အကြမ်းဖက် သောင်းကျန်းသူနှင့် သတင်းတု သတင်းမှား

အကြမ်းဖက် သောင်းကျန်းသူနှင့် သတင်းတု သတင်းမှား

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်)

    နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းပြည်အေးချမ်း သာယာရေးကိုရှေးရှုကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် ငြိမ်းချမ်းရေး တံခါးဖွင့်ထားလျက်ရှိသည်။ တပ်မတော်အနေဖြင့် တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲပေးထားသည်မှာ ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်ကုန် အထိဖြစ်သည်။

    KNPP  နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ရေးနှင့်မသက်ဆိုင်သည့်  ကယားပြည်နယ်  လွိုင်ကော်တက္ကသိုလ်အား  လက်နက်ကြီး၊  လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ် တိုက်ခိုက်ကာ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆရာ၊ ဆရာမ အချို့ကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။

    အကြမ်းဖက် သောင်းကျန်းသူများကပင် ပါမောက္ခချုပ်နှင့်ဆရာ၊ ဆရာမများ၊ မိသားစုများကို ထိန်းသိမ်းထားသည့်ပုံစံမျိုး သတင်းအမှား ထုတ်လွှင့်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရမှု မရှိစေရေး၊ ဘေးကင်း လုံခြုံစေရေးတို့အတွက် အချိန်မီကယ်ထုတ်နိုင်ရေး ဆောင်ရွက်ခဲ့ရသည်။

    အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများအနေဖြင့် စစ်ရေးအရရှုံးနိမ့်မှု များစွာကြုံလာသောအခါ မဟုတ်မမှန်သော သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများနှင့်ပေါင်းကာ ထုတ်လွှင့်နေကြသည်။

    ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်ရှိ စခန်းသစ်လုံခြုံရေး စခန်းအား TNLA အဖွဲ့နှင့် PDF  အမည်ခံ အကြမ်းဖက်သမားများက တိုက်ခိုက်လျက်ရှိပြီး တပ်မတော်မှ နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လိုအပ်သောလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တပ်မတော်မှ အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်လာခဲ့သည်ဟု TNLAအဖွဲ့မှ မဟုတ်မမှန် သတင်းထုတ်ပြန်ချက် တစ်ခုကို Online  မီဒီယာများတွင် ဖြန့်ဝေခဲ့သည်။ တပ်မတော်အနေဖြင့် အဆိပ်ငွေ့ဗုံးများအား မည်သည့်တိုက်ပွဲများတွင်မှ အသုံးပြု တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်ရေး ဆောင်ရွက်ရာတွင်  ထိရောက်သော လက်နက်ကြီးပစ်ကူဖြင့် တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုများကြောင့် TNLA  အဖွဲ့နှင့် PDFအမည်ခံ အကြမ်းဖက်သမားများ အကျအဆုံးများလာပြီး ၎င်းတို့အဖွဲ့အတွင်း စိတ်ဓာတ်ပျက်ပြားကာ တိုက်လိုခိုက်လိုစိတ် မရှိကြတော့သဖြင့် အဆိပ်ငွေ့ဗုံးများ အသုံးပြုသည်ဟု မဟုတ်မမှန်လုပ်ကြံ၍ ပြည်ဖျက်မီဒီယာအားကိုးကာ သတင်းအမှားများထုတ်လွှင့်ခြင်းဖြစ်သည်။

    ထို့ပြင် ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှ လူပျောက်ကြော်ငြာများကြောင့် ရန်ကုန်မြို့တွင် ပေါ်တာဆွဲသည်ဟုဆိုပြီး မြို့နယ်အချို့တွင်  ညပိုင်းလမ်းမများအပေါ် လူအသွားအလာ ယခင်ကထက် နည်းပါးလာကြောင်း၊  ညမှောင်သည်နှင့် ယခင်ကကဲ့သို့ လူသိပ်မရှိတော့ကြောင်း၊ ဈေးဆိုင်များလည်း စောစောသိမ်းလာကြောင်းနှင့် အလုပ်သမားများလည်း စောစောပြန်ကြသည်ဟု ကောလာဟလ မမှန်သတင်းများ ရေးသားထုတ်လွှင့်၍  အများပြည်သူကြောက်ရွံ့ ထိတ်လန့်စေရန် သတင်းအမှားများ ဝါဒဖြန့်ထုတ်လွှင့်နေသည်ကို ဆောင်ရွက်တွေ့ရှိရပါသည်။

    ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများတွင် MNDAA ၊ TNLA နှင့် AA  လက်နက်ကိုင် သောင်းကျန်းသူများသည်  အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် နေမှုကြောင့်  မြို့နယ်အချို့တွင်  ဒေသခံပြည်သူများ ခေတ္တတိမ်းရှောင်နေကြလျက်ရှိရာ နိုဝင်ဘာလ ၂၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် လောက်ကိုင်မြို့အနီး တုံချိန်အရပ်တွင် စစ်ဘေးရှောင်ပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးအား လက်နက်ကြီး ကျည်ထိမှန်ပြီး ကားပေါ်တွင် ပါလာသည့်သူများ ထိခိုက်သေဆုံးမှု ရှိကြောင်း၊ အဆိုပါပစ်ခတ်မှုသည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်)မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း MNDAA ပြန်ကြားရေး တာဝန်ခံ လီကျားဝင်းက  ပြောကြားသည်ဆိုသည့် သတင်းအား လူမှုကွန်ရက် စာမျက်နှာတွင် လုပ်ကြံသတင်း ရေးသားဖြန့်ဝေမှုကိုလည်း တွေ့ရှိရသည်။ ယင်းပစ်ခတ်မှုဖြစ်စဉ်မှာ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းမရှိခဲ့ကြောင်း၊ ဖြစ်စဉ်အမှန်မှာ လက်နက်ကိုင်သောင်းကျန်းသူများက တပ်မတော်စခန်းတစ်ခုအား ပစ်ခတ်လိုက်သည့်

    လက်နက်ကြီးကျည်သည် စစ်ဘေးရှောင်ပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးအား ထိမှန်ပျက်စီး ခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများ အနေဖြင့်  ဒေသအတွင်း မတည်မငြိမ်ဖြစ်စေရန်၊  ဒေသခံတိုင်းရင်းသားများအား အကြောက်တရားဖြင့် ၎င်းတို့အား ထောက်ခံအားပေးလာစေရန်နှင့် တပ်မတော်အပေါ်  အထင်အမြင် လွဲမှားလာစေရန် ရည်ရွယ်၍ လုပ်ကြံသတင်းများကို ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်သည်။  အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်  စစ်ရေးအရ ရှုံးနိမ့်သည့်အခါတိုင်း   မဟုတ်မမှန် သတင်းအမှားများ၊ သတင်းအတုများကို လူမှုကွန်ရက်များပေါ်တွင် ထုတ်လွှင့် ဝါဒဖြန့်နေသည်ကို ပြည်သူများအနေဖြင့် သိရှိပြီး စိုးရိမ်ထိတ်လန့်မှု မဖြစ်ကြဘဲ ၎င်းသတင်းတု၊ သတင်းမှားများကို နားမယောင်ကြရန် ရေးသားလိုက်ရပေသည်။     ။