မြန်မာအင်ဂျင်နီယာတို့အစွမ်း အံ့မခန်း

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၁၅ ရက်)

မြန်မာအင်ဂျင်နီယာတို့အစွမ်း အံ့မခန်း

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးတွင်  အင်ဂျင်နီယာပညာရပ်မှာ အဓိကမောင်းနှင်အားဖြစ်သည်။ သဘာဝ သယံဇာတသည် ကန့်သတ်ချက်ရှိပြီး  လူသားများ၏ လိုအပ်ချက်သည် ကန့်သတ်ချက်မရှိပါဟုဆိုသည့်အတိုင်း ခေတ်အဆက်ဆက် တွင် လူသားတို့၏လိုလားချက်၊ လိုအပ်ချက်များကြောင့် အင်ဂျင်နီယာပညာနှင့် အင်ဂျင်နီယာပညာရှင်များ ပေါ်ပေါက်လာခဲ့ ကြရသည်။ အင်ဂျင်နီယာပညာဆိုသည်မှာ သိပ္ပံနှင့်သင်္ချာပညာဘာသာရပ်ကိုအသုံးပြုပြီး  ပြဿနာများ ဖြေရှင်းသည့် ပညာရပ် ဖြစ်သည်။ အင်ဂျင်နီယာများသည် အလုပ်ကိုမည်သို့ လုပ်ရမည်ဆိုသည်နှင့် သိပ္ပံဆိုင်ရာတွေ့ရှိချက်များကို လက်တွေ့မည်သို့ အသုံးချ ရမည်ဆိုသည်ကို လုပ်ဆောင်သူများဖြစ်သည်။

သိပ္ပံ၊ အင်ဂျင်နီယာနှင့်နည်းပညာရပ်များသည် မြို့ပြတည်ဆောက်မှုအတွက် အရေးကြီးသည့် အချက်ဖြစ်သည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်များမှ ယနေ့မျက်မှောက်ခေတ်၊ ကွန်ပျူတာခေတ် စသည်ဖြင့် အဆင့်ဆင့်ဖြတ်သန်းခဲ့သည်။ အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများက လူမှုပတ်ဝန်းကျင်ကိုအလှဆင်ကြသည်။ အဆောက်အအုံများနှင့် ဖွဲ့စည်းမှု ပုံစံဒီဇိုင်းများတွင် မြန်မာနိုင်ငံရှိရွှေတိဂုံစေတီတော်၊ တရုတ်နိုင်ငံရှိ မဟာတံတိုင်းနှင့် လျှိုမြောင်သုံးသွယ်ရေကာတာ၊ ကမ္ဘောဒီးယား နိုင်ငံရှိ အန်ကောဝပ်ဘုရားကျောင်း၊ ပြင်သစ်နိုင်ငံရှိ အီဖယ်မျှော်စင်၊ အိန္ဒိယနိုင်ငံရှိ မီးပြတိုက်များ၊ အီဂျစ်နိုင်ငံရှိ ဂရိတ်ပိရမစ်များမှာ  ကမ္ဘာပေါ်တွင်ထင်ရှားကျော်ကြားသော အင်ဂျင်နီယာများ၏ နည်းပညာရပ်ဆိုင်ရာ တည်ဆောက်မှုများ ဖြစ်သည်။

နေပြည်တော်ရှိ ကမ္ဘာ့အမြင့်ဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်မှုမှာ မြန်မာအင်ဂျင်နီယာများ၏ ဆန်းသစ်တီထွင်မှု ဆိုင်ရာအောင်မြင်မှုဖြစ်သည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးပါက ဗုဒ္ဓရုပ်ပွားတော်သည် ပလ္လင်တော် အပါအဝင် အမြင့် ၈၁ ပေရှိပြီး အလေးချိန် ၅၂၉၂ တန်ရှိမည်ဖြစ်သည်။ ထုထည်နှင့်အလေးချိန်ကြီးမားလှသည့်အတွက် ကျောက်တုံး များကို ဆင်းတုတော်အတွက် အပိုင်း(၄)ပိုင်းနှင့်ပလ္လင်တော်အတွက် အပိုင်း(၅)ပိုင်း စုစုပေါင်းအပိုင်း(၉)ပိုင်းခွဲထုတ်ခဲ့ရသည်။ စကျင် ကျောက်တော်အပိုင်းကြီးများအား သယ်ယူပင့်ဆောင်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး စကျင်ကျောက် တော်အပိုင်းကြီးများ နေပြည်တော်သို့ သယ်ယူပင့်ဆောင်ခြင်းကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြသည်။

