ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာစိတ်ချမ်းသာ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်)

ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာစိတ်ချမ်းသာ

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကို အမှန်အတိုင်းမသိမမြင်ကြဘဲ သူများပြောစကားတွင် လမ်းဆုံးကာ လူငယ်အချို့ ဥပဒေပြင်ပသို့ ရောက်ရှိသွားခဲ့ကြသည်။ တချို့က ရိုးရိုးသားသားမသိနားမလည်သည့်အတွက် ရောယောင်ကာ ဥပဒေပြင်ပသို့ ရောက်သွားကြခြင်းဖြစ်သည်။ တချို့က ပြစ်မှုကျူးလွန်မိကြသဖြင့် လူမှုဝန်းကျင်တွင်မနေဝံ့တော့ဘဲ ထွက်ပြေးတိမ်းရှောင် သွားကြ သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ကာ သူတို့ခိုင်းစေသမျှ လုပ်ဆောင်ပေး နေကြရသည်။ လူငယ်မောင်မယ်တို့၏ အနာဂတ်များ ပျောက်ဆုံးနေသည်မှာ မဟုတ်မမှန်သတင်းလွှင့်သူများကြောင့် ဖြစ်သည်။

နိုင်တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းကျိုးပြည်ကျိုးစွမ်းဆောင်ချက်များမှာ လယ်ပြင်တွင်ဆင်သွားသကဲ့သို့ ထင်ရှားလာသည်။ အကြမ်းဖက်အဖျက်လုပ်ရပ်များကို ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးနာကြည်းနေပြီဖြစ်သည့်အတွက် အဖျက်သမားများ၏ သတင်းကို ပေးပို့လာကြသည်။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိမှုများပြား လာသည်။  တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာလည်း ဆွေးနွေးပြီးသမျှအဖွဲ့တိုင်းက ကျေနပ်မှုရှိသွားကြသည်။ ထို့ကြောင့် နိုင်ငံရေးအရတည်ငြိမ် လာနေပြီဖြစ်သည်။

စီးပွားရေးပိုင်းဆိုင်ရာတွင်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင် ပေးလျက်ရှိသည်။ ကုန်ထုတ်လုပ်ငန်းများ လက်တွေ့အောင်မြင်မှုရှိနေပြီး ပြည်ပမှသွင်းကုန်များ လျှော့ချလာနိုင်သည်။ ပြည်ပသို့ တင်ပို့ကုန်များပိုမိုတင်ပို့လာနိုင်သည့်အတွက် ကုန်သွယ်မှုပိုငွေတိုးတက်လာသည်။ စီးပွားရေးများတည်ငြိမ်တိုးတက်လာနေသည်မှာ လက်တွေ့ဖြစ်သည်။ ထို့အတူလူမှုရေးပိုင်းတွင်လည်း နိုင်ငံအတွက် အဓိကအကျဆုံးဖြစ်သောပညာရေးကို လက်တွေ့ကျကျ တိုးတက်အောင်ဆောင်ရွက်နိုင်သည်။ နေပြည်တော်တွင် Naypyitaw State Academy ဖွင့်လှစ်ပေးနိုင်ခြင်း၊ နေပြည်တော် နည်းပညာတက္ကသိုလ်ဖွင့်လှစ်ပေးနိုင်ခြင်းတို့မှာ ပညာရေးအရတိုးတက်မှုဖြစ်သည်။

လမ်းမှားသို့ ရောက်သွားကြသောကျောင်းသား၊ ကျောင်းသူများ၊ လူငယ်မောင်မယ်များတို့သည် နိုင်ငံတော်အစိုးရ၏ ကောင်းမွန် မှန်ကန်သောလုပ်ဆောင်ချက်များကို သိမြင်လာကြသည်။ ပညာသင်သည့်အရွယ် ပညာရေးကို ပြီးဆုံးအောင်သင်ကြားလိုစိတ် ပြင်းပြလာကြသည်။ ကျောင်းသားမဟုတ်သော လူငယ်များမှာလည်း တောတွင်းတွင် ဥပဒေမဲ့သတ်ဖြတ်မှုများ၊ ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်မှုများ၊ ဒီမိုကရေစီဆိတ်သုဉ်းနေခြင်းများကို ကိုယ်တိုင်တွေ့ကြုံလာကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် မိဘရပ်ထံ ပြန်လည်ဝင်ရောက်လိုကြသည်။ နိုင်ငံတော်အစိုးရကလည်း သဘောထားမြင့်မြတ်စွာ ပြန်လည်ခေါ်ယူလျက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် PDF အဖွဲ့ဝင်များကို နိုင်ငံတော်အစိုးရက ပြန်လည်လက်ခံပေးလျက်ရှိသည်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှု ကျူးလွန်ခြင်း မရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်နေသည့် သတင်းများကို နေ့စဉ်တွေ့မြင်နေရသည်။ သူတို့ကို နောင်တစ်ချိန်ယခုကဲ့သို့ အမှားမျိုးမဖြစ်စေရန် တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သူများကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်း အပ်နှံပေးလျက်ရှိသည်။

ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူမှန်သမျှမှာ လမ်းမှားတွင်လျှောက်လှမ်းနေစဉ်က ကြုံတွေ့ခဲ့ရသော ဒုက္ခမျိုးစုံကို ခံစားခဲ့ကြရပြီးဖြစ်သလို တိုင်းရင်းသားပြည်သူလူထု အများဆုံးကိုးကွယ်ရာ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များကို သတ်ဖြတ်ခြင်း များကို ၎င်းတို့ကိုယ်တိုင် လက်မခံခြင်းများ ရှိလာသည်။ အထူးသဖြင့် အများပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ထိခိုက်နစ်နာစေသည့် လျှပ်စစ်တာဝါတိုင်များအား အကြောင်းမဲ့ဖျက်ဆီးပစ်ခြင်းများ၊ လမ်းတံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများမှာ မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်များဖြစ်သည်ကို နားလည်သဘောပေါက်လာကြသည်။

လူငယ်များပီပီ မိဘဆွေမျိုးများကို လွမ်းဆွတ်လာကြသလို မိဘများကလည်း မိမိတို့သားသမီးများ၏ ဘဝနောင်ရေးကို စိုးရိမ်ပူပန် လာကြသည်။ မိဘများကိုယ်တိုင်က နိုင်ငံတော်အစိုးရနှင့်ဆက်သွယ်ကာ သားသမီးများကို ဥပဒေဘောင်အတွင်း ပြန်လည်ခေါ်သွင်း လာကြသည်။ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသည်မှာ မိဘဆွေမျိုးများအတွက် ဝမ်းသာဖွယ်ဖြစ်သည်။ လူငယ်တို့၏ အနာဂတ်မျှော်လင့်ချက် ရောင်ခြည်တန်းများ လင်းလက်တောက်ပလာခြင်းလည်း ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လူသားအရင်းအမြစ်များဆုံးရှုံးမှုကို ကာကွယ်ခြင်းလည်းဖြစ်ပေသည်။ အနှစ်ချုပ်ဆိုရသော် လမ်းမှားလျှောက်လှမ်းမိသည့် PDF အဖွဲ့ဝင်များအနေဖြင့် ဥပဒေဘောင် အတွင်း နေထိုင်ခြင်းကသာ ဘေးကင်းရန်ကွာလွန်ချမ်းသာမည်ဖြစ်ပါကြောင်း။  ။