စွမ်းစွမ်းတမံဖြင့် ထူးကဲစွာစွမ်းဆောင်ခဲ့ကြသူများ

 

စွမ်းစွမ်းတမံဖြင့် ထူးကဲစွာစွမ်းဆောင်ခဲ့ကြသူများ

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်)

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။ လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာစေဖို့အတွက် မြန်မာတစ်မျိုးသားလုံးက တပ်မတော်နှင့်အတူ ညီညီညွတ်ညွတ် လက်တွဲကာ တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်သည်။

ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည်ရရှိရေးအတွက်မူ နှစ်ရှည်ကြာစွာ ကြိုးပမ်းခဲ့ကြရသည်။ သူ့ကျွန်ဘဝတွင် နှစ်ပေါင်း ၁၀၀ ကျော်နေထိုင်ခဲ့ရသည့် အဖြစ်မျိုးကို နောင်တွင်မည်သည့်အခါမျှ မကြုံတွေ့စေရန် ကြိုးစားရမည်မှာ မျိုးဆက်သစ် လူငယ်တို့၏ တာဝန်ပင်ဖြစ်သည်။ လူငယ်မောင်မယ်တိုင်းက နိုင်ငံနှင့်လူမျိုးကို ချစ်သောစိတ်ဖြင့် အစဉ်သတိ ရှိနေကြရမည်ဖြစ်သည်။

လွတ်လပ်ရေးနေ့တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အားကစားပြိုင်ပွဲများ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဓာတ်ပုံပြိုင်ပွဲများ ကျင်းပကြသည်မှာလည်း ပျော်ရွှင်ကြည်နူးဖွယ်ဖြစ်သည်။ ထိုသို့ကျင်းပပေးခြင်းဖြင့် ရှေးကဘိုးဘွားတို့၏ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ခက်ခဲကြမ်းတမ်း ပင်ပန်းကြီးစွာ ကြိုးပမ်းခဲ့ရပုံကို အစဉ်အောက်မေ့ သတိရပြီး ယနေ့မျိုးဆက်သစ် လူငယ်တိုင်း လွတ်လပ်ရေးကို တန်ဖိုးထားကြရမည်ဖြစ်သည်။

လူငယ်တိုင်းမှာ အနာဂတ်ကို ပိုင်စိုးသူများဖြစ်သည့်အတွက် မိမိတို့ကြီးပြင်းလာသည့်အခါ နိုင်ငံတော်နှင့် နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်သည် မိမိတို့တာဝန်ဖြစ်သည် ဟူသော အသိများ ထားရှိကြရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လွတ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၄)ဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၄)ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့များ၊  ဂုဏ်ထူးဆောင်တံဆိပ်များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် တံဆိပ်များ၊ ကဏ္ဍအလိုက် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို လည်းကောင်း၊  အမိန့်ကြော်ငြာစာ အမှတ်(၃/၂၀၂၄)ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ရေးဆွဲနိုင်ရန် အသေးစိတ် အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ညီလာခံကိုယ်စားလှယ်များကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို လည်းကောင်း ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့ပါသည်။ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်သူများကို လွတ်လပ်ရေးနေ့ရောက်တိုင်း ဂုဏ်ပြုချီးမြှင့်ခြင်းပင် ဖြစ်ပါသည်။

မြန်မာတို့သည် လွတ်လပ်ခြင်း၏ အရသာ၊  မလွတ်လပ်ခြင်း၏ ဘဝတို့ကို   ဘိုးဘွားတို့၏ အသက်နှင့်ရင်း၍ သိမြင်ခဲ့ဖူးကြပြီဖြစ်သည်။ မြန်မာ့သမိုင်းတစ်ကွေ့တွင် စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ခြင်း၊ အင်အားတောင့်တင်းသည့် ခေတ်မီတပ်မတော် တစ်ရပ် မရှိခဲ့ခြင်းကြောင့်  သူ့ကျွန်ဘဝနှင့် ရှင်သန်ခဲ့ရသည့် ဘိုးဘေးဘီဘင်တို့၏  ဖြစ်စဉ်များကို သင်ခန်းစာယူလျက်   လွတ်လပ်ရေး၏ တန်ဖိုးကိုသိရှိနားလည်ကာ အမိနိုင်ငံ၏အကျိုးကို  စွမ်းဆောင်နိုင်သလောက် ကိုယ်စီကိုယ်င စွမ်းဆောင်သွားရမည်မှာ တိုင်းရင်းသားပြည်သူ အားလုံး၏ တာဝန်ပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက်တွင် တပ်မတော်၏ စွမ်းဆောင်မှုများသည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလများတွင်လည်း နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု အကျိုးဆက်ကြောင့် ပေါ်ပေါက်လာခဲ့ရသော ခွဲထွက်ရေးလှုပ်ရှားမှုများ၊ ဆူပူမှုများ၊ လက်နက်ကိုင် သောင်းကျန်းမှုများကြောင့် လွတ်လပ်ရေးဆုံးရှုံးရန် လက်တစ်ကမ်းအလိုတွင် တပ်မတော်က ထူးခြားပြောင်မြောက်သော စွမ်းဆောင်ရည်များနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ခဲ့သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးရပြီးချိန်မှစ၍ မျက်မှောက်ကာလ လက်ရှိအခြေအနေသို့ ရောက်ရှိသည့်တိုင်အောင် တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့ကြောင်း ထင်ရှားသည့်အပြင် ယနေ့တိုင်လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲလျက် ရှိသည်မှာ စွမ်းဆောင်ရည် မြင့်မားသော တပ်မတော်သားတို့ရှိနေခြင်းကြောင့်ဖြစ်သည်။ တပ်မတော်သားတို့သည် မိမိတို့ကိုယ်ပိုင်ဆန္ဒဖြင့် အများအကျိုး သယ်ပိုးလိုစိတ်၊ စွန့်စားလိုစိတ်တို့ကိုအခြေခံကာ စစ်မှုထမ်းဆောင်နေခြင်း ဖြစ်သည်။

ထိုအခြေခံစိတ်ဓာတ်ကောင်းများကို မူတည်ပြီး လက်တွေ့ပြောင်မြောက်သည့် ရဲစွမ်းသတ္တိကို ပြသနိုင်ခဲ့သူများသည် နိုင်ငံတော်နှင့် တပ်မတော်အတွက် သူရဲကောင်းများပင်ဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် ထူးခြားလေးနက်သည့် လွတ်လပ်ရေးနေ့ အခါသမယတွင် နိုင်ငံတော်အစိုးရမှ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် ကဏ္ဍအသီးသီးမှ စွမ်းစွမ်းတမံဖြင့် ထူးကဲစွာ ဆောင်ရွက် ခဲ့ကြသည့် ဆရာတော်များ၊ လူပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင်  သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသည့်  တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ၊   ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခြင်းသည် ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။  ။