အားကစားလောက တစ်ခေတ်ဆန်းသစ်နိုင်ရေး

 

အားကစားလောက တစ်ခေတ်ဆန်းသစ်နိုင်ရေး

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်)

     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇန်နဝါရီလ ၉ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင်” မောင်တို့မယ်တို့သည် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ အားကစားသမားများ ဖြစ်ကြသည်နှင့်လျော်ညီစွာ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသည့်အခါ စည်းကမ်းရှိရှိ၊ နည်းစနစ်ခိုင်ခိုင်မာမာ၊ အားကစားစိတ်ဓာတ် အပြည့်အဝနှင့် ကြိုးပမ်းအားထုတ် ယှဉ်ပြိုင်ကြရင်း နိုင်ငံတော်ချစ်စိတ်၊ မျိုးချစ်စိတ်တို့ဖြင့် နိုင်ငံတော်၏ ဂုဏ်ကိုထိန်းသိမ်း မြှင့်တင်နိုင်ကြပါစေကြောင်း၊ ဆုတံဆိပ် အသီးသီးကိုလည်း ဆွတ်ခူးရရှိပြီး  နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ဖြစ်အောင်ကြိုးစား၍ အောင်မြင်မှုများ ရရှိနိုင်ကြပါစေကြောင်းနှင့် တက္ကသိုလ်အားကစားလောက တစ်ခေတ်ဆန်းသစ် နိုင်ကြပါစေကြောင်း” ဖြင့် အမှာစကား ပြောကြားခဲ့သည်။

     ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှ ၁၃ ရက်အထိ ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲကြီးကို ရန်ကုန်မြို့၌ အောင်မြင်စွာ ကျင်းပခဲ့ရာ မြန်မာအားကစားအဖွဲ့တွင် တက္ကသိုလ် အားကစားသမားများ ပိုမိုပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အိမ်ရှင်မြန်မာတို့အနေဖြင့် ရွှေတံဆိပ် ၅၇ ခု၊ ငွေတံဆိပ် ၄၆ ခုနှင့် ကြေးတံဆိပ် ၄၃ ခုရရှိခဲ့ပြီး နိုင်ငံအလိုက် ပထမဗိုလ်စွဲခဲ့ပါသည်။ ရရှိခဲ့သည့် ဆုတံဆိပ်များအနက် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေးတံဆိပ် ၅ ခုအား တက္ကသိုလ် အားကစားသမားများမှ ဆွတ်ခူးပေးနိုင်ခဲ့သည်။ ရွှေတံဆိပ် ၆ ခုရရှိရာတွင် တက္ကသိုလ်ကျောင်းသား ရေကူးချန်ပီယံ နန္ဒကျော်စွာ တစ်ဦးတည်းက ရွှေတံဆိပ် ၃ ခုရယူပေးနိုင်ခဲ့ခြင်းသည် တက္ကသိုလ်နှင့် တက္ကသိုလ်ကျောင်းသားတို့၏ ဂုဏ်ရောင်ကို ပိုမိုထွန်းပြောင်စေခဲ့ပါသည်။ အလားတူ ကျွန်းဆွယ်ပြိုင်ပွဲ သမိုင်းစဉ် တစ်လျှောက်လုံး မြန်မာတို့တစ်ကြိမ်တစ်ခါမျှ မရဖူးခဲ့သည့် တင်းနစ်ရွှေတံဆိပ်ဆုကို  တက္ကသိုလ်ကျောင်းသား မောင်မောင်လေး က ဆွတ်ခူးပေးနိုင်ခဲ့ခြင်းသည်လည်း  မှတ်တမ်းဝင်ခဲ့ပါသည်။ ယနေ့ကာလတွင်လည်း မြန်မာနိုင်ငံအနေဖြင့်  အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (ASEAN University Games-AUG)များတွင်  တက်ကြွစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိထားပါသည်။

   အခြေခံပညာကဏ္ဍတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကာယဆရာ၊ ဆရာမများအတွက် သင်တန်းများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ အဆင့်မြင့် ပညာကဏ္ဍတွင်လည်း ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင် B.Sc(Sports) ဘွဲ့သင်တန်းကို ဖွင့်လှစ်ပေးလျက်ရှိပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းသင်ကြား ပို့ချပေးလျက်ရှိသည်။ ထို့ပြင်တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အားကစားအရာရှိနှင့် အားကစားနည်းပြများ ခန့်အပ်ပေးထားပြီး စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။

     ယခုကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် စသည့် အားကစားနည်း (၅) မျိုး ထည့်သွင်းကျင်းပလျက်ရှိသည်။  အဆိုပါ အားကစားနည်း (၅) မျိုးအနက် ဘောလုံးနှင့် ဘော်လီဘော အားကစားနည်းများကို ရန်ကုန်ဇုန်၊ ဒဂုံဇုန်၊ ပုသိမ်ဇုန်၊ မော်လမြိုင်ဇုန်၊ မန္တလေးဇုန်၊ မကွေးဇုန်၊ တောင်ကြီး ဇုန်၊ မြစ်ကြီးနားဇုန်ဟူ၍ဇုန် (၈) ခုဖွဲ့စည်းပြီး  သတ်မှတ်ဇုန်များက  လူရွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။ယင်းမှ ဇုန်တစ်ဇုန်စီက ဇုန်ကိုယ်စားပြု အသင်းတစ်သင်းစီ ဖွဲ့စည်းခဲ့ကြပြီး ဗဟိုအဆင့်တွင် လာရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ကျန်အားကစားနည်းများကို ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲအနေဖြင့် ယှဉ်ပြိုင်ကျင်းပလျက် ရှိပါသည်။

   ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ပညာရေးဝန်ကြီးဌာန  တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၉ ရက်မှ ၁၈ ရက်အထိ အားကစားနည်းများအလိုက် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများနှင့် လေ့ကျင့်ရေး ဘောလုံးကွင်းများ၌ ကျင်းပလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲမှသည် နိုင်ငံ့လက်ရွေးစင်အားကစားသမားကောင်းများ ဖြစ်အောင်ကြိုးစားပြီး အားကစား လောက တစ်ခေတ်ဆန်းသစ်နိုင်ရေး ကြိုးစားယှဉ်ပြိုင်ကာ အောင်မြင်မှု ရရှိပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။