ဒီမိုကရေစီစနစ်၏ အမာခံများဖြစ်လာရေး

 

ဒီမိုကရေစီစနစ်၏ အမာခံများဖြစ်လာရေး

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်)

 

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အနိုင်ရသည့်ပါတီကို နိုင်ငံတော်တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ် နိုင်ရေးပင်ဖြစ်သည်။ နိုင်ငံရေးအရဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်မှု နည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာမှုများကြောင့် နိုင်ငံတော်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိပြီး နိုင်ငံ၏စီးပွားရေးမှာလည်း ကျဆင်းလျက်ရှိသည့် အချိန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် ဦးစီးဆောင်ရွက်ခဲ့သည်။ ထို့အတူ နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက်လည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။

တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ပွဲလန့်တုန်းဖျာခင်း ဆိုသကဲ့သို့ အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်လုပ်ဆောင်လာခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်ရေးအတွက် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူလူထု၏ အားများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်မှာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သည်။ တည်ငြိမ်အေးချမ်းမှု ရှိရန်အတွက် အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေး စနစ်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်လာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး ပြောကြားရာတွင် “မိမိတို့ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဟူ၍ ချမှတ်ထားကြောင်း၊ ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့ အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အဘက်ဘက်မှကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သည့်ပါတီအားလုံးနှင့် ပါတီဝင်များအားလုံး အနေဖြင့် ပါတီ၏အမာခံ ဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံဖြစ်ရန် လိုအပ်သည်။ ပါတီအင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်ဖြင့် အသုံးချနိုင်ရန် လိုအပ်ပေသည်။ မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှု ရှိမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းမှု ရှိစေရန်အတွက် နိုင်ငံအတွင်းရှိ ပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာ ဆောင်ရွက် သွားကြရန်ဖြစ်သည်။ သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက် သွားရမည်ဖြစ်သည်။ သဘောထားကွဲလွဲမှုများ၊ အားနည်းချက်များကို နိုင်ငံရေးပါတီများအနေဖြင့် သိရှိနားလည်ထားရန် လိုအပ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက်၊ အမျိုးသားရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ချမှတ်၍ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင်လည်း ပါတီများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ပြင် ကျောင်းနေအရွယ်များအားလုံး ပညာသင်ကြားနိုင်ရေး၊ အလုပ်လုပ်နိုင်သူများအားလုံး အလုပ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ပညာသင်ကြားရမည့် အရွယ်ကလေးငယ်များ အားလုံး ပညာသင်ကြားခွင့် ရရှိရေးကိုလည်း ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူချိန်မှစ၍ ပြည်ပချေးငွေများ ရရှိခဲ့မှုမရှိသည့်အပြင် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှု များစွာကိုလည်း ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် သွင်းကုန်ထက်ပို့ကုန် ပိုမိုများပြားရေး ဆောင်ရွက်ခဲ့ရသည်။ မိမိတို့နိုင်ငံ၏ GDP သည် အလုပ်လုပ်မှ တိုးတက်မည်ဖြစ်ပြီး အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်မည်ဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ပါတီများအားလုံးအနေဖြင့် မိမိတို့ဒေသအလိုက် ပညာရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်စေရန် ပါတီအလိုက်ကြိုးပမ်း ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရ အနေဖြင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိပေရာ နိုင်ငံရေးပါတီများ အနေဖြင့် ဒီမိုကရေစီ၏ အမာခံများဖြစ်လာရေး ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။    ။