ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိ

ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိ

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်)

    မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသည့် နိုင်ငံဖြစ်သည်။နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်သည်။ စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်း မပြုကြောင်းနှင့် တရားဝင် ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်း မပြုကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆ တွင် ခိုင်ခိုင်မာမာ ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များတွင် စိုးရိမ်ကြောင့်ကြမှု ကင်းစွာ အသုံးပြုကြရန်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို  ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ  လိုက်နာ ကျင့်သုံးလျက်ရှိသည်။ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိလာအောင် အလေးထား ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့်  ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှု ရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်လျက်ရှိသည်။ ထိုသို့သောအခြေအနေကောင်းများ ပေါ်ထွန်းလာရန် ဆောင်ရွက်နေစဉ် အများပြည်သူတို့၏ ကောင်းကျိုး၊ နိုင်ငံတော်၏ ကောင်းကျိုးကို မလိုလားသော တိုင်းပြည်ပျက်စီးရေးကို အစဉ်တစိုက်တွေးခေါ် လုပ်ဆောင် နေသည့် အကြမ်းဖက်သောင်းကျန်းသူများသည် အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

အကြမ်းဖက်သောင်းကျန်းသူများနှင့်အတူ နိုင်ငံနှင့်လူမျိုး ကောင်းကျိုးထက် ဒေါ်လာငွေကြေး မက်မောကာ သတင်းအမှားများကိုဖြန့်ချိနေသော ပြည်ဖျက်မီဒီယာ အချို့ကလည်း အချိန်ကိုက်ပူးပေါင်း လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်။ ယခုရက်များအတွင်း အကြမ်းဖက်သောင်းကျန်းသူတို့က ကာယကံမြောက် တိုင်းပြည်ပျက်စီးရေးကို လုပ်ဆောင်လာသကဲ့သို့ ပြည်ဖျက်မီဒီယာများကလည်း ဝစီကံမြောက်ချိန်ကိုက် ကောလာဟလ သတင်းများဖြန့်ချိကာ ပြည်သူတို့ကို အဆိပ်မှိုင်းတိုက်လျက်ရှိသည်။ နိုင်ငံတော်တွင် သုံးစွဲနေသောငွေကြေးနှင့် ပတ်သက်၍ ကောလာဟလ ထုတ်လွှင့်ခြင်းဖြင့် အများပြည်သူတို့ စိတ်သောက၊ လူဒုက္ခ ကြုံအောင် လုပ်ဆောင်နေသည်။

နယ်ဘဏ်ခွဲအချို့သည် မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု ရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူ၍ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်အုပ်စုများကို ထောက်ခံအားပေးသူများက လူမှုကွန်ရက်များတွင် အဆိုပါသတင်းများကို ဖော်ပြပြီး ပြည်သူ့ငွေများ ဆုံးရှုံးကာ ပြည်သူများက ဘဏ်များမှငွေများ ထုတ်ယူ၍မရတော့သကဲ့သို့ သွေးထိုးလှုံ့ဆော် ရေးသားသည်။  ဘဏ်များနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် ကောလာဟလ များသည် မှန်ကန်ခြင်းမရှိဘဲ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ဘဏ်အချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှု ပေးသည့် Core Banking System  အသုံးပြုလျက်ရှိသည်။ ဘဏ်ခွဲတစ်ခု၏ ဝန်ဆောင်မှုသည် အကြောင်းတစ်စုံတစ်ရာကြောင့် ရပ်တန့်သွားပါကလည်း ပြည်သူများအနေဖြင့် ငွေများထုတ်ယူ၍ မရတော့သည့် အခြေအနေမျိုးဖြစ်ပေါ်သွားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ရယူနိုင်ပြီး မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ်များဖြင့် ပေးချေခြင်း၊ စာရင်းပြောင်းနည်းများဖြင့် ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်ပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ကြီးကြပ်မှုဖြင့် ဘဏ်များသည် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆက်လက်ဝန်ဆောင်မှု ပေးလျက်ရှိသည်။

ပြည်သူများအနေဖြင့် ကောလာဟလများကို ယုံကြည်ပြီး ဘဏ်များမှငွေများကို လိုသည်ထက် ပိုမိုထုတ်ယူ၍ လက်ဝယ်ထားရှိခြင်းကြောင့် အန္တရာယ်ရှိနိုင်ပြီး မိမိတို့ငွေများဆုံးရှုံးနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ပြင်ဘဏ်များ၏ ပြင်ပတွင် ငွေသားများလိုသည်ထက် ပိုမိုရောက်ရှိ လည်ပတ်နေခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါသည်။

လက်ရှိအခြေအနေတွင် ဘဏ်များ၌ငွေသားများ အလုံအလောက်ရှိနေပြီး  ဗဟိုဘဏ်ကလည်း ဘဏ်အသီးသီးထံသို့ ငွေသားများပံ့ပိုးပေးရန် အသင့်ဆောင်ရွက်ထားရှိသည်။ ဘဏ်များတွင် ယုံကြည်စိတ်ချစွာ အပ်နှံထားခြင်းသည်  မည်သည့်အခြေအနေ၊ မည်သည့်အချိန်တွင်မဆို မိမိ၏ငွေသာဖြစ်ပြီး အဆိုပါ ငွေများမှာ ကိန်းဂဏန်းအတိအကျ၊ ပိုင်ရှင်အမည် အတိအကျနှင့်ရှိနေကာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ တာဝန်ယူမှုနှင့် အကာအကွယ်ပေးမှု အပြည့်အဝ ရှိနေမည်ဖြစ်သည်။အနှစ်ချုပ်ဆိုရသော် ဘဏ်များနှင့် ပတ်သက်၍ထွက်ပေါ်နေသည့် ကောလာဟလများသည် မှန်ကန်ခြင်းမရှိဘဲ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။