေးပါလျက်ရှိသည်။

ထို့ကြောင့်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသဥပဒေစိုးမိုးရေး လုပ်ငန်းများကို ကာကွယ်ရေးဦးစီးချုပ် ရုံး(ရေ)နှင့်အတူ သက်ဆိုင်ရာ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက် ရှိသကဲ့သို့ ခေတ်ကာလအရ နိုင်ငံတော်က တိုးမြှင့်ဆောင်ရွက်နိုင်သည့် အခြေအနေနှင့်အညီ ကမ်းခြေစောင့်တပ်ဖွဲ့ကဲ့သို့ အဖွဲ့အစည်းများ တိုးချဲ့ဖွဲ့စည်းပေးပြီး ဥပဒေစိုးမိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာမြောက်အခြေ အနေကောင်းများကိုလည်း  ဖော်ထုတ်ဆောင်ရွက်လျက်ရှိပေရာ မြန်မာ့ကမ်းရိုးတန်းနှင့် အပြာရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။