ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး

 

ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်)

    မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေသည့်နိုင်ငံဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်မှာ ပြည်သူများ တောင်းဆိုသည့်အတွက်ကြောင့် တပ်မတော်က ဖော်ဆောင်ပေးခြင်းဖြစ်သည်။ တပ်မတော်က ဦးဆောင်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို အခိုင်အမာ တည်ဆောက်ပေးထားခြင်းဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစွာတည်တံ့ရေးကို အထောက်အကူပြုသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုရေးဆွဲပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် သွားခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သွားသည့်အတွက် ရွေးကောက်ပွဲ လမ်းကြောင်းကို ဖော်ဆောင်သွားခြင်းဖြစ်သည်။

   ရွေးကောက်ပွဲလမ်းကြောင်းမှ သွားခြင်းဖြစ်၍ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်တို့တွင် အထွေထွေရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ရုပ်ပျက်ဆင်းပျက် မဲမသမာမှုများ ပြုလုပ်ခဲ့သည်မှာ ထင်ရှားပေါ်လွင်ခဲ့သည်။ ထို့နောက် မရိုးသားသော၊ မသန့်စင်သော မဲရလဒ် များဖြင့် အာဏာရဖို့အတွက် အဓမ္မကြိုးစား လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ အရေးပေါ် အခြေအနေကြေညာကာ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ပြီး တပ်မတော်က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

   တပ်မတော်အနေဖြင့်  ပါတီစုံဒီမိုကရေစီစနစ်ကို ဦးဆောင်ပြီး  ဖော်ဆောင်ပေးခဲ့သလို ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ရေး အတွက်လည်း တပ်မတော်က ဦးဆောင်ပြီး ဆက်လက် ဆောင်ရွက်လျက်ရှိသည်။  တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားသောပြည်သူများနှင့် တစ်သားတည်း ရှိနေပါသည်။ နိုင်ငံရေး တည်ဆောက်မှုတွင် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေး အတွက်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့နိုင်ငံတော်၏ အနာဂတ်ခရီးလမ်း သာယာဖြောင့်ဖြူးရေးအတွက် တပ်မတော်က ဦးဆောင်နေစဉ်အတွင်း ပြည်ပသွေးထိုး မြှောက်ပင့်ထောက်ပံ့ပေးခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ပျက်စီးစေရန် ကြံရွယ်လုပ်ဆောင်လျက် ရှိသည်။

   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၆/၂၀၂၃)သို့ တက်ရောက်အမှာစကား ပြောကြားစဉ် “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ငြိမ်းချမ်းရေးကို အကြောင်းပြု၍ နောက်ကွယ်တွင် အင်အားစုစည်း တည်ဆောက်ခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ အပြိုင်အဆိုင် တည်ဆောက်ထုတ်လုပ်ခြင်း၊  PDF  အမည်ခံအကြမ်းဖက် အဖွဲ့များကို အကြမ်းဖက် သင်တန်းများ ဖွင့်လှစ်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်း မီးကျောက်များ ရောင်းချပေးခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိပြီး ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်လျက် ရှိသည်ကိုတွေ့မြင်ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် တာဝန်ရှိသည့်အတွက် သောင်းကျန်းသူချေမှုန်းရေးကို ဖိဖိစီးစီးဆောင်ရွက် သွားမည်ဖြစ်သကဲ့သို့ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် မထိခိုက်ရေးတို့အတွက်ကိုလည်း တပ်မတော်သားများ အနေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍စွမ်းစွမ်းတမံ ဆောင်ရွက်ပေးလျက် ရှိသည်ကိုပြောလိုပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ ဖြစ်ပေါ်ခဲ့သည့် ဆူပူမှုနှင့်အကြမ်းဖက်မှုများကြောင့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ စစ်ဆင်ရေး ဆောင်ရွက်ချိန်တွင်လည်း အထူးကန့်သတ်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရသည့်အတွက် အချို့နေရာများတွင် လုံခြုံရေးအရ တပ်ဖွဲ့ဝင်များ ထားရှိရသည်။

  နယ်စပ်ဒေသနေရာများတွင် တစ်ဖက်နိုင်ငံမှ အထင်အမြင်မလွဲမှားစေရန် ကန့်သတ်ထိန်းသိမ်း ဆောင်ရွက်ရပြီး အရပ်သူ၊ အရပ်သားအပြစ်မဲ့ ပြည်သူများ မထိခိုက်အောင်လည်း ဆောင်ရွက်ခဲ့ရသည်များ ရှိသည်။

   ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ဒေသတွင် ယခုကဲ့သို့ ရှုပ်ထွေးမှုများ ဖြစ်လာခဲ့ခြင်းမှာ ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းလောင်းကစားများမှ တစ်ဆင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခင်ကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနှင့် လောင်းကစားဝိုင်းများဖြင့် လုပ်ဆောင်ခဲ့မှုများ ရှိသည်။

    ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် အသွားအလာများ တုံ့ဆိုင်းသွားသဖြင့် အွန်လိုင်းမှ လောင်းကစားများ လုပ်ဆောင်ခဲ့ပြီး လုပ်ငန်းတွင်လိုအပ်သည့် ကျွမ်းကျင်သူများနှင့် အထောက်အကူပြု ဝန်ထမ်းများကိုခေါ်ယူ၍ လုပ်ဆောင်ခဲ့ရာ တရားမဝင် နိုင်ငံခြားသားများပါ လောက်ကိုင်ဒေသသို့ ဝင်ရောက်ခဲ့သည်။

    အဆိုပါကျားဖျန့်အွန်လိုင်း လိမ်လည်မှုကြောင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ ပြည်သူများ ထိခိုက်နစ်နာခဲ့သည်။ ထို့ကြောင့်နိုင်ငံတော် အစိုးရအနေဖြင့် တရားမဝင်နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးခဲ့သည်။

ဖော်ထုတ်ရမိသည့် နိုင်ငံခြားသားများအနက် နိုဝင်ဘာလ ၂၈ ရက်အထိ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးသူ ၂၀၃၅ ဦး၊ ရှာဖွေဖမ်းဆီးလွှဲပြောင်းပေးသူ ၃၇၃၈ ဦး၊ မိမိအစီအစဉ်ဖြင့် ထွက်ခွာသူ ၃၇၉၃၆ ဦး စုစုပေါင်း ၄၃၇၀၉ ဦး ရှိပြီး အချို့မှာ ဆက်လက်လွှဲပြောင်းပေးရန် ကျန်ရှိနေသေးသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေဖြင့် မည်သည့်အခက်အခဲ အနှောင့်အယှက်နှင့် ကြုံတွေ့နေရသည်ဖြစ်ပါစေ အောင်မြင်စွာဖယ်ရှားပြီး ပါတီစုံဒီမိုကရေစီ စနစ်ကိုခိုင်ခိုင်မာမာ တည်ဆောက်မည်ဖြစ်ပါကြောင်း။   ။