ရောဂါဗေဒရှေ့ပြေးခေတ် ရှာဖွေကုသနယ်ပယ်အသစ်

 

ရောဂါဗေဒရှေ့ပြေးခေတ် ရှာဖွေကုသနယ်ပယ်အသစ်

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်)

    ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံရောဂါ ဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၄)ကို ဇန်နဝါရီလ ၉ ရက်(ယနေ့)နှင့် ၁၀ ရက်နေ့တို့တွင် ဆေးတက္ကသိုလ်(၁) (ရန်ကုန်)လမ်းမတော်ဝင်း၌  ကျင်းပမည်ဖြစ်သည်။ အဆိုပါ နှီးနှောဖလှယ်ပွဲ၏ ဆောင်ပုဒ်မှာ "Pathology Updates in Theranostic Era" ဖြစ်ပါသည်။ “ရောဂါဗေဒ ရှေ့ပြေးခေတ်   ရှာဖွေကုသနယ်ပယ်အသစ်” ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ တစ်ဟုန်ထိုးတိုးတက်လာသည့် နည်းပညာ အသစ်များဖြင့် ပြည်သူလူထုအား အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုကို ပေးရာတွင် ရောဂါရှာဖွေရေးအပြင် ကုသမှုရှုထောင့်ကပါ အပြည့်အဝပေးနိုင်စေရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံရောဂါဗေဒ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပခြင်းဖြစ်သည်။

နှီးနှောဖလှယ်ပွဲမတိုင်မီတွင် အကြိုအလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကိုလည်း ဆေးတက္ကသိုလ် (၂) ရန်ကုန်၌ ဇန်နဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သည်။ ဆေးသိပ္ပံပညာရပ်နှင့် တွဲလျက်ပေါ်ထွန်းလာခဲ့သော Pathology ဟုခေါ်သည့် ရောဂါဗေဒ ပညာရပ်ဆိုသည်မှာ ရောဂါတစ်ခုဖြစ်စေသော အကြောင်းရင်း၊ ရောဂါဇာစ်မြစ်၊ ရောဂါဆင့်ပွားလာပုံ အဆင့်ဆင့်နှင့် နောက်ဆက်တွဲပြဿနာများကို ခန္ဓာကိုယ်တွင်း အင်္ဂါများ၊ အသားစနှင့် အရည်အမျိုးမျိုးတို့ကို ဓာတ်ခွဲခန်း၌ ခွဲခြမ်းစိတ်ဖြာ လေ့လာသော ကျယ်ပြန့်နက်ရှိုင်းသည့်ဆေးပညာရပ် တစ်ခုဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဆေးပညာဘွဲ့ M.B.B.S သင်တန်းကို ၁၉၂၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်တွင် ရောဂါဗေဒ(ပါမောက္ခ) တာဝန်ကို နိုင်ငံခြားသား ဆရာဝန်ကြီးများက တာဝန်ယူခဲ့ကြပြီး ၁၉၅၆ ခုနှစ်တွင် ဒေါက်တာခင်မောင်ဝင်းက ပထမဆုံးသော မြန်မာနိုင်ငံသား ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ဆေးလက်တွေ့ရောဂါ ဗေဒအဖွဲ့ကို ၁၉၈၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံရောဂါဗေဒ ညီလာခံကို (၁၁)ကြိမ်မြောက်အထိ ကျင်းပနိုင်ခဲ့သည်။ ပြည်တွင်း၊ ပြည်ပရောဂါဗေဒ ပညာရှင်များ၏ ပညာရပ်ဆိုင်ရာ စာတမ်းများ၊ လေ့လာမှုများနှင့် ဆွေးနွေးပွဲရလဒ်များမှသည် အနာဂတ်ပညာရပ်ဆိုင်ရာ တိုးတက်ရေး အခြေခံကောင်းများကို ချမှတ်နိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံရောဂါဗေဒ ပညာရပ်ဆိုင်ရာကို လေ့လာကြည့်လျှင် ရောဂါဗေဒဒီပလိုမာ သင်တန်းကို ၁၉၆၅ ခုနှစ်၊ ဆေးပညာမဟာသိပ္ပံ(ရောဂါဗေဒ) သင်တန်းကို ၁၉၉၁  ခုနှစ်မှယနေ့အထိ၊ ရောဂါဗေဒပါရဂူ (Ph.D) သင်တန်းကို ၁၉၉၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ၊ ဘာသာခွဲများအလိုက် ရောဂါဗေဒ ဆေးလက်တွေ့ပါရဂူ (ီသခအသမအေန) ဘွဲ့သင်တန်းကို ၂၀၂၀ ပြည့်နှစ်မှ ယနေ့အထိ ဖွင့်လှစ်လျက်ရှိသည်။ ရောဂါဗေဒအထူးကုဆရာဝန်များ စုစုပေါင်း ၈၈၇ ဦးအထိရှိကြောင်းသိရသည်။ အဆိုပါရောဂါဗေဒ အထူးကုဆရာဝန်များမှာ ပြည်တွင်း၊ ပြည်ပဆေးရုံကြီးများ၊ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များ၊ ဆေးသုတေသန ဦးစီးဌာန၊ တပ်မတော် ဆေးတက္ကသိုလ်၊  တပ်မတော်ဆေးရုံကြီးများနှင့် ပုဂ္ဂလိကကျန်းမာရေး ကဏ္ဍအသီးသီးတို့တွင်  တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဘွဲ့လွန်သင်တန်းသား၊ သင်တန်းသူများအတွက် လေ့လာသင်ကြားနိုင်ရေး အစီအစဉ် တစ်ရပ်ကို ပုံမှန်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါအစီအစဉ်မှာ ရောဂါဗေဒဆရာဝန်များ အဖွဲ့မှ နှစ်လလျှင်တစ်ကြိမ် ဝါရင့်ဆရာကြီး၊ ဆရာမကြီးများ ဦးဆောင်ပြီး ရောဂါအမည်တပ်ရန် ခက်ခဲနက်နဲသော ပြဿနာများကို ပညာရှင်ကြီးများက ဝိုင်းဝန်းဆွေးနွေးကြခြင်းဖြစ်သည်။ ထိုသို့ဆွေးနွေးခြင်းဖြင့် သင်တန်းသားများ အတွက်အသိပညာ ဗဟုသုတများ တိုးတက်စေသည်။  ယခုကျင်းပသည့် နှီးနှောဖလှယ်ပွဲတွင် ရောဂါဗေဒဘာသာရပ်၏ ပင်မဒေါက်တိုင်ဖြစ်သည့် အသားမျှင်ဗေဒ၊ သွေးရောဂါဗေဒ၊ ဓာတုရောဂါဗေဒနှင့် လုံခြုံစိတ်ချရသော သွေးသွင်းကုသမှုဆိုင်ရာ ဘာသာရပ်တို့၏  နောက်ဆုံးပေါ် နည်းပညာရပ်များ၊   Tele - Pathology & Artificial Intelligence in Pathology ကဏ္ဍများ တိုးတက်စေရေးတို့ကို ပြည်တွင်းမှရောဂါဗေဒ ပညာရှင်များ၊ ရုရှားနှင့်ဂျပန်နိုင်ငံတို့မှ ပညာရှင်များက တင်ပြကြမည်ဖြစ်သည်။

