နိုင်ငံ့စီးပွားအလေးထား အောင်မြင်မှုသို့ဦးတည်သွား

နိုင်ငံ့စီးပွားအလေးထား အောင်မြင်မှုသို့ဦးတည်သွား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏

ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟူသော ဦးတည်ချက်အတိုင်း အလေးထားလုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကို ကျပ်ဘီလီယံ ၄၀၀ နှင့် မတည်ထူထောင်ပေးထားသည်။ မကြာမီကာလတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ထူထောင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၄ ရက်က ကျင်းပခဲ့သော ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂)တွင် အမှာစကားပြောကြားစဉ် တိုင်းပြည်ဝင်ငွေရရှိရေးအတွက် ကုန်ထုတ်လုပ်မှုကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ရှိရင်းစွဲ မြေပေါ်မြေအောက် သဘာဝသယံဇာတအရင်းအမြစ်များကို ဥပဒေနှင့်အညီ စည်းကမ်းစနစ်တကျဖြင့် အကျိုးရှိရှိအသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်ပြီး ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန် ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရသူ Importer အဖြစ်မှ ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည်တင်ပို့နိုင်သူ Exporter အဖြစ်သို့ရောက်ရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားမြင့်မားလာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အဓိကထား ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆင်းခဲ့ရသည့် နိုင်ငံတော်၏စီးပွားရေးကို ပြန်လည်မြှင့်တင်ပေးနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ အထူးချေးငွေရန်ပုံငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများကို ထူထောင်ပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များစွာရှိသည့် နိုင်ငံဖြစ်သည့်အတွက် လူသားတို့၏ တီထွင်ကြံဆမှု၊ ခေတ်မီနည်းပညာတတ်မြောက်မှုတို့ကို အခြေခံ၍ နိုင်ငံ့စီးပွားမြင့်မားရေးကို ဆောင်ရွက်ကြရမည် ဖြစ်သည်။ ပြည်တွင်းထွက်ကုန်များကို ပြည်ပသို့ ကုန်ကြမ်းအဖြစ်တင်ပို့ခြင်းထက် ကုန်ချောအဖြစ် နိုင်ငံတကာဈေးကွက်ဝင် တင်ပို့နိုင်ရေး ကြိုးစားကြမည်ဆိုပါက မအောင်မြင်နိုင်စရာ အကြောင်းရှိလာမည် မဟုတ်ပေ။ ပြည်ပမှကုန်ပစ္စည်းများတင်သွင်းခြင်းထက် မြန်မာနိုင်ငံက ပို့ကုန်များ ပြည်ပသို့များများ တင်ပို့နိုင်ခြင်းက နိုင်ငံ့စီးပွားမြင့်မားရေးကို များစွာ အထောက်အကူပြုမည်ဖြစ်သည်။

ပြည်သူများ၏ လူမှုစီးပွားဘ၀ အလျင်အမြန် ပြန်လည်တိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်လျက်ရှိသကဲ့သို့ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း အားပေးလျက်ရှိသည်မှာ နိုင်ငံတော်၏စီးပွားရေးစဉ် ဆက်မပြတ် တိုးတက်မြင့်မားရေးကို ရည်ရွယ်ခြင်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြားစစ်ရေး၊ နိုင်ငံရေးအားပြိုင်မှုများ၊ ကမ္ဘာ့ရွှေဈေး၊ ရေနံဈေးမတည်ငြိမ်မှုများမှတစ်ဆင့် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ငွေဖောင်းပွမှုနှုန်းများ မြင့်တက်လာခြင်း၊ အမေရိကန်ဒေါ်လာ ငွေကြေးတန်ဖိုး မြင့်တက်ခြင်းကြောင့် အခြားနိုင်ငံများ၏ ပြည်တွင်းသုံးငွေတန်ဖိုး ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်း စသည့်အခြေအနေများအရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့ရလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မည်သည့်စိန်ခေါ်မှုပင် ရှိပါစေ၊ ပြည်တွင်းအားသည် ပြည်တွင်း၌သာ ရှိသည်ဟူသော ခံယူချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးမူဝါဒနှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် အခွန်အခများ လျှော့ပေါ့ပေးခြင်း၊ ရွှေ့ဆိုင်းပေးခြင်း၊ ချေးငွေသက်တမ်းများ တိုးမြှင့်ပေးခြင်း တို့ကို ပြည်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာလုပ်ငန်းများ၊ CMP လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ခရီးသွားလာရေး လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ နိုဝင်ဘာ ၂၄ ရက်တွင် သုည ဒသမ ၂၈ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ့စီးပွား ပိုမိုမြင့်မား တိုးတက်စေရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။