ပြည့် အင်အားသည် ပြည်တွင်းမှာသာ ရှိသည်

အယ်ဒီတာ့အာဘော် (၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင် ၂၈ ရက်)

လူတစ်ယောက်တွင် လိုအပ်သော အရည်အချင်းမှာ ဗလငါးတန်ဖြစ်သည်။ ထိုဗလငါးတန်မှာ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလတို့ဖြစ်သည်။ ခွန်အားကြီးမားခြင်း၊ ဉာဏ်ပညာကြီးမား ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ မိတ်ကောင်းဆွေကောင်းရှိခြင်း၊ စည်းစိမ်ဥစ္စာချမ်းသာခြင်းတို့ရှိမှသာ  လူ့ဘဝတွင် လူရိုသေ ရှင်ရိုသေ မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကာကွယ်ရေး အင်အားတောင့်တင်းခြင်း၊ ပညာ အရည် အချင်းနှင့်ပြည့်စုံသူများပြားခြင်း၊ ကိုယ်ကျင့်သီလ ကောင်းမွန်သူပေါများခြင်း၊ မြန်မာ့အရေးကိုမှန်ကန်စွာ ရပ်တည် မည့် မိတ်ဆွေကောင်း နိုင်ငံများရှိခြင်းနှင့် နိုင်ငံတော်၏ စီးပွားရေးခိုင်မာတောင့်တင်းခြင်းတို့ဖြင့် ပြည့်စုံနေမည် ဆိုလျှင် ကမ္ဘာမှာမြန်မာဟေ့လို့ ကြွေးကြော်နိုင်သည့်အပြင် မြန်မာကိုကမ္ဘာက လေးစားလာပါမည်။ ယနေ့ကမ္ဘာတွင် စစ်အင်အားကြီးထွားမှု၊ နည်းပညာတိုးတက်ကောင်းမွန်မှု၊ စီးပွားရေး အင်အားတောင့်တင်း မှုတို့က အရေးပါ အရာရောက်ဆဲဖြစ်သည်။ ယင်းအချက်များကို ပိုင်ဆိုင်သော နိုင်ငံများက ဒီမိုကရေစီအရေး၊ လူသားတို့၏ အခွင့်အရေး၊ လွတ်လပ်ခွင့်အရေး စသည်ဖြင့်ခေါင်းစဉ် အမျိုးမျိုးတပ်ကာ နိုင်ငံငယ်များ၏ ပြည်တွင်း ရေးကို စွက်ဖက်ခြယ်လှယ်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အတွက် ဗလငါးတန်သည် အမှန်ပင် လိုအပ် လှပေသည်။  ဗလငါးတန်ပြည့်စုံရန်မှာ  နိုင်ငံအတွင်းရှိပြည်သူများက  တစည်းတလုံးတည်းသော စိတ်ဓာတ်ဖြင့် ကြိုးစားမှုရှိရပေမည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟူသော ဆောင်ပုဒ်သည် နိုင်ငံတော် အတွက် အမှန်ပင်လိုအပ်ပြီး ထိုအတိုင်းလည်း ကျင့်သုံးဆောင်ရွက်ရန် လိုပေသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ တပ်မတော်သတင်းစာ ရှင်းလင်း ပွဲပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။ သတင်းထောက်တစ်ဦး၏ မေးမြန်းချက်နှင့် ပတ်သက်၍ ''အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုဆိုတာ ကမ္ဘာပေါ် မှာ  မလွဲမသွေဖြစ်နေသည့် ကိစ္စဖြစ်ကြောင်း၊ အရင်တုန်းက ရုရှားဆိုဗီယက်နှင့် အမေရိကန် အားပြိုင်မှုတွေရှိခဲ့ ကြောင်း၊ တရုတ်အားကောင်းလာတော့ တရုတ်နှင့် အားပြိုင်မှုရှိခဲ့ကြောင်း၊ ဒါတွေက အင်အားကြီးသည့်နိုင်ငံ တွ ေပေါ်ပေါက်လာသည့်အချိန်မှာ တွေ့ရမှာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ပထဝီ အနေအထားအရ အင်အားကြီး နိုင်ငံများ၏ ဘေးတွင် နေထိုင်ရတာဖြစ်ပါကြောင်း၊ အိမ်နီးချင်းဆိုသည်မှာ ရွေးချယ်ပိုင်ခွင့် မရှိပါကြောင်း၊ မြန်မာ နိုင်ငံအနေနှင့် နိုင်ငံခြားရေးမူဝါဒမှာလည်း လွတ်လပ်ပြီးဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကျင့်သုံးလျက် ရှိကြောင်း၊ အစဉ်အဆက် သုံးစွဲလာသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်အတိုင်း  ဆောင်ရွက် လျက်ရှိကြောင်း၊ အဓိကဘယ်လိုပဲဆက်ဆံသည်ဖြစ်စေ၊ ဘယ်လိုပဲနေသည်ဖြစ်စေ မိမိတို့ မမှိတ်မသုန်ယုံကြည် ထားရမှာက ''ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်''ဆိုတာယုံကြည်ထားရမှာဖြစ်ကြောင်း''ထည့်သွင်း ဖြေကြားခဲ့ပါသည်။ မြန်မာစကားပုံတွင် မြေနိမ့်ရာလှံစိုက်ဟူသော စကားပုံတစ်ခုရှိသည်။ အဓိပ္ပာယ်မှာ မြေနိမ့်ရာတွင် လှံကိုစိုက်သ ကဲ့သို့ နိမ့်ပါးသူကိုမှ ဖိစီးနှိပ်စက်တတ်သည့်သဘောကိုဆိုလိုရင်းဖြစ်သည်။ ပြည်တွင်းအင်အား တောင့်တင်း ခိုင်မာမှု မရှိလျှင် မြေနိမ့်ရာလှံစိုက်ခံရသည့် ပမာဖြစ်သွားပေလိမ့်မည်။ မြေနိမ့်သည်ဟုဆိုရာတွင်  လူတစ်ယောက် အနေဖြင့် စဉ်းစားကြည့်မည်ဆိုပါက မိမိဘဝနိမ့်ကျခြင်း၊ မြင့်မားသွားခြင်းသည် မိမိ၏ အရည်အချင်း၊ ဆောင်ရွက်မှု ပေါ်တွင် သာမူတည်လေသည်။ လှံအစိုက်ခံရခြင်းသည် မိမိ၏ အရည်အချင်းညံ့ဖျင်း ခြင်းကြောင့် ဖြစ်သည်။ တောထဲတွင် လှံဖြင့်တောလိုက်နေသည့် မုဆိုးတစ်ဦးသည် တောထဲ၌အနားယူသည့်အခါ လှံကိုမြေပြင်မှာ စိုက်၍ နားလေ့ရှိသည်။ ထိုအချိန်တွင် သူ့ထက်မြင့်သောနေရာတွင် လှံစိုက်မည်လား၊ နိမ့်သည့်နေရာတွင် လှံစိုက်မည်လား စဉ်းစားကြည့်ပါက မြင့်သည့်နေရာတွင် လှံစိုက်ထားပါက အရေးအကြောင်းတစ်ခုခုကြုံလျှင် လှံကိုထ၍ ယူနေရ ပေမည်။ မြေနိမ့်ရာတွင်လှံစိုက်လိုက်ပါက အလွယ်တကူယူနိုင်သည်။ မြေနိမ့်ရာလှံစိုက်ဆို သည့်စကားရပ်ကို လေးလေး နက်နက်စဉ်းစားကြည့်ပါက မြေနိမ့်သည့်သူ အပြစ်လား၊ လှံစိုက်သည့်သူအပြစ်လား  ကွဲကွဲပြားပြား မြင်တွေ့ နိုင်သည်။ မိမိတို့နိုင်ငံသည် အထက်တွင် ဖော်ပြခဲ့သောဗလ ငါးတန်နှင့်ပြည့်စုံနေမည် ဆိုပါက မည်သူကမျှ ထိပါး စော်ကား ရဲမည် မဟုတ်ပေ။ မြေနိမ့်ရာတွင် လှံစိုက်ခြင်းကြောင့် မြေနိမ့်ခြင်းမျိုး မရှိအောင် အားလုံးကကြိုးစား ရမည်ဖြစ်သည်။ ထို့ကြောင့် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသောစကားရပ်ကို လက်ခံကျင့်သုံးပြီး  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး တိုးတက်သည်ထက်တိုးတက်အောင်၊ ဖွံ့ဖြိုးသည်ထက်ဖွံ့ဖြိုးအောင် တပ်မတော်က ကြိုးစား လုပ်ဆောင်လျက်ရှိပေရာ ပြည်သူတစ်ရပ်လုံးက တပ်မတော် နှင့်အတူ လက်တွဲ ညီညီ ပူးပေါင်းပါဝင်ခြင်းဖြင့် ပြည့်အင်အားသည်ပြည်တွင်းမှာရှိကြောင်း ပြသကြပါစို့။    ။