လူမှုစီးပွားဘဝများ တိုးတက်မြင့်မားပါစေ

 

လူမှုစီးပွားဘဝများ တိုးတက်မြင့်မားပါစေ

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်)

    မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ် ကောင်စီညီလာခံ ပထမဆုံးညီလာခံ၏ ပထမဆုံး အစည်းအဝေး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့ကို “ကချင်ပြည်နယ်နေ့”အဖြစ် သတ်မှတ်ပြဋ္ဌာန်းကာ နှစ်စဉ်ကျင်းပခဲ့သည်။ ယခုဆိုလျှင် (၇၆)နှစ်မြောက် စိန်ရတုကာလ အလွန်ကိုရောက်ရှိခဲ့ပြီဖြစ်သည်။  ကချင်ပြည်နယ်တွင်  ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိန်ဖော့၊ ဂေါ်ရီ၊ ခါ့ခူး၊ ဒူးလန်း၊ လော်ဝေါ်၊ ရဝမ်၊ လာချိဒ်၊ ဇိုင်ဝါး၊ လီဆူ  စသည့် ကချင်မျိုးနွယ်စုများနှင့်အတူ တိုင်းလေ၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခန္တီး စသည့်ရှမ်းမျိုးနွယ်စုများနှင့် ဗမာတိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသား မျိုးနွယ်စုများ အပါအဝင် လူဦးရေ ၁၇ သိန်းကျော် နေထိုင်လျက်ရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်း အနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် “ကချင်ပြည်နယ်အနေဖြင့် ရှိပြီးဖြစ်သော သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းပြီး စနစ်တကျဖြင့် ကုန်ချောအဖြစ် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မည်ဆိုပါက ပြည်နယ်အတွင်း လိုအပ်ချက်ကို ဖူလုံစေမည့်အပြင် ပြည်တွင်း လိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် နယ်စပ်ဒေသလည်း ဖြစ်၍ ပြည်ပသို့တင်ပို့နိုင်မည် ဆိုပါက  ဒေသခံများ၏ လူမှုစီးပွားဘ၀ အဆင်ပြေ တိုးတက်မည့်အပြင် နိုင်ငံအတွက် ဝင်ငွေလည်း တိုးတက်လာနိုင်မည်ဖြစ်ပါသည်” ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီးအဖြစ် မေခနှင့် မလိခမြစ်နှစ်ခုပေါင်းဆုံ၍ စတင်မြစ်ဖျားခံရာ ဒေသတစ်ခုလည်းဖြစ်သည့်အပြင် အဖိုးတန်သယံဇာတများဖြစ်သည့် ရွှေ၊ ကျောက်စိမ်း၊ ပယင်းစသည့်တန်ဖိုးရှိ ရတနာများ ပေါများကြွယ်ဝကာ သာယာလှပသည့် တောတောင်ရေမြေ သဘာဝ ပတ်ဝန်းကျင်ကောင်းများ ရှိသော ပြည်နယ်တစ်ခုလည်း ဖြစ်သည်။ တစ်နှစ်ပတ်လုံးဆီးနှင်းများ ဖုံးအုပ်လျက်ရှိသည့် ရေခဲတောင်များ၏ လှပမှုနှင့် မြစ်ဆုံ၏သာယာမှုတို့သည် ပြည်နယ်၏ ထင်ရှားသော အလှအပသဘာဝများဖြစ်သည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့်တိုင်းတို့တွင် တိုင်းရင်းသားလူမျိုးတို့ရောနှောနေထိုင်လျက်ရှိကြသည်မှာ ရှေးနှစ်ပေါင်း များစွာကတည်းကပင်ဖြစ်သည်။

တိုင်းရင်းသားအားလုံးသည် ဓလေ့ထုံးတမ်း စဉ်လာများနှင့် အမျိုးသားရေးရာ စရိုက်လက္ခဏာများကို အစဉ်လေးစား တန်ဖိုးထားကြသူများဖြစ်သည်။ အမျိုးသားရေးရာ လက္ခဏာများနှင့်  အမျိုးသားယဉ်ကျေးမှုများကို  ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ခြင်းဖြင့်  မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းကျိုးများစွာ ရရှိမည်ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံအတွက် အမျိုးသားရေးစိတ်ဓာတ်သည် လွန်စွာအရေးကြီးလှသည်။ရှင်သန်နေသော သစ်ပင်တစ်ပင်ကဲ့သို့ အမျိုးသားရေးစိတ်ဓာတ် အမြဲရှင်သန်နေရမည်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအတွက် သို့တည်းမဟုတ် တိုင်းရင်းသား လူမျိုးပေါင်း  တစ်ရာကျော်ရှိနေသည့်နိုင်ငံအတွက် အမျိုးသားရေးစိတ်ဓာတ်မှာ မရှိမဖြစ်သော အရာပင်ဖြစ်သည်။  ကချင်တိုင်းရင်းသား မျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှု၊ ရိုးရာအကအလှများ၊ စာပေ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်  စုပေါင်းညီညာစွာ ကပြသည့် မနောအကသည် ကချင်တိုင်းရင်းသားတို့၏ နှစ်သက်ဖွယ်ရာ ယဉ်ကျေးမှုတစ်ခုဖြစ်ပါသည်။ ကချင်ပြည်နယ်သည် သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး  သာယာလှပသည့် တောတောင်ရေမြေ ပတ်ဝန်းကျင်ကောင်း ရှိနေသည့် ပြည်နယ်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်  တိုင်းရင်းသားပြည်သူ အားလုံး၏ ဆန္ဒနှင့်အညီ  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိရာတွင် ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိစေရန်နှင့် နိုင်ငံတစ်ဝန်း ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရန်တို့ကို  အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။  ကချင်ပြည်နယ် အပါအဝင်  တစ်နိုင်ငံလုံး  ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက်  လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် ဓာတ်အား ရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စသည့်စီမံချက်များ  ချမှတ်ဆောင်ရွက်ပေးလျက်ရှိသည်။

အနှစ်ချုပ်ဆိုရသော် ပြည်နယ်တစ်ဝန်းလုံး အေးချမ်းသာယာ၍  လူမှုစီးပွားဘဝများ တိုးတက်မြင့်မားပါစေကြောင်း ဆုမွန်တောင်း ရေးသားလိုက်ရပေသည်။  ။