ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ

 

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်)

    လူတိုင်းလိုလားတောင့်တသော အရာသည် ကျန်းမာသန်စွမ်းရေးပင်ဖြစ်သည်။ ကျန်းမာသန်စွမ်းမှသာ လူတိုင်းသည်မိမိတို့၏ စားဝတ်နေရေးများကို ဆောင်ရွက်နိုင်ပြီး  ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြမည်ဖြစ်သည်။ ကျန်းမာပါစေ၊ချမ်းသာပါစေ ဟူသောဆုတောင်းစကားတွင် ကျန်းမာမှသာ ချမ်းသာနိုင်မည် ဖြစ်သည်။ ကျန်းမာရေးမကောင်းလျှင် ကိုယ်နှင့်စိတ်တို့ ချမ်းသာမည်မဟုတ်ပေ။ ကျန်းမာရေးကောင်းမွန် ဖို့အတွက် မိမိတွင်စွဲကပ်နေသော အနာရောဂါများကို ကုသပေးသူရှိဖို့ လိုအပ်ပေသည်။ မိမိတို့နေထိုင်သော အရပ်ဒေသတွင် ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းများ ရှိသော်လည်း မိမိကငွေကြေးမတတ်နိုင်ခဲ့သော် အနာရောဂါကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေပေလိမ့်မည်။

    ထိုအနေအထားမျိုးတွင်ရှိနေသော ပြည်သူလူထု၏ အသက်အန္တရာယ်ကို ကယ်တင်စောင့်ရှောက် ပေးသူများမှာ တပ်မတော်သားများဖြစ်သည်။ တပ်မတော်သား ဆိုသည်မှာ ပြည်သူမှမွေးဖွားပေးခဲ့သော သားကောင်းသမီးမွန်များသာဖြစ်သည်။ ပြည်သူအတွက်ဆိုလျှင် သက်စွန့်ဆံဖျား ထမ်းရွက်နေသူများဖြစ်ပေရာ ပြည်သူတို့၏ အသက်အန္တရာယ်ကိုလည်း စောင့်ရှောက်ပေးရမည်မှာ တပ်မတော်သားတို့၏မွန်မြတ် သောစိတ်ထားဖြစ်သည်။နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ် လူမှုရေးကဏ္ဍတွင် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”ဟု ချမှတ်ထားခြင်းဖြစ်သည်။

    ထို့ကြောင့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့တွင် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့များဖြင့် ပြည်သူလူထု၏ကျန်းမာရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် နိုဝင်ဘာလ ၂ ရက်မှ ၂၅ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီ တိုင်းဒေသကြီး ဟိုင်းကြီးကျွန်း ပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်မြို့နယ်၊ ကျေးရွာတို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

   ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့်  စုစုပေါင်း ဒေသခံပြည်သူ ၁၅၀၉၃ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့ပြင် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်သုံးဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

   တပ်မတော်သည် ပြည်သူလူထု၏ ကျန်းမာရေးနှင့် ပတ်သက်၍ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ခက်ခဲနေသည့်ဒေသရှိ ပြည်သူများအတွက် နယ်လှည့်အထူးကုဆေးအဖွဲ့များ စေလွှတ်ရာတွင် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်း ဒေသများနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ  ယခုခရီးစဉ်သည် (၁၇)ကြိမ်မြောက်ခရီးစဉ်ဖြစ်သည်။ ခရီးစဉ်များအတွင်း ဒေသခံပြည်သူ စုစုပေါင်း ၁၅၇၀၈၇ ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၂၁ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

   အလားတူ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကု ဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများ ပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့်မြစ်ရေယာဉ် (စကု)တို့သည်လည်း နိုဝင်ဘာလ ၁ ရက်မှနိုဝင်ဘာလ ၂၈ ရက်အထိ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း  ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။  ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ဒေသခံပြည်သူ ၁၃၉၂၈ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့သည်။ ထို့ပြင် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင် မိခင်နှစ်ဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါသည်။

    အဆိုပါ   တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ် (စကု)တို့ဖြင့် ၂၀၁၃ ခုနှစ်မှယနေ့အထိ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပြုလျက်ရှိရာ ယခုခရီးစဉ်သည် (၁၈)ကြိမ်မြောက်ဖြစ်သည်။ ပြည်သူ စုစုပေါင်း ၁၇၈၇၃၅ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၂၈ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။ နိုင်ငံတော်နှင့် တပ်မတော်၏ ကျန်းမာရေးစောင့်ရှောက်မှုသည် ပြည်သူအားလုံးအတွက် ကောင်းကျိုးများစွာ ဖြစ်ထွန်းစေလျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။