စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ အားလုံး အလယ်တန်းအဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့် ရရှိရေးအတွက်၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင်(၅၀)ရှိအခြေခံပညာ အထက်တန်းကျောင်း(၅၁) ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် (၃၄)ခရိုင်၌ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အတတ်ပညာများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာ အထက်တန်းကျောင်း(၃၄)ကျောင်းကို ထပ်မံဖွင့်လှစ်ရန် စီစဉ်ထားပြီးဖြစ်သည်။

    အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက် သင်ယူမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ သိရှိစေရန် (၁)အခြေခံပညာ အထက်တန်းအဆင့်၊ (၂)စက်မှုနည်းပညာ၊ (၃)စိုက်ပျိုးရေးအတတ်ပညာ၊ (၄)မွေးမြူရေး အတတ်ပညာ စသည့် ပညာရေးလမ်းသွယ်(၄)မျိုး ရွေးချယ်သင်နိုင်မည့် အခွင့်အလမ်းများ ရှိပါသည်။ မိဘများအနေဖြင့် မိမိတို့၏ သားသမီးများ၏ စိတ်ဆန္ဒနှင့် ဝါသနာပါသည့် လမ်းသို့လျှောက်လှမ်းရန် အားပေးသင့်သည်။  ကျောင်းသား၊  ကျောင်းသူများသည် အထက်တန်းအဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်သည်။

    ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန အလယ်တန်းအဆင့် (Grade 9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍  နေ့စဉ်ထုတ် သတင်းစာများတွင် အကျယ်တဝင့် ဖော်ပြပေးထားသည်။ ပညာရေးလမ်းသွယ်(၄)မျိုး ပေါ်ပေါက်လာသည့် အတွက် လူငယ်မောင်မယ်များ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို နိုင်ငံတော်၏ အခြေခံစီးပွားရေး လုပ်ငန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော်လျက်ရှိရာ အဆိုပါကဏ္ဍတွင် ကျွမ်းကျင်သော ပညာရှင်များ လိုအပ်လျက်ရှိသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အခြေခံပညာ အလယ်တန်းအောင်မြင်သူများကို  နည်းလမ်းလေးသွယ်ဖြင့် လျှောက်လှမ်းစေခြင်း ဖြစ်သည်။

    မြန်မာ့ပညာရေး မျှော်မှန်းချက်မှာ “ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး  KG+ Grade 9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေး၊ အသိပညာ၊ အတတ်ပညာ ပြည့်စုံသော ပညာတတ်များ ပေါများရေး၊ အရည်အသွေးရှိသော သင်ကြားသင်ယူမှုမြှင့်တင်ရေး၊ အသုံးချ သုတေသနနှင့် တီထွင်ဆန်းသစ်မှု အားပေးရေး”ဖြစ်ပါသည်။  ပညာရေးပြုပြင်ပြောင်းလဲမှု၊ မြှင့်တင်မှုများအရ ပညာရေးပြက္ခဒိန်မှာ မေလနှင့်ဇွန်လအတွင်း ကျောင်းအပ်နှံရေး သီတင်းပတ်၊ ဇူလိုင်လတွင် ကျောင်းနှင့်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သြဂုတ်လတွင် ကျောင်းကျန်းမာရေး သီတင်းပတ်ဟူ၍ ပညာရေး အစီအစဉ်ရေးဆွဲကာ ဆရာ၊ ကျောင်းသားများ တက်ကြွစွာ လုပ်ဆောင်ကြခြင်းဖြင့် ကျောင်းများမှာ သန့်ရှင်းသာယာ လှပလာမည်ဖြစ်သည်။

