နိုင်ငံဖွံ့ဖြိုးရေး အတွက် အဓိကအင်အားစု

နိုင်ငံဖွံ့ဖြိုးရေး အတွက် အဓိကအင်အားစု

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ် လူမှုရေးကဏ္ဍတွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ၊ “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဦးတည်ချက် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုတန်းများနှင့် ဘွဲ့လွန်သင်တန်းများကို လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနရှိ အစိုးရနည်းပညာ ကောလိပ်များ၏ B.Tech  ဘွဲ့သင်တန်းများကို လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ၊ သမဝါယမ ဦးစီး

ဌာနကြီးကြပ်မှုအောက်ရှိ   သမဝါယမ ကောလိပ်(မန္တလေး၊ ဖောင်ကြီး)  သင်တန်းများကို လည်းကောင်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများကို လည်းကောင်း   နိုဝင်ဘာလ ၁၆ ရက်မှ စတင်ကာ နေ့စဉ် နံနက် ၉  နာရီမှ  ညနေ  ၄  နာရီအထိ ပိတ်ရက်မရှိ   ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိပြီး နိုဝင်ဘာလ ၂၃ ရက်တွင် တက္ကသိုလ်၊ ကောလိပ်များအားလုံး ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရှိရသည်။

    ကျောင်းများဖွင့်လှစ်ခြင်းသည် ကျောင်းသား၊ ကျောင်းသူတိုင်း မျှော်လင့်နေသော အရာဖြစ်သည်။ မိဘတိုင်းကလည်း မိမိတို့ သားသမီးများ ဘဝမြင့်မားရေးအတွက် မျှော်လင့်ချက်ဖြစ်သည်။ ပညာတတ်မြောက်သူ ပေါများမှလည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ လူငယ်ဟူသည်မှာလျင်မြန်ခြင်း၊ နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊ ရဲရင့်ခြင်း၊ တတ်မြောက်လွယ်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအား ရှိသူများဖြစ်ကြသည်။ ထိုလူငယ်များကို စနစ်တကျ ပြုစုပျိုးထောင် လေ့ကျင့်ပေးရန် လိုအပ်လှသည်။ ထို့ကြောင့် လူငယ်ပြုစု ပျိုးထောင်ရေးတွင် အဓိကကျလှသည့် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာ တက္ကသိုလ်များကို စဉ်ဆက်မပြတ် ဖွင့်လှစ်နေခြင်းဖြစ်သည်။

အနာဂတ်တွင်ခေါင်းဆောင်များဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများကို အတတ်ပညာနှင့် ကျင့်ဝတ် တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆို တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို အမြို့မြို့ အနယ်နယ်တွင် ကျင်းပလျက်ရှိသည်။ လူငယ်စကားဝိုင်းများတွင် လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်လူမှုကွန်ရက် မီဒီယာစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးလျက်ရှိရာ ဤခေါင်းစဉ်များနှင့် အကြောင်းအရာများသည် လူငယ်တို့၏ အနာဂတ်ခရီးလမ်း ကောင်းမွန်စေရေးကို ဦးတည်ခြင်းဖြစ်သည်။ လူငယ်ဆိုသည်မှာ လူတစ်ယောက်၏ ဘဝတွင်အကောင်းဆုံးအရွယ်ဖြစ်သည်။

ယနေ့လူငယ်ကျောင်းသား၊  ကျောင်းသူများအနေဖြင့်  လူငယ်ဘဝမှစတင်ကာ  အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကို အစဉ်အမြဲလေ့လာ ဆည်းပူးနေကြရမည်ဖြစ်သည်။ ပညာဆည်းပူးခြင်းဖြင့် အကောင်းအဆိုး၊ ဆင်ခြင်တုံတရားနှင့် ဆန်းသစ်မှုတို့ကို ရှာဖွေနိုင်ပေမည်။ ပညာတတ်မြောက်ရေးအပြင် စိတ်ဓာတ်ကောင်းမွန်ရေးနှင့် ကျန်းမာသန်စွမ်းရေးတို့လည်း လိုအပ်သည်။ လူငယ်လူရွယ်များသည် စိတ်ဓာတ်အားဖြင့် ဖြူစင်ပြီးသားဖြစ်သော်လည်း ပတ်ဝန်းကျင်ပေါ် မူတည်၍   ပြောင်းလဲတတ်သည်။ ပတ်ဝန်းကျင်ကောင်းလျှင် ကောင်းသလောက် လူငယ်တို့လမ်းကောင်းသို့ ရောက်ရှိမည်ဖြစ်ပြီး ပတ်ဝန်းကျင်ဆိုးရွားလျှင် လမ်းမှားသို့ ရောက်သွားပေလိမ့်မည်။ လူငယ်တို့၏ရှိပြီးသား အဖြူထည်ကို  ညစ်နွမ်းမှု၊ အရောင်ဆိုးမှု မခံရလေအောင် ဗလငါးတန်ဖြင့် ကာကွယ်ကြရမည်ဖြစ်သည်။

အခြေခံပညာမှတစ်ဆင့် အဆင့်မြင့်ပညာများ တတ်မြောက်အောင် သင်ယူကာ လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်ကြရမည့် လူငယ်များတွင် အဓိကထားရှိရမည်မှာ တိုင်းချစ်ပြည်ချစ်စိတ်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင်   မိမိတို့တတ်စွမ်းသည့်ဘက်မှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လူငယ်များအနေဖြင့်   နိုင်ငံ့တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ရဲရင့်မှု၊ ယုံကြည်မှုဖြင့် အများအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့် သားကောင်း၊ သမီးမွန်များ ဖြစ်လာစေရန် မိမိကိုယ်တိုင်ကြိုးစား အားထုတ်မှု၊ မိဘဆရာသမားများ၏ သွန်သင်ဆုံးမမှုတို့ကိုနာခံကာ အတုယူစရာ ပတ်ဝန်းကျင်ကောင်းများ ရှာဖွေမှုတို့ဖြင့် တစ်ဆင့်ထက်တစ်ဆင့် မြင့်ထက်မြင့်အောင် ကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် အဆင့်မြင့်ပညာ သင်ယူကြသူများအားလုံးမှာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအင်အားစုများ ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။    ။