မဟာဘုံကထိန် အလှူတော်မင်္ဂလာ

မဟာဘုံကထိန် အလှူတော်မင်္ဂလာ

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တေရသမအကြိမ်၊ (၁၃)ကြိမ်မြောက် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယခုကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ (၁၃)ကြိမ်မြောက် မိသားစုများ၏ မဟာဘုံကထိန် အလှူတော်တွင် ရုံး၊ ဌာနအသီးသီးမှ ပဒေသာပင် စုစုပေါင်း ၈၆ ပင်၊ တန်ဖိုးငွေကျပ် ၁၇၄၂ သိန်းကျော် ပါဝင်လှူဒါန်းခဲ့ကြပြီး သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင် လှူဒါန်းခဲ့ကြသည်။

မြန်မာနိုင်ငံသည် ကမ္ဘာတွင်ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံအဖြစ်  ဂုဏ်ယူဖွယ်ရာ ရပ်တည်လျက်ရှိသည်။ ဗုဒ္ဓသာသနာ တည်တံ့ပြန့်ပွားရေးအတွက်  တပ်မတော်သည် အစဉ်တစိုက်လှူဒါန်းမှု အစုစုပြုကာ စောင့်ရှောက်လျက်ရှိသည်။ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ကထိန်သင်္ကန်းကပ်လှူခြင်းတို့မှာ နှစ်စဉ်မပျက်မကွက် လှူဒါန်းမှုများဖြစ်သည်။ ရာသီအချိန်အခါနှင့်အညီ လှူဒါန်းမှုပြုနေသကဲ့သို့ နေ့စဉ်နေ့တိုင်းမှာလည်း  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းမှုပြုရာတွင် သံဃာတော်၊ သာမဏေနှင့် သာသနာနွယ်ဝင် သီလရှင်များသာမက  အခြားသော ဘာသာရေးအဖွဲ့အစည်းများသို့လည်း လှူဒါန်းလျက်ရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း၊ တပ်ဖွဲ့များသည်လည်း နေ့စဉ်လှူဒါန်းခြင်း၊ အချိန်ကာလအလိုက် လှူဒါန်းခြင်းများပြုလုပ်လျက်ရှိသည်။ တပ်မတော်သားဆိုသည်မှာ  ပြည်သူအတွင်းမှ မွေးဖွားလာသူများဖြစ်သည်။ တပ်မတော်သားတို့ ကုသိုလ်ကောင်းမှု အလှူဒါနများသည် ပြည်သူလူထုအတွက်ကောင်းသော အကျိုးတရားများကိုသာ ဖြစ်ထွန်းစေမည်မှာ အမှန်ပင်ဖြစ်သည်။ ကောင်းမှုအစုစုအတွက် ကောင်းကျိုးများကို တပ်မတော်သားများ မိသားစုများနှင့်အတူ ပြည်သူတစ်ရပ်လုံး ရရှိခံစားကြရမည်ဖြစ်သည်။

ကထိန်ခင်းခြင်းနှင့် ပတ်သက်၍   ကထိန်ခင်းသော ကျောင်းတိုက်မှ   ရဟန်းတော်များရအပ်သော ကထိန်အကျိုး အာနိသင်ငါးပါးရှိသည်။ ယင်းတို့မှာရဟန်းတို့အား မပန်ကြားဘဲ ခရီးလှည့်လည်သွားလာ နိုင်ခြင်း။ အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကိုမဆောင်ဘဲ သွားလာနိုင်ခြင်း။ မအပ်သောပင့်ဖိတ်ခြင်းဖြင့် ရသောဆွမ်းကို သုံးဆောင်နိုင်ခြင်း။ ရသမျှသောသင်္ကန်းတို့ကို အဓိဋ္ဌာန်တင် သုံးဆောင်နိုင်ခြင်း။ ကထိန်ခင်းရာကျောင်းတိုက်၌ ပေါ်ပေါက်သော သင်္ကန်းများကို သုံးဆောင်နိုင်ခြင်းစသည်တို့ဖြစ်သည်။ ကထိန်အာနိ သင်အကျိုးငါးပါးကို ထိုကထိန်ခင်းသော ကျောင်းတိုက်၌  ဝါပျက်ခြင်းမရှိဘဲဝါဆိုသော ပုရိမဝါကပ်ပြီး ပဝါရဏာပြုသော သံဃာများအားလုံး ကထိန်ခင်းသောနေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ရရှိကြသည်။ ထို့အတူပင် ကထိန်သင်္ကန်းလှူဒါန်းသော ဒကာ၊ဒကာမများတွင်လည်း ကထိန်အာနိသင်ငါးပါး ရရှိကြသည်။ ယင်းတို့မှာ မိမိလိုရာအရပ်သို့ လွတ်လပ်စွာသွားနိုင်ခြင်း။ နိဗ္ဗာန်မရမီဘဝများတွင် ကိစ္စအ၀၀ ကိုအနှောင့်အယှက်ကင်းစွာ ဆောင်ရွက်နိုင်ခြင်း။ အစားအစာပစ္စည်း ဥစ္စာစည်းစိမ်တို့ကို ပေါများစွာပိုင်ဆိုင် သုံးဆောင်နိုင်ခြင်း။ အစာရေစာပေါများ၍ ဘေးအန္တရာယ်(အဆိပ်အတောက်) ကင်းစွာသုံးဆောင်နိုင်ခြင်း။ ရန်သူမျိုးငါးပါးမှ ကင်းဝေးရခြင်းစသည်တို့ဖြစ်သည်။

