တရားသောစစ် အောင်ရမည်

တရားသောစစ် အောင်ရမည်

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်ချမှတ်ကာ နိုင်ငံတော်ကို ဦးဆောင်လျက်ရှိသည်။  ထိုသို့ဦးဆောင်လျက်ရှိရာ  နိုင်ငံတော် တည်ငြိမ်ရေး၊  တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ ပေါင်းစုံတွင် ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်က ဖြေရှင်းပေးခြင်း မရှိသည့်အတွက် တပ်မတော်က နိုင်ငံတော်တာဝန်ကို ဦးဆောင်နေရခြင်းဖြစ်သည်။ သို့ဖြစ်၍ ရှေ့လုပ်ငန်းစဉ်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး  ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက်သွားမည်”  ဟူ၍ ချမှတ်ထားသည်။

       မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရစဉ်ကစပြီး လက်နက်ကိုင် တိုက်ခိုက်မှုအမျိုးမျိုးကို ကြုံတွေ့ခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုသည် နောက်ကျကျန်ခဲ့ရသည်။ လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့် နယ်ပယ်အသီးသီးတွင် နောက်ကျကျန်ရစ်ခြင်းကို အမြန်ဆုံး အဆုံးသတ်ရန် လိုအပ်လာပြီဖြစ်သည်။ ထို့ကြောင့်လက်နက်ကိုင် ပဋိပက္ခ အမြန်ဆုံးပြီးဆုံးပြီး ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရ အဆက်ဆက်က ကြိုးပမ်းခဲ့သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့သည်။ တိုင်းပြည်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နိုင်ငံရေး ဖြစ်စဉ်ပြောင်းလဲမှု ဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် လက်နက်ကိုင် ၃ ဖွဲ့သည် NCA လမ်းကြောင်းမှသွေဖည်ပြီး NCA ကို ပစ်ပယ်ခဲ့သည်။

       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည” ဆိုသည့်အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုသည့် စိတ်ဆန္ဒရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးရန် အစဉ်အမြဲ တံခါးဖွင့်ထားခဲ့သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်ပြောကြားမှုများ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်ဆွေးနွေးမှုများ၊ လမ်းညွှန်မှုများတွင်လည်း ငြိမ်းချမ်းရေးကို လိုလားသည့်စိတ်အမြဲရှိရန် ငြိမ်းချမ်းရေးနှင့် ပတ်သက်လာလျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဆွေးနွေးရန် အစဉ်အမြဲ တံခါးဖွင့်ထားသည်ကို ထည့်သွင်းပြောကြားသည်ကို တွေ့ရမည်ဖြစ်သည်။

    ထို့ပြင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်နှင့်နိုင်ငံသားများ ကောင်းကျိုးအတွက် လက်တွေ့ကျကျ လုပ်ဆောင်ပေးနေသည်မှာ ထင်ရှားမြင်သာသော လုပ်ရပ်များဖြစ်သည်။ တိုင်းရင်းသားလူမျိုး အမည်ခံ လက်နက်ကိုင်အဖွဲ့များ အနေဖြင့် မိမိဒေသ၊ မိမိလူမျိုးနှင့် ပြည်ထောင်စုကြီးကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက် စေချင်သည့်ဆန္ဒရှိပါက  NCA လမ်းကြောင်းတွင် လျှောက်လှမ်းခြင်း  သို့မဟုတ်  လက်နက်ကိုင် လမ်းစဉ်စွန့်လွှတ်ကာ  ပါတီဖွဲ့၍  ရွေးကောက်ပွဲဝင်ခြင်းတို့ကိုသာ  လုပ်ဆောင်ကြရမည်ဖြစ်သည်။

    နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ပေးလျက်ရှိရာ ထိုလမ်းကြောင်းတွင် ပါဝင်လျှောက်လှမ်းကာ အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်ကို တည်ဆောက်ကြရမည်ဖြစ်သည်။

      ၂၀၂၃ ခုနှစ် စက်တင်ဘာလ၂၈ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေး (၄/၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး မျှော်မှန်းချက်များ၊ ဦးတည်ချက်များကို မှန်မှန်ကန်ကန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်အနည်းငယ် အတွင်း ဒေသတွင်းနိုင်ငံများကြား၌ အလယ်အလတ် အဆင့်၌ ရပ်တည်နိုင်မည်ဖြစ်ကြောင်း” အမှာစကား ပြောကြားခဲ့သည်။ တပ်မတော်သည်  တိုင်းပြည်အေးချမ်း သာယာဝပြောရေးနှင့်  ပြည်သူများ၏  အသက်အိုးအိမ်စည်းစိမ်တို့ကိုကာကွယ် စောင့်ရှောက်ပေးလျက်ရှိသည်။ ထိုသို့အဘက်ဘက်က အကောင်းမွန်ဆုံး လုပ်ဆောင်ပေးလျက်ရှိသော်လည်း သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ် မဟုတ်သော အပြစ်မဲ့ပြည်သူများအား ဖမ်းဆီး၊ သတ်ဖြတ်၊ ပြန်ပေးဆွဲ၊ လုယက်မှုများအပြင်ပြည်သူများ အသုံးပြုရန် တည်ဆောက်ထားသည့် အခြေခံ အဆောက်အဦများကို ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။ အဆိုပါ အဖျက်သမား သောင်းကျန်းသူများကို အသက်ကိုပဓာနမထားဘဲ  ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရှင်းလင်းလျက်ရှိသည့် တပ်မတော်သားများအား ပြည်သူတစ်ရပ်လုံးက အားပေး ထောက်ခံလျက်ရှိသည်။ တိုင်းပြည်ရန်စွယ် အန္တရာယ်ဟူသမျှကို ကာကွယ်တားဆီးနေသော တပ်မတော်၏ တရားသောစစ်မှာ လုံးဝအောင်မြင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။