ကောင်းကျိုးများပြား မသိုးသင်္ကန်းကပ်လှူထား

ကောင်းကျိုးများပြား မသိုးသင်္ကန်းကပ်လှူထား

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်)

    ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၆ ရက် ညနေပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

    ယင်းနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင် ဦးသန့်ဆွေက မင်္ဂလာရွှေမောင်းကို တီးခတ်၍ အချက်ပေးရာ ရက်ကန်းအဖွဲ့များ ရက်ကန်းစင်တော်များ၌ မသိုးရွှေကြာ သင်္ကန်းတော်များကို စတင်ရက်လုပ်ကြသည်။ ထိုသို့ ရက်ကန်းအဖွဲ့များက ရက်ကန်းစတင် ရက်လုပ်သည်နှင့် တစ်ပြိုင်နက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်  မြဝတီတေးဂီတအဖွဲ့မှ  အနုပညာရှင်များက မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် တေးသီချင်းဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေကြပြီး အခမ်းအနား တက်ရောက်လာကြသူများက မီးပုံးပျံငယ်များနှင့်   မိုးပျံပူဖောင်းများကို တစ်ပြိုင်နက်လွှတ်တင်ကြသည်။ ပြိုင်ပွဲဝင်ရက်ကန်းစင် ကိုးစင်ဖြင့် မသိုးရွှေကြာသင်္ကန်းကို  အားကြိုးမာန်တက် ရက်လုပ်ယှဉ်ပြိုင်ကြရာ ဘုရားဖူးလာ ပြည်သူများကလည်း အားပေးလေ့လာကြည့်ရှုကြသည်။

    နံနက်စောစောတွင်ပွင့်သော အနံ့ကောင်း အနံ့မပြယ်သော ကောကနာဒ မည်သောပဒုမ္မာကြာပန်းကဲ့သို့ လည်းကောင်း၊ ကောင်းကင်၌ အမိုက်အမှောင်ကို ပယ်ဖျောက်လျက် ထွန်းလင်းတောက်ပသော နေမင်းကဲ့သို့ လည်းကောင်း တင့်တယ်တော်မူသော ကိုယ်တော်မှ ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသည်မှာ ကြည်နူးချမ်းမြေ့ပီတိဖြစ်ရပေသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်     တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ကြိုးပမ်းဆောင်ရွက်သကဲ့သို့ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေး အတွက် ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်လျက်ရှိသည်။

    မြန်မာနိုင်ငံသမိုင်းတွင် မော်ကွန်းတင်ထိုက်သည့်   မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင်  မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို “ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန်” စသည့်ရည်ရွယ်ချက် (၄)ရပ်ဖြင့် တည်ထားကိုးကွယ်ဖြစ်သည်။

    မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့(ခရစ်နှစ် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့) တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်း ပူဇော်ခြင်း၊ ကျောက်စာရုံ စေတီတော်များအား ရွှေထီးတော်တင်လှူ ပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများ ကျင်းပခဲ့ပြီးဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်နေရာ စတင်ပန္နက်တော်တင်ခြင်း ဆောင်ရွက်ချိန်မှ  ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားကျင်းပပူဇော်သည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့အထိ ရက်ပေါင်း ၁၁၄၃ ရက် ကာလအတွင်း သတ်မှတ်လုပ်ငန်းစဉ်များ အားလုံးကိုတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များအနေဖြင့် ကိုဗစ်-၁၉ အပြင်းထန်ဆုံးကာလနှင့် အခြားအခက်အခဲများကိုဖြတ်ကျော်ပြီး နေ့မအားညမအား ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှဆောင်ရွက်ခဲ့သည့် အောင်မြင်မှုရလဒ်ကို အများပြည်သူတို့ ဖူးမြင်နေကြရပြီဖြစ်သည်။

    မြန်မာနိုင်ငံနေရာအနှံ့မှာ သပ္ပာယ်ကြည်ညိုဖွယ် ကောင်းလှသည့် ဘုရားစေတီများကို တည်ထားကိုးကွယ်မှုပြုခဲ့ကြ၍ ယနေ့သက်ရှိ လူသားတို့ဖူးမြင်နေကြရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသမိုင်းတွင် ကမ္ဘာပေါ်မှာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် နိုင်ခဲ့ပြီဖြစ်သည်။ ယခုတည်ထားကိုးကွယ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာ တည်ထုံးများနှင့်အညီ တည်ထားပါသည်။

    ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာလည်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် သဒ္ဓါဓိပတိ ခေါင်းလောင်းတော်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ ဥယျာဉ်များ၊ မင်္ဂလာတံတား၊  ရေပန်းရင်ပြင်၊  သုဓမ္မာဇရပ်များ၊   မုစလိန္ဒအိုင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီများကို စနစ်တကျ လက်ရာမြောက်စွာ တည်ဆောက်ထားသည့်အတွက် ဘုရားဖူးလာသူတိုင်းက ဖူးမြော်မဆုံး၊ ကြည့်၍မဆုံး၊ လေ့လာ၍မဆုံး၊ ကြည်နူးမဆုံး ဝမ်းသာပီတိဖြစ်ရသည်။ အနှစ်ချုပ်ဆိုရသော် တန်ဆောင်တိုင် မီးထွန်းပွဲတော် ကာလအတွင်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းမှာ နိုင်ငံတော်၊ အများပြည်သူလူထုနှင့် တပ်မတော်အတွက် ကောင်းကျိုးများ ပွားများစေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။