ကိုကိုးကျွန်းဒေသ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး

အယ်ဒီတာ့အာဘော် (၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင် ၂၃ ရက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင် ၂ဝ ရက်က ကိုကိုး ကျွန်းမြို့နယ်ရှိ  နယ်မြေခံရေတပ်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ များအား တွေ့ဆုံ အမှာစကား ပြောကြားခဲ့သည်။  ကိုကိုးကျွန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများပေးအပ်လှူဒါန်းခဲ့သည်။ ကျန်းမာရေးနှင့် ပတ်သက်လာလျှင် မြန်မာနိုင်ငံ တွင် COVID-19 ဖြစ်ပွားမှု ပမာဏနည်းပါးသည် ဆိုသော်လည်း သတိဖြင့်ဆင်ခြင် နေထိုင်ကြရ မည်ဖြစ်ကြောင်း၊   မိမိတို့နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုများမှာလည်း  ပြည်တွင်း ကူးစက်မှုနည်းပါးပြီး  ပြည်ပ မှ ပြန်လည် ဝင်ရောက်လာသူများမှ ကူးစက်မှုများပြားသည့်အတွက် ထပ်မံဖြစ်ပေါ်လာနိုင်သည့် ရောဂါကူး စက်မှု အခြေအနေများ အတွက် ကြိုတင်ပြင်ဆင်ကြရမည်ဖြစ်ကြောင်း၊  ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမို ထိရောက်ကောင်းမွန်သည် ဖြစ်သောကြောင့် အသိတရားဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားခဲ့သည်။ တပ်မတော်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးများကို   အင်တိုက်အား တိုက်ဆောင်ရွက်လျက်ရှိသည်။ ကိုကိုးကျွန်းဒေသသို့လည်း ဆေးရုံသင်္ဘောများ စေလွှတ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ဒေသခံပြည်သူလူထု၏ ကျန်းမာရေး အတွက်  နယ်မြေခံတပ်မှ ဆေးတပ်ဖွဲ့ဝင်များကလည်း ပြည်သူများနှင့် ထိထိရောက်ရောက်ပူးပေါင်း ဆောင်ရွက် လျက်ရှိသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ကိုကိုးကျွန်းသို့ ပထမဆုံးအကြိမ်ရောက်ရှိစဉ်က လေယာဉ်ပင် ခက်ခက်ခဲခဲ ဆင်းသက်ခဲ့ရသော အနေအထားဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသည့်အတွက် ထိုစဉ်ကပင် ကိုကိုးကျွန်း ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန် လမ်းညွှန်ပေးခဲ့သည်။ တပ်တည်ဆောက် ရေးလုပ် ငန်းများကို ဆောင်ရွက်သလို မြို့တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်စေခဲ့သည်။ ယခုအခါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ကိုကိုးကျွန်းမြို့နယ်သို့ ၁၆ ကြိမ်မြောက်ရောက်ရှိခြင်းဖြစ် သည်။ ကိုကိုးကျွန်း ဒေသတွင် မရှိမဖြစ် လိုအပ်နေသော ဆိပ်ကမ်းတစ်ခုကို အဆင့်မီမီ တည်ဆောက်ပေးနိုင် ခဲ့သည်။ ကိုကိုးကျွန်း လေယာဉ်ကွင်းကိုလည်း အဆင့်မြှင့်တင်ပေးခဲ့သဖြင့် ဂျက်လေယာဉ်များပင် ဆင်းသက် နိုင်ပြီဖြစ် သည်။ ကိုကိုးကျွန်းဒေသ၏ စီးပွားရေး လုပ်ငန်းများမှာလည်း တိုးတက် အောင်မြင်နေပြီဖြစ်သည်။ ကိုကိုးကျွန်းတွင် အုန်းပင် အမြောက်အမြား