 ကျောင်းနေအရွယ် ကလေးမှန်သမျှ ကျောင်းအပ်ကြရမည်မှာ မိဘ/အုပ်ထိန်းသူတို့၏ တာဝန်ဖြစ်သလို ကလေးများအား ပညာတတ်အောင် သင်ကြားပေးကြရမည်မှာလည်း ဆရာတို့၏ တာဝန်ဖြစ်သည်။ ကလေးများမှာ ကလေးသဘာဝ ပျော်ပျော်ရွှင်ရွှင်ဖြင့် စာသင်ခန်းထဲတွင် စာပေပညာများကို ပြီးဆုံးအောင် သင်ကြားကြရမည်ဖြစ်သည်။ ကျောင်းဆိုသည်မှာ လူ့ယဉ်ကျေးမှုတစ်ခုလုံးကို ထိန်းသိမ်းနိုင်သော နေရာဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများကို အသိဉာဏ်မြှင့်တင်ပေးသလို ဗြဟ္မစိုရ်တရား ထွန်းကားအောင် ပြုစုပျိုးထောင်ပေးသည်။ စိတ်ဓာတ်ကောင်းများ ထွန်းကားအောင် မွေးမြူပြုပြင်ပေးသည်။ လူသားအချင်းချင်း ချစ်ခင်မြတ်နိုးအောင် ပူးပေါင်းဆောင်ရွက် တတ်စေရန်လမ်းပြပေးသည်။

    ထိုမှတစ်ဆင့်တက်သော် မိမိနိုင်ငံနှင့်လူမျိုးကို ချစ်သောစိတ်ရှိသည့် နိုင်ငံသားကောင်းများကို မွေးထုတ် ပေးနေသည်မှာလည်း စာသင်ကျောင်းများသာဖြစ်သည်။ စာသင်ကျောင်းများသည် လူငယ်လူရွယ်တို့၏ အကျင့်စာရိတ္တနှင့် ပညာရည်ထူးချွန်မှုကို အဓိကထား သင်ကြားပေးရာ နေရာဖြစ်သည့်အပြင် နိုင်ငံတော်၏ အနာဂတ် လှပနေဖို့အတွက် နိုင်ငံ့သားကောင်း၊ သမီးကောင်း ရတနာလေးများ မွေးထုတ်ပေးရာဖြစ်သည်။  ယနေ့အချိန်အခါတွင် ဆရာတို့၏ ပညာအရည်အသွေး၊ သဘောထား အမြော်အမြင်မြင့်မားမှုမှာ လိုအပ်ချက် တစ်ခုဖြစ်လာသည်။ ကျောင်းတစ်ကျောင်းကို ကုန်ထုတ်စက်ရုံကြီး တစ်ခုပမာကြည့်မြင်မည်ဆိုပါက ထိုစက်ရုံမှ ထုတ်လုပ်သော ထွက်ကုန်များသည် အဆင့်အတန်းမီ အရည်အသွေးပြည့်ဝမှသာ ဈေးကွက်တွင်ကျယ်မည် ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများသည် အဖိုးတန်ထုတ်ကုန်များ ပမာဖြစ်နေရပေမည်။ ထူးချွန်ပြောင်မြောက်ကာ စိတ်ထားမြင့်မြတ်၍ မေတ္တာတရားရှိသူများ မွေးထုတ်ပေးရပေမည်။ ဆိုးသွမ်းလူငယ်များ မဖြစ်ဘဲ စည်းကမ်းရှိကာ တိုင်းပြည်အတွက် အားကိုးရသူများဖြစ်ရပေမည်။ အတွေးအခေါ် မှန်ကန်ကာ နိုင်ငံ့တာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်နိုင်သူများဖြစ်ရပေမည်။

    ဖွံ့ဖြိုးတိုးတက်သော နိုင်ငံမှန်သမျှကို လေ့လာကြည့်မည်ဆိုပါက ဖွံ့ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းမှာ ပညာရေးကို တန်ဖိုးထားကြခြင်းကြောင့် ဟူသော အဖြေကိုတွေ့ရပေမည်။ လူငယ်တိုင်း ကျောင်းနေချင်စိတ် ပြင်းပြပြီး ကျောင်းကိုချစ်ခင်မြတ်နိုး တွယ်တာစိတ်ရှိပါမှ မြန်မာနိုင်ငံ၏ အနာဂတ်သည် ပိုမိုလှပမည်ဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးနေမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။