အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ စည်းလုံးဆောင်ရွက်ကြပါစို့

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်)

 အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ စည်းလုံးဆောင်ရွက်ကြပါစို့

ဒီဇင်ဘာ ၉ ရက်သည် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ဖြစ်သည်။ ယခုနှစ်အတွက်ဆောင်ပုဒ်မှာ “အဂတိ လိုက်စားမှုတိုက်ဖျက်ဖို့ စည်းလုံးဆောင်ရွက်ကြပါစို့”  (UNCAC AT 20: UNITING THE WORLD AGAINST CORRUPTION) ဟူ၍ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် သိသာစွာဆိုးရွားလာသည့် အဂတိလိုက်စားမှုများ၊ အဂတိလိုက်စားမှုနှင့် ဆက်စပ်နေသည့် နိုင်ငံ ဖြတ်ကျော်မှုခင်းများကို တားဆီးကာကွယ်ရန်၊ အရေးယူအပြစ်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် နိုင်ငံတကာ သဘော တူညီချက်မူဘောင်တစ်ရပ် ချမှတ်ရန်လိုအပ်လာသည်။ သို့ဖြစ်၍ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံဆုံးဖြတ်ချက်အမှတ်၊ ၅၈/၄ အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းကို အတည်ပြုခဲ့ပါသည်။ အဆိုပါ ကွန်ဗင်းရှင်းက ဒီဇင်ဘာ ၉ ရက်ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက်  ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် တရားဝင် အတည်ပြုဝင်ရောက်ခဲ့ပြီး အရှေ့တောင် အာရှအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့သို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ တိုက်ဖျက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့တွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်နိုင်ရန် ၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတင်ပြဋ္ဌာန်းခဲ့သည်။

ကမ္ဘာကြီးတွင် လူသားတို့၏ သာယာဝပြောမှုနှင့် တည်ငြိမ်မှုကိုခြိမ်းခြောက်နေသည့် စိန်ခေါ်မှုများအနက် အဂတိလိုက်စားမှုသည် လည်း တစ်ခုပါဝင်သည်။ အဂတိလိုက်စားမှုကြောင့် လူသားအချင်းချင်း ခေါင်းပုံဖြတ်မှု၊ အနိုင်ကျင့်မှုနှင့် မတရားမှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကြား အရေးပါသည့် ဆက်နွှယ်မှုကို မီးမောင်းထိုးပြရန်အတွက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက် လျက်ရှိပြီး သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန် အလေးထားလုပ်ဆောင်လျက်ရှိသည်။ ပြည်သူလူထု၏ အကျိုးစီးပွားများ ဆုံးရှုံးနစ်နာမှုမရှိစေရန်၊ အသိပညာနှင့် ကိုယ်ကျင့် သိက္ခာမြှင့်တင်စေရန်အတွက် အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် အရေးယူလျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေခြင်းမှာ  မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို အဂတိကင်းစင်သော လူ့အဖွဲ့အစည်းဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်အတူလက်တွဲ၍ တွန်းလှန်တိုက်ဖျက်ခြင်းဖြင့် အများပြည်သူတို့၏ ဘဝများ သာယာဝပြောလာစေရန် ရည်မှန်းချက်ထားရှိလျက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုဖွဲ့စည်းထားရှိသည်။  ကော်မရှင်၏ လုပ်ငန်းတာဝန်များအဖြစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြစ်ထွန်းပေါ် ပေါက်လာစေရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ်ခံယူကာ အဂတိလိုက်စားမှုဆိုင်ရာ အများပြည်သူသို့ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် အဂတိလိုက်စားမှုများအား အရေးယူ ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ရန် သတ်မှတ်ထားသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ပုဒ်သည် အဂတိပယ်ခွာ ပြည်သာယာဟူ၍ဖြစ်သည်။

အဂတိလိုက်စားမှုကင်းစင်သော တိုင်းပြည်သည် သာသာယာယာရှိနေမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင် တိုးတက်မှုရှိကာ နိုင်ငံတော်သည်လည်း သာယာဝပြောနေပေလိမ့်မည်။ အဂတိလိုက်စားမှုသည် နိုင်ငံအလိုက်၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် အဓိက အတားအဆီးတစ်ခု ဖြစ်နေပါသည်။ အဂတိ လိုက်စားမှု၊ ပဋိပက္ခနှင့် မတည်ငြိမ်မှုများသည် အပြန်အလှန် ဆက်နွှယ်နေသည့်အတွက် ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ အားကစား၊ ကျား၊ မတန်းတူညီမျှရေး၊ တရားမျှတမှုရှိရေးစသည့် လူမှုအဖွဲ့အစည်း၏ တိုးတက်မှုနယ်ပယ်အားလုံးကို အဂတိ လိုက်စားမှုများက ထိခိုက်စေလျက်ရှိသည်။

အဂတိလိုက်စားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဆန့်ကျင်ဘက် အသွင်ဆောင်လျက်ရှိသည်။ အဂတိလိုက်စားမှုများကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသည့် ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားဖြစ်စေသည်။ ဝင်ငွေမညီမျှမှု ပိုမိုဆိုးရွားစေ သည်။ အစိုးရဝန်ဆောင်မှုစရိတ်များ မြင့်တက်စေသည်။ နိုင်ငံ၏ စီးပွားရေးအပေါ် တိုက်ရိုက်ထိခိုက်စေသည့်အပြင် အခြားသော ဖွံ့ဖြိုးရေး ကဏ္ဍများကိုလည်း သွယ်ဝိုက်၍ ထိခိုက်စေလျက်ရှိကြောင်း သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် “အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ စည်းလုံးဆောင်ရွက်ကြပါစို့” ဟူ၍ တိုက်တွန်းရေးသားလိုက်ရပေသည်။   ။