အခြေခံကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်)

 

နေပြည်တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်ပြီး စတင်ဖွင့်လှစ်ခဲ့သည်မှာ ၁၆ နှစ်ခန့်ရှိပြီဖြစ်သည်။ စတင်တည်ဆောက်ချိန်မှစ၍ အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ စိုက်ပျိုးမွေးမြူရေးဇုန်များ၊ စက်မှုဇုန် နေရာများ သတ်မှတ် ဆောင်ရွက်ပေးခဲ့သည်။ အချို့မြို့များရှိ စက်မှုဇုန်များနှင့် စိုက်ပျိုးမွေးမြူရေးဇုန်များတွင် သတ်မှတ်ထားသော စည်းကမ်းများနှင့်မကိုက်ညီသည့် လူနေအိမ်များ တည်ဆောက်ထားမှုကြောင့် စီးပွားရေးတိုးတက်မှုအတွက် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို အခက်အခဲဖြစ်ပေါ်စေခဲ့သည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေသည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် နိုင်သည့် ဒေသတစ်ခုဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အောင်မြင်အောင်ဆောင်ရွက်၍   စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးမောင်းနှင်အား တောင့်တင်း ခိုင်မာစေရေးအတွက် အဓိကကျလှသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အထူးအားပေး လျက်ရှိသည်။ နိုင်ငံစီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သော (MSME) လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်ရာတွင် နိုင်ငံတော်က လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိသည်။

နေပြည်တော်ကောင်စီနယ်မြေမှာ နိုင်ငံ၏အချက်အချာကျသည့် နေရာတွင်တည်ရှိကာ လမ်းပန်းဆက်သွယ်ရေးအပါအဝင် အဘက်ဘက်မှ ကောင်းမွန်လှသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးတို့အတွက် ရေ၊ မြေ သယံဇာတများနှင့် ပြည့်စုံလှပြီး အဆိုပါ ထွက်ကုန်များကို အခြေခံပြီး ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက်လည်း အဆင်ပြေပြေရှိလှသည်။ ဒေသထွက်ကုန်ကြမ်း များကိုအခြေခံကာ အရည်အသွေးကောင်းမွန်သည့် ကုန်ချောအမယ် အမျိုးမျိုးထုတ်လုပ်ပြီး ပြည်တွင်း ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်ပသွင်းကုန်များကို အစားထိုးနိုင်ရန် နိုင်ငံတော်က တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံဒေသ အသီးသီးတွင်ရှိနေကြသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းရှင် များ၏ အားမာန်၊ ဇွဲလုံ့လ၊ ဆန်းသစ်တီထွင်သော စိတ်ကူးအကြံဉာဏ်၊ ခွန်အားများကိုအရင်းတည်ကာ ဆောင်ရွက်မည်ဆိုပါက မအောင်မြင်နိုင်စရာရှိမည် မဟုတ်ပေ။

“နေပြည်တော်နယ်မြေအတွင်း ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ လည်ပတ်ရန်နေရာများစွာရှိကြောင်း၊ နောင်တွင်ဟိုတယ် လုပ်ငန်းများ များစွာဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ ခရီးသွားများကို သယ်ယူပို့ဆောင်ရေးနှင့် ဒေသထွက် လက်ဆောင်များ ရောင်းချခြင်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်မှုနှင့် ပတ်သက်၍ လည်း အားပေးဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကိုလည်း နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာ ၂၂ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး  (MSME) လုပ်ငန်းရှင်များနှင့် နေပြည်တော် ကောင်စီရုံးဝင်း ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြား ရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေတစ်ခုလုံးတွင် တရားဝင်မှတ်ပုံတင်ထားသော MSME လုပ်ငန်းရှင်ပေါင်း ၁၀၀၀ ကျော်ခန့်ရှိပြီး လုပ်ငန်းပေါင်း ၁၄၀၀ ခန့်ရှိကြောင်းသိရှိရသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် MSME လုပ်ငန်းများကို နိုင်ငံတော် အကြီးအကဲကိုယ်တိုင် ဂရုတစိုက်တွေ့ဆုံဆွေးနွေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်အတွက် လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းများ ရှေ့ဆက်လက်လုပ်ကိုင်ရန်အတွက် ခွန်အားတွေအများကြီး ရရှိခဲ့ကြကြောင်း၊ လုပ်ငန်းရှင်များ၏ အခက်အခဲ နှင့်လိုအပ်ချက်များကို သေသေချာချာနားထောင်ပြီး တစ်ခုချင်းအလိုက်ပြန်လည် ရှင်းလင်းဖြေကြားသည့်အတွက် အင်မတန် ဝမ်းသာမိကြောင်း၊ MSME လုပ်ငန်းရှင်တွေအပေါ် မှာထားသည့် နိုင်ငံတော်အကြီးအကဲ၏ စေတနာတွေကို သေသေချာချာ သိခွင့်ရလိုက်၍ ဝမ်းသာကြည်နူးမှုဖြစ်ရပါကြောင်း လုပ်ငန်းရှင်များ၏ ရင်တွင်းစကားသံများကိုလည်း ကြားသိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးကျဆင်းမှုများရှိခဲ့သည်မှာ မှန်သော်လည်း စီးပွားရေးကျဆင်းမှု အချက် အလက်များအရ ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှစတင်၍ စီးပွားရေးစတင်ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်ခြင်းများကို အားပေးခြင်းများမရှိဘဲ ပြည်ပမှတင်သွင်းမှုများ များပြားခဲ့ခြင်းကြောင့် နိုင်ငံ၏ ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ဒေသထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားပေးဆောင်ရွက်လျက်ရှိပေရာ သက်ဆိုင်သူအားလုံးက နိုင်ငံ့စီးပွားရေး ပိုမိုတိုးတက်ရေး ပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။  ။