ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရေး

ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်)

    လူတစ်ဦးတစ်ယောက်ဘဝတွင် တိုက်တာအိမ်ခြံမြေ တည်နေရာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မိမိတို့စိတ်တိုင်းကျ ရွေးချယ်နေထိုင်ခွင့်ရှိသည်။ မိမိနေထိုင်သော အရပ်ဒေသ၊ မိမိပတ်ဝန်းကျင်တွင် မိတ်ဆွေကောင်းများ မရှိပါက မိမိပိုင်ဆိုင်သော တိုက်တာအိမ်ခြံမြေကို ရောင်းချ၍ ကောင်းမွန်သောဒေသသို့ ရွှေ့ပြောင်းနေထိုင်ခြင်းဖြင့် မိသားစုဘဝ သာယာရေးကိုမြော်တွေး ဆောင်ရွက်နိုင်သည်။ အိမ်နီးချင်းကောင်း ရွေးချယ်နိုင်သော အခွင့်အရေး လူတိုင်းကိုယ်စီရှိကြသော်လည်း နိုင်ငံတစ်နိုင်ငံအတွက် ထိုအခွင့်အရေးမျိုး မရှိနိုင်ပေ။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တည်နေရာမှာ ရှေးကဘိုးဘွားတို့ ပေးအပ်ခဲ့သော အမွေဖြစ်သည်။

    ထိုအမွေကို အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်လာခဲ့ကြရသည်။ မြန်မာနိုင်ငံနှင့် ကပ်လျက်တည်ရှိနေသော အိမ်နီးချင်းများသည်လည်း ရှေးအစဉ်အဆက်ကပင် တည်ရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကတည်းက ဗုဒ္ဓဘာသာ ယဉ်ကျေးမှုထွန်းကားနေသည့် အတွက် ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေဟူသော စိတ်ကိုနှလုံးသွင်းလျက် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးလျက်ရှိသည်။      

    အထူးသဖြင့် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ နယ်နိမိတ်ချင်း ထိစပ်နေသည့်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လျက်ရှိသည်။ 

    (၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များ၏ အဆင့်မြင့်အရာရှိကြီးအဆင့် အစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည်။ အဆိုပါအစည်းအဝေးတွင် နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်နိမိတ် တစ်လျှောက် ကုန်းမြေနှင့်မြစ်ကြောင်း အတွင်း ပူးတွဲကင်းလှည့်မှုများ ပိုမိုဆောင်ရွက်ရေး၊ နိုင်ငံဖြတ်ကျော် မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် အကြမ်းဖက်မှုနှင့် အကြမ်းဖက်အုပ်စုများ တိုက်ဖျက်ရေး၊ ရာဇဝတ်ဂိုဏ်းများ၏ နယ်စပ်ဖြတ်ကျော် သွားလာမှုများ ကြိုတင်ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ တရားမဝင် နယ်နိမိတ်ဖြတ်ကျော် ခိုးဝင်/ခိုးထွက်မှုများ ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

    မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်များကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ရလဒ်များနှင့်ပတ်သက်၍ ကြိုတင်မြော်တွေး သုံးသပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်နိုင်ရေးတို့နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် အချက် ၁၄ ချက်ကို သဘောတူညီခဲ့ကြသည်။ အဆိုပါဆွေးနွေး သဘောတူညီမှုများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။

    (၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များ၏ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအတွက် အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ်မှုများ ဆောင်ရွက်ရန်၊ တပ်ရင်းမှူးအဆင့်၊ ဒေသကွပ်ကဲမှုအဆင့်နှင့် အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေးတို့ကို နှစ်ဖက်သဘော တူညီထားသည့်အတိုင်း လစဉ်၊ နှစ်စဉ်ကျင်းပပြုလုပ်ရန်၊ ယုံကြည်မှု တည်ဆောက်မှု တိုးမြှင့်နိုင်ရေးအတွက် အပြန်အလှန် လည်ပတ်ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ အခါအားလျော်စွာ ကျင်းပသွားရန် စသည်တို့ကို သဘောတူညီခဲ့ကြသည်။

    ထို့ပြင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေကို အသုံးချ၍ အခြားနိုင်ငံအပေါ် ဆန့်ကျင်မည့် မည်သည့်အုပ်စုကို မဆိုခွင့်ပြုသွားမည်မဟုတ်ဘဲ ရှာဖွေစုံစမ်း ပိတ်ဆို့တားဆီး နှိမ်နင်းရန်၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို ကြိုတင်တားဆီး ကာကွယ်သွားရန်၊ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုသည် မူးယစ်ဆေးဝါးနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်မှုများဖြစ်ပေါ်စေသဖြင့် တားဆီးနှိမ်နင်းရေးကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် ဟူသော သဘောတူညီချက်များမှာ နှစ်နိုင်ငံစလုံး အတွက် ဝမ်းသာဖွယ်ဖြစ်သည်။

    မြန်မာနိုင်ငံသည် မိမိနိုင်ငံမှ နေရပ်စွန့်ခွာသွားသူများကို အထောက်အထား ခိုင်လုံစွာဖြင့် ကောင်းမွန်စွာ ပြန်လည်လက်ခံပေးလျက်ရှိသည်။ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေးများကို အပြည့်အ၀ ပေးနေပါလျက် မြန်မာနိုင်ငံတွင် အမှန်တကယ် မရှိသည့် လူမျိုးအမည်ကို သုံးနှုန်းကာ မြန်မာနိုင်ငံ ပျက်စီးရေး လုပ်ဆောင်နေသူများကိုမူ အခွင့်အရေးပေးမည် မဟုတ်ပါ။ အိမ်နီးချင်း တစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ဆန့်ကျင်မည့် မည်သည့်အုပ်စုကိုမျှ လက်ခံမည်မဟုတ်ကြောင်း သဘောတူထားသည်မှာ နှစ်နိုင်ငံအတွက် များစွာ အကျိုးရှိသည့် ကိစ္စရပ်ဖြစ်သည်။

    မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်လျှင်  လွန်စွာရိုးသား ဖြောင့်မတ်လှသည်။ မြန်မာ့မြေပေါ်တွင် အခြေချပြီး အခြားနိုင်ငံအပေါ် ဆန့်ကျင်မည့် မည်သည့်အုပ်စုကိုမဆို ခွင့်ပြုထားခြင်း မရှိပါ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ (၈)ကြိမ်မြောက် အစည်းအဝေးမှ သဘော တူညီချက်များအကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။