ပြည်သူများသွားလာမှု အဆင်ပြေစေရေး

ပြည်သူများသွားလာမှု အဆင်ပြေစေရေး

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်)

       မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လမ်းတံတားများ၊ ဆည်မြောင်းတာတမံများ၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ရေအားလျှပ်စစ်စက်ရုံများ၊ ရထားလမ်းများ၊ ကားလမ်းများစသည့် မြောက်မြားလှစွာသော တည်ဆောက်ရေး လုပ်ငန်းများမှာ တပ်မတော်က နိုင်ငံတော်၏ တာဝန်ဦးဆောင်စဉ်အတွင်း တည်ဆောက်ပေးထားသည့်အရာများဖြစ်သည်။ နေပြည်တော်မြို့တော် အပါအဝင် မြို့သစ်များမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင်လည်း စီမံကိန်းများ၊ အဆောက်အအုံများ တည်ဆောက် ပေးလျက်ရှိသည်။ ဤသို့တည်ဆောက်ထားသည့် အရာမှန်သမျှသည် ပြည်သူလူထုထံမှ ကောက်ခံရရှိသော အခွန်ဘဏ္ဍာများဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူပိုင် ပစ္စည်းများအဖြစ် သတ်မှတ်ထားသည်။

    ထိုသို့ပြည့်စုံကောင်းမွန်စွာ တည်ဆောက်ပေးထားသည့် အတွက် ပြည်သူများအနေဖြင့် သွားလာမှုလွယ်ကူခြင်း၊ ပညာသင်ကြားမှု လွယ်ကူခြင်း၊ ကျန်းမာရေးအတွက် လွယ်ကူခြင်း စသည်ဖြင့် ကောင်းကျိုးများစွာကို ခံစားနေကြရပြီဖြစ်သည်။ ပြည်သူတို့၏ ကောင်းကျိုးကို မလိုလားသော TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း အပါအဝင် အကြမ်းဖက် လုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ကိုင်လျက်ရှိသည့်အပြင် ဒေသအတွင်း ကုန်စည်စီးဆင်းမှု ပျက်ပြားစေရန်အလို့ငှာ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသော လမ်းများအား ကန့်လန့်ဖြတ်မြောင်းကြီးများ တူးပြီး လမ်းများကိုဖျက်ဆီးကာ မြေစိုင်များဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်၍ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို ထိခိုက်ပျက်စီးအောင် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရှိရသည်။

    ထိုသို့လုပ်ဆောင်ရာတွင် TNLA အဖွဲ့နှင့် PDFအမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ပြင်ဦးလွင်-နောင်ချို- ကျောက်မဲ-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက်ရှိ နောင်ချိုမြို့နယ် ရွှေညောင်ပင်အနီးတွင် တစ်နေရာ၊ လယ်ကျင်းကွေ့ကျေးရွာ အနီးတွင်တစ်နေရာ၊ အုမ္မခါးကျေးရွာ အနီးတွင် တစ်နေရာ၊ ဂုတ်တွင်းရှုခင်းသာ အနီးတစ်ဝိုက်တွင်တစ်နေရာ၊ နောင်ပစ်လမ်းခွဲနေရာတွင် တစ်နေရာ၊ နောင်ပစ်နှင့် နောင်ပိန်းကျေးရွာကြား နေရာတစ်ဝိုက်တွင်  ခုနစ်နေရာတို့၌  မြေဖြတ်ကျင်းများတူး၍ လမ်းအား ဖြတ်တောက်ပိတ်ဆို့ခြင်း၊ အချို့နေရာများတွင် သစ်ပင်ကြီးများအား ခုတ်လှဲပိတ်ဆို့ခြင်းနှင့် မြေကြီးများစုပုံ ပိတ်ဆို့ခြင်းများပြုလုပ်ခြင်းသည် ပြည်သူလူထု၏ အကျိုးစီးပွားကို အကြောင်းမဲ့ ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် အဖျက်အမှောင့် လုပ်ရပ်များပင်ဖြစ်သည်။

    အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူတို့သည် ပြည်သူလူထု ကောင်းကျိုးအတွက် အနည်းငယ်မျှ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အတွေးအခေါ်မဲ့စွာ၊ ယုတ်ညံ့သော စိတ်ထားဖြင့် အဖျက်လုပ်ရပ်များကို လုပ်ဆောင်ခြင်းဖြစ်သည်။ စစ်ရေးပစ်မှတ် မဟုတ်သည့် လမ်းတံတားများကို ဖျက်ဆီးထားခြင်းဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ သွားလာမှု ရပ်တန့်ခဲ့ရသည်။ ထိုသို့အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် ပြည်သူများ၏ အရေးပေါ်ကျန်းမာရေး ကိစ္စများနှင့် အခြားသော လူမှုရေးကိစ္စများအတွက် သွားလာရန် အခက်အခဲ ဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးနစ်နာမှုများစွာ တွေ့ကြုံခံစားနေရသည်ကိုလည်း မြင်တွေ့ရပါသည်။

    တပ်မတော်သည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် နိုင်ငံနှင့်လူမျိုး အကျိုးပျက်စီးအောင် လုပ်ဆောင်သူမှန်သမျှကို တိုက်ထုတ် ချေမှုန်းလျက်ရှိသည်။ အကြမ်းဖက် သောင်းကျန်းသူများအား ချေမှုန်းရင်း အခြားတစ်ဖက်တွင်လည်း အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ လမ်းပိတ်ဆို့ဖျက်ဆီးထားသည့် နေရာများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများဆောင်ရွက်ကာ အတားအဆီးများအား တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားရှင်းလင်း၍ အများပြည်သူ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြု သွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

    ထိုသို့ကြိုးပမ်း ဆောင်ရွက်ပေးမှုကြောင့် နိုဝင်ဘာလ ၁၉ ရက်ညပိုင်းတွင် အကြမ်းဖက်သမားများ ပိတ်ဆို့ဖျက်ဆီးထားသည့်နေရာ ၁၂ နေရာတို့အား ပြန်လည်ဖယ်ရှား ရှင်းလင်းပေးနိုင်ခဲ့ပြီး ကျောက်မဲမြို့အထိ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်သည်။ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ကျန်ရှိသည့်နေရာများအား ပုံမှန်အတိုင်းပြန်လည် အသုံးပြုသွားလာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူအသုံးပြု သွားလာလျက်ရှိသည့် လမ်းမကြီးများအား ဖျက်ဆီးခဲ့သည့်  TNLA  အဖွဲ့နှင့် PDF  အမည်ခံအကြမ်းဖက် သောင်းကျန်းသူများအား ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်နှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်မှုကြောင့် TNLAအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများသည် အကျအဆုံးများစွာ ရှိနေကြောင်း သိရှိရသည်။ သောင်းကျန်းသူတို့သည် အကျအဆုံး များလာလျှင် နိုင်ငံတော်နှင့် တပ်မတော်အပေါ် မဟုတ်မမှန်သော သတင်းအမှားများ၊ သတင်းအတုများ၊ ကောလာဟလများ ထုတ်ပြန်ခြင်းများကို ထုံးစံအတိုင်း ပြုလုပ်နေသည်။ အကြမ်းဖက်သောင်းကျန်းသူ လက်နက်ကိုင်တို့၏ လုပ်ရပ်မှန်သမျှသည် နေရာဒေသနှင့် လူမျိုးကောင်းကျိုး၊ နိုင်ငံကောင်းကျိုးဟူ၍ နှမ်းတစ်စေ့မျှလောက်ပင် မရှိပေ။ တပ်မတော်သည် ပြည်သူ့အတွက် ဆိုသည့်အတိုင်း အများပြည်သူများ အဆင်ပြေစွာသွားလာမှု လွယ်ကူအဆင်ပြေရေးအတွက် အချိန်နှင့်တစ်ပြေးညီ တည်ဆောက်လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။  ။