ကရင်ရိုးရာယဉ်ကျေးမှုများကို တန်ဖိုးထားစောင့်ရှောက်ကြရန်

 

ကရင်ရိုးရာယဉ်ကျေးမှုများကို တန်ဖိုးထားစောင့်ရှောက်ကြရန်

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ရည်မှန်းချက်များနှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများနှင့် အတူ ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရသော တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့များက ရည်မှန်းချက်များ အောင်မြင်ရေး အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့ ခရစ်နှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်၊ ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခု ပြာသိုလဆန်း ၁ ရက်နေ့သည် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ မြတ်နိုးတန်ဖိုးထားသည့် ကရင်အမျိုးသား နှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ကရင်နှစ်သစ်ကူးနေ့ကို နိုင်ငံတော်အစိုးရက မြန်မာတစ်နိုင်ငံလုံး တရားဝင်ရုံးပိတ်ရက်အဖြစ် ဂုဏ်ပြု သတ်မှတ်ပေးထားပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ  ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် “ယနေ့ မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးက ဝိုင်းဝန်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်မည်ဖြစ်ပါသည်” ဟု ဖော်ပြထားပါသည်။

ကရင်အမျိုးသားဆိုသည်မှာ လူမျိုးတစ်ခုတည်း၏ အမျိုးဇာတိ၊ ဘာသာအယူဝါဒ၊ ယုံကြည်ကိုးကွယ်မှုတို့နှင့် မသက်ဆိုင်ဘဲ အားလုံးသော ကရင်မျိုးနွယ်များ၊ မျိုးနွယ်စုများ၊ မိသားစုဝင်အနွယ်တူ လူမျိုးများအားလုံးကို စုပေါင်း၍ ခေါ်ဆိုခြင်းဖြစ်ပါသည်။ ကရင်မျိုးနွယ်စု(၁၁)မျိုးရှိပြီး ၎င်းင်းတို့မှာ ကရင်လူမျိုး၊ ကရင်ဖြူလူမျိုး (ဂေဘားကရင်)၊ ပလေကီးလူမျိုး (ပလေချီး)၊ မွန်ကရင်လူမျိုး (စာဖြူ) (အရှေ့ပိုးကရင်)၊ စကောကရင်လူမျိုး၊ တလှေပွာလူမျိုး (တလှေပွား)၊ ပကူးလူမျိုး၊ ဘွဲလူမျိုး၊ မောနေပွားလူမျိုး၊ မိုးပွလူမျိုး (မိုးပွား)၊ ပိုးကရင်လူမျိုး (ရှို) (အနောက်ပိုးကရင်)တို့ ဖြစ်သည်ကို တွေ့ရှိရပါသည်။ ကရင်လူမျိုးများတွင် စကောကရင်နှင့် ပိုးကရင်ဟူ၍ အဓိက လူမျိုးစုကြီးနှစ်စုရှိပြီး ယဉ်ကျေးမှု ဓလေ့စရိုက်နှင့် အသုံးပြုသော ဘာသာစကားတွင် ကွဲပြားခြားနားမှု ရှိသည်ကို တွေ့ရပါသည်။

ကရင်ပြည်နယ်၏ အထင်ကရနေရာ အမှတ်အသားသည် ဇွဲကပင်တောင်ဖြစ်သကဲ့သို့ ကရင်တိုင်းရင်းသားတို့၏ ကိုယ်စားပြုယဉ်ကျေးမှု သင်္ကေတမှာ ဖားစည်နှင့်ကျွဲချိုဖြစ်ပါသည်။ ကရင်မျိုးနွယ်စု အားလုံးတို့သည် နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲ၊ လိပ်ပြာခေါ်ပွဲ၊ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်စသည့် ဘာသာရေးဆိုင်ရာနှင့် ရိုးရာပွဲတော်များကို သတ်မှတ်ကာလ အလိုက်ပြုလုပ်ကျင်းပကြပါသည်။ ထို့ပြင် ကရင်လူမျိုးတို့၏ ကရင်ဒုံးအကသည် မြူး<ကသွက်လက်၍ လူကြိုက်များသော အကဖြစ်ပြီး ပြည်တွင်း၌သာမက ကမ္ဘာအနှံ့အထိ ပျံ့နှံ့ကာ နိုင်ငံတကာက စိတ်ဝင်စား နှစ်ခြိုက်မြတ်နိုးကြသည့် မိမိတို့တိုင်းရင်းသား ကိုယ်ပိုင်ယဉ်ကျေးမှု အကတစ်ခုဖြစ်ပါသည်။

ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် နှစ်ဟောင်းက အတွေ့အကြုံနှင့် အကောင်းအဆိုးများကို ပြန်လည်သုံးသပ်၍ နှစ်သစ်တွင် တိုင်းပြည်နှင့်လူမျိုး အကျိုးရှိစေရေး ပိုမိုလုပ်ဆောင်ရမည်ဖြစ်သည်။

ကရင်အမျိုးသားတို့၏ နှစ်သစ်ကူးနေ့ အချိန်အခါသမယသည် နှစ်သစ်ကူး အထိမ်းအမှတ် နှစ်သစ်မင်္ဂလာပြုခြင်းဖြစ်ပြီး ရောက်ရှိလာသည့်နှစ်သစ်ကို မွန်မြတ်သောစိတ်ဓာတ်ဖြင့် ရွှင်လန်းဝမ်းမြောက်စွာ ကြိုဆိုကြခြင်းဖြစ်သည်။ ထို့ကြောင့် ကရင်နှစ်သစ်ကူးနေ့တွင်  စိတ်သစ်၊  အားမာန်သစ်များနှင့်အတူ ပြည်နယ်နှင့် နိုင်ငံတော်အကျိုး စီးပွားဖြစ်ထွန်းလာရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပေသည်။

အချုပ်ဆိုရသော် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် ကရင်တိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ကရင်ရိုးရာ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် သွားကြရမည်ဖြစ်ပါကြောင်း။     ။