ရှိနေသည့်အတွက် အုန်းနှင့် အုန်းထွက်ပစ္စည်းများကို ကိုကိုးကျွန်း၏အဓိက ထွက်ကုန် အဖြစ်ထုတ်လုပ်နိုင်ရန်  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ယခု လက်ရှိ ထုတ်လုပ် နေသည့် အုန်းဆီ၊ အုန်းဆံကြိုး၊ အုန်းအလှဆင် ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ လှလှပပ ထုတ်လုပ် နိုင်ပြီ ဖြစ်သည်။ အုန်းမီးသွေး၊ အုန်းခွံ ဓာတ်မြေသြဇာများ ထပ်မံ ထုတ်လုပ်နိုင်ရေးနှင့် အဆိုပါ အုန်းနှင့် အုန်းထွက် ပစ္စည်း စက်ရုံကိုလည်း  ဒေသခံပြည်သူများ  အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး ဆောင်ရွက်ပေး ရန် မှာကြားခဲ့သည်။ တပ်မတော်အနေဖြင့် ဒေသခံပြည်သူများ၏ နေရေး၊ စားရေး၊ သောက်ရေးလုပ်ငန်းများတွင် အဆင်ပြေစေရေး အမြဲ ဆောင်ရွက်ပေးလျက်ရှိသည်။  သွားလာမှု လွယ်ကူစေရေးအတွက် တပ်မတော် ရေယာဉ်၊ လေယာဉ်များဖြင့်  အခကြေးငွေ မယူဘဲ  ပို့ဆောင်ပေးလျက်ရှိသည်။ ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ လေယာဉ်ဖြင့် ဒေသခံ ပြည်သူ ၂၄ဝဝ ကျော်ကို ၁၇၆ ကြိမ်ပို့ဆောင်ပေးခဲ့သည်။ သွားလာရေး နှင့်ပတ်သက်၍ အခက်အခဲ မရှိစေရန်၊ စိတ်အား မငယ်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ကိုကိုးကျွန်းနေပြည်သူများအတွက် အထူးဝမ်းသာဖွယ် သတင်းကောင်းတစ်ရပ်လည်းရှိသေးသည်။ ၎င်းမှာ ဒေသခံများ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့်အစီအစဉ်ဖြစ်သည်။ မည်သူမဆို နေစရာအိမ်သည် အဓိက လိုအပ်သည်။ နေစရာအိမ်ရှိလျှင် စားစရာအတွက် စိုက်ပျိုးစားနိုင်သည်။ စားဝတ်နေရေးတွင် အားလုံးသည် အရေးကြီးသကဲ့သို့ နေရေးသည်လည်းအရေးကြီးလှသည်။ နေစရာမရှိ၍ အိမ်ငှားနေရလျှင် အိမ်ငှားစရိတ်က ရှိသေးသည်။ ကိုကိုးကျွန်းဒေသနေ အိမ်ရာလိုအပ်နေသူများအတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့ များက အမှန်တကယ် နေထိုင်ရန် လိုအပ်သူများကိုစိစစ်၍  မြေနေရာ ၆ ဧကကျော်၌ အိမ်ရာများအကွက်ချပေးမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။ တပ်မတော်အနေဖြင့် ကိုကိုးကျွန်း၏ အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးနေပြီး နောင်တွင်လည်း ကမ္ဘာလှည့် ခရီးသည်များ၊ ခရီးသွားလုပ်ငန်းများအထိ ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်သည်။ ကိုကိုးကျွန်း ဒေသသည် မြန်မာနိုင်ငံအတွက် အရေးပါလှသော ဒေသတစ်ခုဖြစ်ပေရာ ထိုဒေသဖွံ့ဖြိုးရေး၊ ဒေသနေပြည်သူများ စိတ်ချမ်းသာရေးသည် လွန်စွာအရေးကြီးပေသည်။ ထိုအချက်များကို  တပ်မတော်က ဆောင်ရွက်လျက်ရှိသည်။  ပြည်သူများအနေဖြင့်  ''တပ်နှင့်ပြည်သူလက်တွဲကူ သွေးခွဲ လာသူ တို့ရန်သူ''ဟူသော ဆောင်ပုဒ်ကိုနှလုံးသွင်းကာ ကိုကိုးကျွန်းဒေသ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် လက်တွဲ ဆောင်ရွက်နိုင်ကြရန် ရေးသား တင်ပြလိုက်ရပေသည်။    ။