တိုင်းပြည်ကောင်းကျိုး သယ်ပိုးရွက်ဆောင် အောင်ပါစေ

 

တိုင်းပြည်ကောင်းကျိုး သယ်ပိုးရွက်ဆောင် အောင်ပါစေ

 

အယ်ဒီတာ့အာဘော်

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်)

    ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့သည် ကမ္ဘာလုံးဆိုင်ရာ နှစ်သစ်ကူးပြောင်းသော နေ့ဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကောင်းမွန်စွာကြိုဆိုပါသည်။

နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့်ကာလသည် နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် ပျော်ရွှင်ကြည်နူးဖွယ်ရာ ကောင်းသောနှစ်သစ်အဖြစ် လက်ခံယုံကြည်ကြသည်။ နှစ်ဟောင်းတွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များစွာထဲမှ မကောင်းသည်များ ရှိခဲ့လျှင် ဆင်ခြင်တုံတရားဖြင့် ပြုပြင်ကြရမည်ဖြစ်သည်။ ထို့အတူ ကောင်းမွန်သော အရာများကို ပိုမိုကောင်းမွန်အောင် ဆက်လက်သယ်ပိုး လုပ်ဆောင်ကြရမည်ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်ကို အလှဆင်နိုင်ရေးမှာ နိုင်ငံသား အားလုံး၏တာဝန်ဖြစ်သည်။

မြန်မာနိုင်ငံအတွက် လွန်ခဲ့သည့် နှစ်ကာလအပိုင်းအခြားကို ပြန်ပြောင်းလေ့လာကြည့်လျှင် လွန်စွာကောင်းမွန် ထူးခြားသော ကောင်းကျိုးများကို နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ ပူးပေါင်း၍စွမ်းဆောင်ခဲ့ကြသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထုတစ်ရပ်လုံး နှလုံးစိတ်ဝမ်းအေးချမ်း စေရေးအတွက် လည်းကောင်း၊ ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုခြင်းဖြင့် လည်းကောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း၊ တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းများကို တစ်ဦးချင်းစီသို့ လက်ရောက်ပေးအပ်ခဲ့သည်။ ထိုသို့ချီးမြှင့်အပ်နှင်းခြင်းမှာ လွန်စွာကြည်နူးဖွယ် ကောင်းလှ သည့်  စွမ်းဆောင်ချက်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရာတွင်  “၂၀၂၄ခုနှစ်မှာလည်း ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ အမျိုးသားရေး ရည်မှန်းချက်များ၊ နိုင်ငံရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနဲ့ ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ပြည်သူလူထုနဲ့ လက်တွဲပြီး ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ အဓိကအားဖြင့် စီးပွားရေးပိုမိုကောင်းမွန်အောင်  ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုအခြေခံတဲ့ MSME လုပ်ငန်းများ ယခုထက်ပိုမို အားကောင်းလာအောင် ဆောင်ရွက်ပေးသွားပါမယ်။ ပညာရေးကိုလည်း ပိုမိုအားပေး ဆောင်ရွက်သွားပါမယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားပြည်သူ အားလုံးအနေနဲ့ တည်ငြိမ်အေးချမ်းပြီး မိမိတို့ရဲ့လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့”ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆိုသည့်အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူအားလုံးရဲ့ အကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝများကို ကြိုးစား တည်ဆောက်ပေးသွားမှာဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် အဂ္ဂမဟာဗျူဟာဖြစ်သော အမျိုးသားရေး မျှော်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို လည်းကောင်း၊ နိုင်ငံရေး မျှော်မှန်းချက် နှစ်ရပ်ဖြစ်သော စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို လည်းကောင်း မူဝါဒသတ်မှတ်ပြီး မဟာဗျူဟာဖြစ်သော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နည်းဗျူဟာဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်၍ အကောင်အထည် ဖော်ဆောင်လျက်ရှိသည်။

“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ အပေါင်းက မိမိတို့နေထိုင်သည့် နိုင်ငံတော်ကို ကောင်းသည်ထက်ကောင်းအောင်၊ လှသည်ထက်လှအောင် စွမ်းဆောင်ကြရမည်ဖြစ်သည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိရာတွင် နိုင်ငံသားအပေါင်းသည် နိုင်ငံ့ကောင်းကျိုးကို အစဉ်ရှေးရှု ဆောင်ရွက်ကြရမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်သစ်အခါသမယတွင် မကောင်းသော ဘေးရန်အပေါင်း လွင့်စဉ်ကွယ်ပျောက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာစေချင်သည်။ ဆရာတော် သံဃာတော်များ၏ သာသနာရေး ဆိုင်ရာဆောင်ရွက်ချက်များ အောင်မြင်ပြီးမြောက်၍ သာသနာတော်ကြီး ထွန်းလင်းတောက်ပစေချင်သည်။ ဘာသာ၊ သာသနာကို ပျက်စီးအောင် ဖျက်ဆီးနေသူများ ကင်းစင်စေချင်သည်။ မြန်မာနိုင်ငံ၏ ပိုင်နက်မြေပြင်၊ရေပြင်၊ ဝေဟင်တို့ကို ကာကွယ်စောင့်ရှောက် လျက်ရှိသော တပ်မတော်ကြီး အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော် ဖြစ်စေချင်သည်။ ဤသည်မှာ တိုင်းပြည်နှင့် လူမျိုးကိုချစ်မြတ်နိုးသော နိုင်ငံသားအားလုံး၏ ရင်တွင်း ဆန္ဒအစစ်အမှန်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ရဟန်းရှင်လူ ပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံလျက် တိုင်းပြည်အကျိုး သယ်ပိုးရွက်ဆောင် အောင်မြင်ပါစေကြောင်း ရေးသား လိုက်ရပေသည်။   ။