သဘာဝဘေး ကယ်ဆယ်ရေး မနှေး ရောက်လာ တပ်မတော်ပါ

အယ်ဒီတာ့အာဘော် (၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင် ၂၄ ရက်) မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့နေရသော ရေကြီးရေလျှံမှုသဘာဝဘေးအန္တရာယ်သည် လူသားတို့  အနေဖြင့် တားဆီး၍ ရနိုင်သောအရာများမဟုတ်ပေ။ နှစ်စဉ်ကြုံတွေ့ရသောအတွေ့အကြုံများကို အခြေခံ၍ ခေတ်မီနည်း စနစ်များဖြင့် သက်သာအောင် ဆောင်ရွက်ခြင်း၊ ကြိုတင်၍ ဘေးကင်းရာနေရာများသို့ပြောင်းရွှေ့ နေထိုင်စေခြင်း တို့ဖြင့် ရှောင်ရှားနိုင်သည်။ နှစ်စဉ် ဇူလိုင်၊ သြဂုတ်လတို့သည် ရေဘေးအန္တရာယ်နှင့်ကြုံတွေ့ လေ့ရှိသော လများဖြစ်သည်။ မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှု အခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင်  အချိန်တို အတွင်း မိုးရေချိန်များပြားစွာ ရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်း များကိုလည်း ကြုံတွေ့ရနိုင်လေသည်။ လူတို့သည် အသက်ရှင်နေသမျှကာလပတ်လုံး သတိတရားလက်ကိုင်ထားကာ သွားလာ၊ နေထိုင်ကြရပေမည်။ သတိလက်လွတ်၍မဖြစ်ပေ။ သတိတရားရှိနေသူအတွက် ဘေးအန္တရာယ်သည် ပပျောက်သွားနိုင် သည်။ ကျရောက် လာခြင်းမရှိနိုင်ပါ။ နေ့စဉ်သတင်းများအပြီးတွင် ထုတ်လွှင့်နေသည့် မိုးလေဝသသတင်း များကို နားထောင်ပါ။ မိုးလေဝသ သတင်းများနှင့်အတူ ထူးခြားမြစ်ရေအခြေအနေများကိုလည်း ထုတ်ပြန်ပေး  လျက်ရှိသည်။ ထိုအချက်များကိုနားထောင်၍ ကြိုတင်ပြင်ဆင်မှုဖြင့် အန္တရာယ်ကင်းအောင်လိုက်နာလုပ်ဆောင်  ကြစေချင်သည်။ မိသားစုအရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်  သတ်မှတ်ထားပါ။ ရေစိုပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍မြင့်သောနေရာတွင်ထားရှိပါ။ အရေးပေါ်  အသင့်စားအစားအစာများ၊ ဆေးဝါး၊ သောက်ရေ၊ လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များအရန်သင့် ဆောင်ထားပါ။ အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ကားတာယာကျွတ် အစရှိသည့်  အရေးပေါ် အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ။ မြန်မာနိုင်ငံ၏မြေ အနေအထားသည် တောင်ပေါ်နှင့်မြေပြန့်ဟူ၍ရှိပေရာ ရေလွှမ်းမိုးပါက အန္တရာယ်  ဖြစ်နိုင်သော မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်း အစရှိသည့်နေရာများကို မြင်သာသောအမှတ်အသားများဖြင့်  ကြိုတင် မှတ်သား ထားရှိပါ။  တောင်ပေါ်ဒေသများ၊ ချောင်းများ၊  မြစ်ဖျားများတွင် မိုးကြီးပါက  မြစ်ဝှမ်း တစ်လျှောက်တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများဖြစ်နိုင်သည်။ လျှပ်တစ်ပြက်ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်း ပါးသည်။ အထူးသဖြင့် ညအချိန်တွင် ပိုမိုဂရုပြုနေထိုင်ပါ။ ကချင်ပြည်နယ်အတွင်း   မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်  မိုးကောင်းချောင်းရေမြင့်တက်လာပြီး မြစ်ကြီးနား-တနိုင်း ကားလမ်းပေါ်ရှိ ရှဒူဇွပ်ကျေးရွာ မြေနိမ့်ပိုင်းရှ ိနေအိမ်များသို့ ဇူလိုင် ၂ဝ ရက်က ချောင်းရေဝင်ရောက်ခဲ့သည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများသည် သတင်းကြားလျှင်ကြားချင်း  အဆိုပါကျေးရွာသို့ သွားရောက်ကာ  ရေဘေး သင့်ပြည် သူ ၁၁ဝဝ ဦးကို  စက်လှေခြောက်စင်း၊ အသက်ကယ်လှေသုံးစင်း၊ အသက်ကယ် အင်္ကျီများဖြင့် ရေဘေး လွတ်ကင်းရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး လိုအပ်သည့် သောက်သုံးရေများ၊ ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာ များ ပေးအပ်လှူဒါန်းခဲ့သည်။  ထို့အတူ ဧရာဝတီမြစ်ရေမြင့်တက်ပြီး တာပေါင်ကျိုးမှုကြောင့် ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် မှန်တန်းရပ်ကွက်၊ ယင်းတော်ရပ်ကွက်၊ ဈေးချိုရပ်ကွက်နှင့် ကျန်းတန်းရပ်များရှိ  ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးရှောင်စခန်းများ၌ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းမှစတင်၍ အလယ်ပိုင်း  တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်ရင်းမှ ဆေးကုသရေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးသည်။ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုဖြစ်စေရန်အတွက်  နှာခေါင်းစည်း များဖြန့်ဝေပေးခြင်း၊  ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင် ရွက် ပေးသည်။  ဇူလိုင် ၂ဝ ရက်ကလည်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် တံတားဦးမြို့နယ် လက်ဆောင်ယူကျေးရွာ အတွင်း ရေဝင် ရောက်မှုဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများက  ရေဘေးလွတ်ရာ သို့ရွှေ့ပြောင်း ပေးခဲ့သည်။ ကျောက်ဆည်တပ်နယ်မှ တပ်နယ်မှူးနှင့် တပ်မတော်သားများက  ရေဘေး သင့်ပြည်သူများ အတွက် ရေသန့်ဘူး ၃ဝဝ၊ ကြက်ဥအလုံး ၅ဝဝ၊ ခေါက်ဆွဲခြောက်ရှစ်ဖာနှင့် ကော်ဖီမစ် ထုပ်များ ပေးအပ်ခဲ့ပြီး နယ်မြေခံ ဆေးကုသရေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ  ဆောင်ရွက် ပေး ခဲ့သည်။ တပ်မတော်သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာများကို ကာကွယ်စောင့်ရှောက်လျက်ရှိရာ ပြည်သူလူထုတွင် အခက်အခဲကြုံလေတိုင်း တပ်မတော်သည် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး၊ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများအနေဖြင့်လည်း  အစစ အရာရာတွင် သတိရှိရှိနေထိုင်၍ သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်မှုဖြင့်အနိုင်ယူ ကြစေချင်သည်။  မည်သို့ပင်ဖြစ်ပါစေ တပ်မတော်သည် သဘာဝဘေးကယ်ဆယ်ရေး မနှေးရောက်လာ မည်သာဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။