ထို့ပြင် ရောဂါအဖြေရှာရခက်သည့် ကိစ္စရပ်များကို မည်ကဲ့သို့ ထုတ်ဖော်ဖြေရှင်း နိုင်သည်ဆိုသည့် ဆွေးနွေးချက်များအား တိုက်ရိုက်တင်ပြချက်များ၊ ပိုစတာတင်ပြချက်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပမည် ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာနက ကြီးမှူးကျင်းပသော အမျိုးသားအဆင့် ကျန်းမာရေးညီလာခံနှင့်ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၏ ဘုံရည်မှန်းချက်မှာ ကမ္ဘာတစ်ဝန်းတစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်နေသည့် ဆေးပညာရပ်ဆိုင်ရာ နည်းနာသစ်များကို မြန်မာနိုင်ငံကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍအသီးသီး၌ တာဝန်ယူဆောင်ရွက်ပေးနေသည့် ပညာရှင်အသီးသီးတို့ လက်လှမ်းမီသိရှိပြီး ပြည်သူလူထုတိုင်း သက်ရှည်ကျန်းမာ သက်တမ်းစေ့နေနိုင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး ဖြစ်ပါသည်။ မြန်မာနိုင်ငံ ရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၄)သည် ကုသရေး၊ သင်ကြားရေးနှင့် သုတေသနနယ်ပယ်များရှိ ရောဂါဗေဒဆရာဝန်ကြီး၊ ဆရာဝန်ငယ်များအတွက် ပညာတန်ဖိုးကြီးမားလှသည့် နှီးနှော ဖလှယ်ပွဲ ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။  ။