အဖိုးတန်စိတ်ဓာတ်ကောင်းများကို အားကျအတုယူ

 

အဖိုးတန်စိတ်ဓာတ်ကောင်းများကို အားကျအတုယူ

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်း များစွာကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်း အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ်စွာ အတူတကွ စုပေါင်းနေထိုင်ခဲ့ကြသည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ရပ်တည်ခဲ့သည်။ သို့သော် ၁၉ ရာစုနှောင်းပိုင်းတွင် ကိုလိုနီနယ်ချဲ့တို့က ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲပြီး မတရားကျူးကျော် သိမ်းပိုက်ခဲ့သည့်အတွက် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးခဲ့ရသည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်းသည် မြန်မာတို့အတွက် မမေ့နိုင်စရာသင်ခန်းစာဖြစ်သည်။

မြန်မာတို့သည်ဆုံးရှုံးသွားသော လွတ်လပ်ရေး ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းခဲ့ကြသည်။  သို့သော် ခေတ်မီလက်နက်ကိုင် တပ်မတော်တစ်ရပ်ကို တည်ထောင်နိုင်ခြင်း မရှိသည့်အတွက် လုံးဝလွတ်လပ်ရေးဆီသို့ မရောက်ရှိခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဦးဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)ကိုဖွဲ့စည်းကာ နယ်ချဲ့အင်္ဂလိပ်တို့အား ပြန်လည်မောင်းထုတ်နိုင်ခြင်း၊ ဖက်ဆစ်ဂျပန်တို့အား မောင်းထုတ်နိုင်ခြင်းများမှ တစ်ဆင့် လွတ်လပ်ရေး ပန်းတိုင်ဆီသို့ နီးကပ်စွာ ရောက်ရှိခဲ့ကြသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးက ဇွဲ၊ လုံ့လ၊ သတ္တိအပြည့်ဖြင့် ညီညီညွတ်ညွတ် ကြိုးပမ်းခဲ့ကြသောကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်ခံ့ညားစွာ ပြန်လည်ရပ်တည်နိုင်ခဲ့သည်။

အတိတ်ကာလမှ  ယနေ့ထက်တိုင် နယ်ချဲ့အင်အားကြီး နိုင်ငံများသည် ၎င်းတို့၏ အကျိုးစီးပွားကို သာဦးစားပေးပြီး နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် နည်းလမ်းမျိုးစုံသုံးပြီး ထိုးဖောက်ဝင်ရောက် ခြယ်လှယ်နေကြသည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့သည် ဦးစွာ နိုင်ငံငယ်များအတွင်းရှိ တိုင်းရင်းသား လူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားအောင်၊ အစိုးရနှင့်ပြည်သူ၊ ပြည်သူနှင့် တပ်မတော်ကြား သွေးကွဲသွားအောင် နည်းပညာအား၊ မီဒီယာအားများဖြင့် အရင်ဆုံးထိုးနှက် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ ယနေ့အချိန်အခါတွင် မြင်သာလှသည်မှာ သတင်းအတု၊ သတင်းအမှားများ ဖြန့်ဝေကာနိုင်ငံငယ်များ၏ ပုံရိပ်ကိုကျဆင်းအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။

မြန်မာ့သမိုင်းကို လေ့လာကြည့်လျှင်   လွတ်လပ်ရေး ဆုံးရှုံးရခြင်း၏ အဓိကအားနည်းချက်မှာ အင်အားတောင့်တင်းသည့် ခေတ်မီမျိုးချစ်တပ်မတော် တစ်ရပ်မရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း မြင်တွေ့နိုင်သည်။

သမိုင်းတွင် တပ်မတော်တစ်ရပ်ကို ဖွဲ့စည်း ထူထောင်နိုင်သည့်အတွက် လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့ခြင်းမှာလည်း အငြင်းပွားဖွယ်မရှိသော အမှန်တရားဖြစ်သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို သွေးတိုးစမ်းသည့် အဖျက်အမှောင့်လုပ်ရပ်များ ရှိခဲ့သောကြောင့် မြန်မာ့တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ ပြန်လည်ချေမှုန်းခဲ့ရသည့် သမိုင်းဝင်တိုက်ပွဲပေါင်းများစွာလည်း ရှိခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် “ရဲသော်မသေ သေသော်ငရဲမလား” ဟူသည့် ခံယူချက်ကိုရင်ဝယ်ပိုက်ပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်မျိုးဖြင့် တိုက်ပွဲဝင်ခဲ့ကြသူများသည် စစ်မှန်သည့်အာဇာနည် သူရဲကောင်းများ ဖြစ်ကြသည်။   မြန်မာ့သမိုင်းတွင် မော်ကွန်းထိုး မှတ်တမ်းတင်ထားသည်။ ထိုကဲ့သို့မျိုးချစ်တပ်မတော်သား သူရဲကောင်းများ၏ အမည်နာမများသည် မည်သည့်အခါမှ တိမ်မြုပ်ပျောက်ကွယ်သွားမည်မဟုတ်ဘဲ ခေတ်ဆက်ဆက် သမိုင်းစဉ်ဆက် ထာဝရမွှေးပျံ့နေမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင်  ဂုဏ်ပြုအမှာစကား ပြောကြားစဉ် “မိမိတို့ထံရောက်ရှိလာသည့် သမိုင်းပေးတာဝန်များကို ရဲစွမ်းပြောင်မြောက်သည့် သူရသတ္တိ အပြည့်ဖြင့် အသက်၊ သွေး၊ ချွေး၊ ခန္ဓာတို့ ရင်းနှီးပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် နိုင်ငံသားကောင်းများကို ယခုကဲ့သို့ လွတ်လပ်ရေးနေ့ အခါသမယရောက်တိုင်း ဂုဏ်ပြုချီးမြှင့်လျက် ရှိခြင်းသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဟူသည့် မင်္ဂလာတရားတော်နှင့်အညီ ချီးမြှင့်ပေးခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်လူငယ်များနှင့် မျိုးဆက်သစ် တပ်မတော်သားများအတွက် အဖိုးတန်စိတ်ဓာတ်ကောင်းများကို အားကျအတုယူစေ ရန်ပင်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်သည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပေရာ တပ်မတော်သားများ၊ ပါရမီဖြည့်ဖက်များ၏ အဖိုးတန် စိတ်ဓာတ်ကောင်းများကို အားကျအတုယူလျက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။