ရုပ်ပွားတော်မြတ်ကြီးအား  ရာသီဥတုဒဏ်နှင့် အခြားသဘာဝဘေးဒဏ်များ ခံနိုင်ရည်ရှိစေရေးအတွက် ဒီဇိုင်းရေးဆွဲထားရှိသည်။ ရုပ်ပွားတော်မြတ်ကြီး ပင်မကိုယ်ထည်ကို အပိုင်း(၄)ပိုင်းဖြင့် ထုဆစ်ပူဇော်ရာတွင် အပိုင်းတစ်ပိုင်းစီကို မြန်မာအင်ဂျင်နီယာများ ကိုယ်တိုင် တီထွင်ဒီဇိုင်းရေးဆွဲထားသည့် CNC Machine များ၊ ခေတ်မီစက်ကိရိယာများဖြင့် ပုံဖော်ထုဆစ်မှုများ ဆောင်ရွက်ခဲ့ သည်။ ဆင်းတုတော်ပင့်ဆောင်ရာတွင်ထုဆစ်ပြီးကျောက်သားများ ထိခိုက်မှုမရှိစေရန် သံမဏိပန်းတောင်း တည်ဆောက် ခြင်းတို့မှာ အချိန်အားဖြင့် ခုနစ်လကြာပြီး သံထည်ပစ္စည်းတန်ချိန် ၃၈၀၀ အသုံးပြုထားသည်။ တပ်မတော်သား အင်ဂျင်နီယာများက မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့်ပူးပေါင်းကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ကြီးမားလေးလံသည့်ပစ္စည်းကို မတင်ရွှေ့ပြောင်းဖူးသည့် နည်းပညာအတွေ့အကြုံနှင့် စက်ယန္တရားများ အသုံးမပြုခဲ့ဖူးသော်လည်း ယခုမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းအင်ဂျင်နီယာ အသီးသီးတို့၏ အတွေ့အကြုံများဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းပြီး ဒီဇိုင်းရေးဆွဲတွက်ချက်ခြင်း၊ စစ်ဆေးခြင်းတို့တွင် ခေတ်မီ နည်းပညာများကို အသုံးပြုတွက်ချက်၍ တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်သည့်လုပ်ငန်းအား တင်ပြရခြင်းမှာ  မိမိတို့ဝန်းကျင်ရှိ အင်ဂျင်နီယာ ပညာရပ် ဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို မီးမောင်းထိုးပြခြင်းဖြစ်သည်။ ကမ္ဘာကြီးတွင် ကူးစက်ရောဂါများ၊ ရာသီဥတုပြောင်းလဲမှုများ၊ သဘာဝဘေးအန္တရာယ်များ စသည်ဖြင့်အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်မှုများနှင့်ကြုံတွေ့နေသော်လည်း ကံကောင်းသည်မှာ ဆန်းသစ်တီထွင်ဉာဏ်ရှိသော အင်ဂျင်နီယာများရှိနေခြင်းဖြစ်သည်။ အင်ဂျင်နီယာပညာရပ်ဟူသည် ပြဿနာဖြေရှင်းခြင်းမျှသာ မဟုတ်ဘဲ မိမိတို့ဘဝကို ပိုမိုကောင်းမွန်စေမည့် ဖြေရှင်းနည်းများကိုရှာဖွေခြင်းပင်ဖြစ်သည်။ အင်ဂျင်နီယာများသည် ၎င်းတို့၏ ဆန်းသစ်တီထွင်မှုဖြင့် ပိုမိုကြံ့ခိုင်နိုင်သည့် ကမ္ဘာကိုတည်ဆောက်ရုံသာမက ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို ဖန်တီးနိုင်မည်ဟု ယုံကြည်သည်။

၂၀၂၃ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာနေ့၏ဆောင်ပုဒ်မှာ “အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုဖြင့် ကြံ့ကြံ့ခံနိုင်သည့် ကမ္ဘာကို တည်ဆောက်စို့” ဖြစ်သည်။ မြန်မာအင်ဂျင်နီယာများစွမ်းဆောင်ခဲ့ကြသော ခမ်းနားသည့်တီထွင်မှုများနှင့်တီထွင်ဆန်းသစ်မှုများမှာ ဂုဏ်ယူဖွယ်ဖြစ်သည်။ ဆက်လက်၍လည်း တီထွင်ဆန်းသစ်မှုများကို လုပ်ဆောင်ကြရန်ဖြစ်သည်။ ထို့ကြောင့် မြန်မာ အင်ဂျင်နီယာ တို့ အစွမ်းအံ့မခန်းဟူ၍ မြဝတီက ဂုဏ်ပြုရေးသားလိုက်ရပေသည်။   ။