နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းဆီသို့

 

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းဆီသို့

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်)

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့သည်မှာ ယခုဆိုလျှင် (၇၆)နှစ်မြောက် ကာလသို့ရောက်ရှိခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေး ရရှိခဲ့သော်လည်း လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် လွတ်လပ်ရေး၏ အရသာကို ပြည်သူများပြည့်ပြည့်၀၀ မခံစားရသေးသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး အလေးပေး ဆောင်ရွက်လျက် ရှိသည်။ လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်လျှင် တိုင်းရင်းသားများနှင့် တိုင်းရင်းသားဒေသများ၏ အခွင့်အရေး ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယနေ့ကာလနိုင်ငံတော်တွင် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်နေခြင်းသည် မိမိတို့၏ သားစဉ်မြေးဆက် အနာဂတ်လူငယ်များ အတွက်ဖြစ်သည်။ တည်ငြိမ်သည့် အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အဆင့်မီ နိုင်ငံတစ်ခုအဖြစ် ကောင်းမွန်သောအမွေကို လက်ဆင့်ကမ်းနိုင်ရန် အမျိုးသားရေး တာဝန်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဒီမိုကရေစီနည်းလမ်း တကျနှင့် ငြိမ်းချမ်းစွာ နိုင်ငံတိုးတက်စေရန် ဆန္ဒမရှိသူများက ပြည်သူပြည်သားများကို နည်းမျိုးစုံနှင့် နှောင့်ယှက်ကြသည်။ အဖျက်လုပ်ငန်း အမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားများ၏ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမှာ တိုင်းပြည်အတွက် အနုတ်လက္ခဏာဖြစ်ခဲ့သည်။ ဤသို့သော အဖျက်လုပ်ရပ်များသာ မရှိခဲ့ပါက မြန်မာနိုင်ငံသည် များစွာ တိုးတက်နေပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ချမှတ်ထားသော အမျိုးသားရေး ရည်မှန်းချက်များ၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ပြည်သူလူထုနှင့် လက်တွဲပြီး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အဓိကအားဖြင့် စီးပွားရေး ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်နေသည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME  လုပ်ငန်းများ ယခုထက်ပိုမို  အားကောင်းစေရန် ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးနှင့် ဆက်စပ်မှုရှိနေသည့် ပညာရေးကိုလည်းပိုမို အားပေးဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမျိုးသားရေး ဦးတည်ချက်(၅)ရပ်ချမှတ်ကာ အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက်  လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ခြင်း မဟုတ်ဘဲ ဒေသကို အခြေခံသည့်စနစ်ကို  အဓိက ဦးတည်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့ “ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူများ အားလုံး အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များနှင့် ပြည့်စုံရန်လိုအပ်သဖြင့် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေး ကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်” ပေးရမည်ဖြစ်ပါသည်”ဟု ဖော်ပြထားပါသည်။

ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံကိုတည်ဆောက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားအားလုံး သိသင့်သိထိုက်၊ ရှိသင့်ရှိထိုက်သည့်တွေးခေါ်မြော်မြင်မှုများ၊ အသိပညာ ဗဟုသုတများ ရှိနေရမည်ဖြစ်သည်။မျိုးဆက်နှင့်ချီပြီး မျိုးဆက်အလိုက် ဆင့်ကဲ တည်ဆောက်သွားရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးကိုဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးကို အဓိက တည်ဆောက်ကြရမည်ဖြစ်သည်။ ကျောင်းနေအရွယ် ကလေးအားလုံးပညာ သင်ယူခွင့်ဖြစ်သည့် စာသင်ကျောင်းပညာရေးကို အားပေးသကဲ့သို့  ကျောင်းပြင်ပ ပညာရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်လျက်ရှိသည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်နေသကဲ့သို့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းဆီသို့ လျှောက်လှမ်းကြရာတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရင်း နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ရေးကို   ကာကွယ်စောင့်ရှောက်ကြရန် ဖြစ်ပါကြောင်းနှင့် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုပါကြောင်း ရေးသားလိုက်ရပေသည်။ ။