“သင်္ကန်းတွင်ကထိန်၊ ကျောင်းတွင်သိမ်}} ဟူသော စကားအတိုင်း  အကျိုးကျေးဇူးကြီးမားလှသော ကထိန်အကျိုးအာနိသင်ကို ရှေးအဆက်ဆက်က ဆရာတော်ကြီးများသည် တစ်ဦးတစ်ယောက်တည်း ခင်းသောကထိန်ကို လက်မခံဘဲ လူအများထည့်ဝင်သော ကထိန်လျာသင်္ကန်း(ဉတ်မကြီး)ကို အသုံးပြု၍ ဘုံကထိန်ဖြစ်အောင် ကထိန်ခင်းလေ့ရှိကြသည်။ ကထိန်ခင်းရာတွင် ကထိန်ခင်းမည့်ကျောင်းတိုက်ရှိ မည်သည့်ရဟန်းသံဃာတို့၏ ဆန္ဒတိုက်တွန်းချက်တို့ မပါဘဲ စေတနာရှင်များ၏ ဆန္ဒအလျောက် လှူဒါန်းသော သင်္ကန်းဖြင့်သာ  ကထိန်ခင်းရမည်ဖြစ်သည်။ ထိုကထိန်ခင်းရန် လျာထားသောသင်္ကန်းကို လှူဒါန်းသောကြောင့် ကထိန်လျာသင်္ကန်းဟု ခေါ်ခြင်းဖြစ်သည်။

ကထိန်ခင်းရန်အတွက် လှူဒါန်းသောကြောင့် လည်းကောင်း၊ ကထိန်ခင်းရာတွင် ကမ္မဝါဖြင့် ဉတ်ရ သောကြောင့်လည်းကောင်း၊ ထိုသင်္ကန်းကို ဉတ်မကြီး သို့မဟုတ် ဉတ်သင်္ကန်းဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း မှတ်သားသိရှိရသည်။ ကထိန်ခင်းရာတွင် အဆိုပါဉတ်မကြီးကို ပုဂ္ဂိုလ်တစ်ဦးဦးအား ရည်စူး၍မလှူဘဲ သံဃာကိုသာရည်မှန်း၍ လှူဒါန်းရသည်။ ကထိန်ခင်းမည့်သင်္ကန်းကို သီးခြားသတ်မှတ်ထားခြင်းမရှိဘဲ နှစ်ထပ်သင်္ကန်းကြီး၊ ဧကသီနှင့်သင်းပိုင်တို့မှ မိမိကြိုက်နှစ်သက်ရာကို ကထိန်သင်္ကန်းအဖြစ်သတ်မှတ် လှူဒါန်းနိုင်ကြသည်။ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏(၁၃)ကြိမ်မြောက် မဟာဘုံကထိန် အလှူတော်မင်္ဂလာသည် ကုသိုလ်လည်းယူပျော်အတူနှင့် ဆိုစကားကဲ့သို့ပင် ပျော်စရာ အလွန်ကောင်းသလို ကုသိုလ်များလည်းအများကြီးရရှိကြသည်။ အလှူဒါနပြုလုပ်ရာတွင် တစ်ရုံးနှင့်တစ်ရုံး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သူ့ထက်ငါအပြိုင် လှူဒါန်းနေခြင်းမှာ လွန်စွာကြည်နူးဖွယ် ကောင်းလှပါကြောင်း။   ။