အကြမ်းဖက်သောင်းကျန်းသူလုပ်ရပ် ပြည်သူတို့လက်မခံ

 

အကြမ်းဖက်သောင်းကျန်းသူလုပ်ရပ် ပြည်သူတို့လက်မခံ

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်)

    မြန်မာနိုင်ငံတွင် ပြည်သူလူထုတစ်ရပ်လုံး၏ လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်သည် ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသည်။ အခြားသောဘာသာများကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး အေးချမ်းစွာ နေထိုင်လျက်ရှိကြသည်။ နိုင်ငံတော်အစိုးရ နိုင်ငံတော် အကြီးအကဲများ အနေဖြင့်လည်း ကိုးကွယ်ရာ ဘာသာအလိုက် အားပေးမှုများ၊ ချီးမြှောက်မှုများ၊ ထောက်ပံ့မှုများကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည်။

ဘာသာတရားအားလုံး၏ အခြေခံအဆုံးအမမှာ လူသားတစ်ဦးနှင့် တစ်ဦးချစ်ခင်ကြရန်၊ ကြင်နာကြရန်၊ မေတ္တာထားကြရန်၊ လေးစား တန်ဖိုးထားကြရန်ဖြစ်သည်။

MNDAA ကိုးကန့်အကြမ်းဖက် သောင်းကျန်းသူများက ၎င်းတို့ဝင်ရောက် ဖျက်ဆီးနေသည့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ် ဆီအောကျေးရွာ၏ မြောက်ဘက်ရှိ ပွိုင့်-၂၂၀၂ တောင်ကုန်း(ဆင်ဦးကင်းကုန်း) တောင်ပေါ်မှာရှိသည့် ဒေသခံပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားသည့်  စေတီတစ်ဆူကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က မိုက်ရိုင်းစော်ကား ဖျက်ဆီးခဲ့သည်။ ဘုရားစေတီဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တိုင်းက ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမနှင့်အညီ ဗုဒ္ဓမြတ်စွာဘုရား၏ ကိုယ်စား ကိုးကွယ်မှုပြုသည့် ဥဒ္ဒိဿစေတီတော်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရုပ်မြင်သံကြားမီဒီယာများမှ တစ်ဆင့် MNDAA? TNLA? AA စသည့် အကြမ်းဖက် သောင်းကျန်းသူများ၏ ဘာသာတရားအပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးနှင့် ဘာသာရေး ခေါင်းဆောင်များအားလုံး သိရှိစေရန် ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်တွင် “ဒီလိုရိုင်းစိုင်း ယုတ်မာတဲ့ဖြစ်ရပ်ကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံး စိတ်မကောင်းဖြစ်ရပါတယ်။ ဝမ်းနည်းကြေကွဲရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုသာမက ထိုင်းနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံး လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံစတဲ့နိုင်ငံတွေနဲ့ ဒီအဖြစ်အပျက်ဖြစ်ပွားရာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့နီးစပ်တဲ့ တိဗက်ဒေသ၊ ယူနန်ဒေသ စတဲ့ကမ္ဘာပေါ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်များအားလုံးကို စော်ကားလိုက်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်”ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ရှမ်းပြည်နယ် မူဆယ်မြို့အဝင် ရပ်တော်မူဘုရားကျောင်း ဘုန်းကြီးကျောင်းကိုလည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က မောင်းသူမဲ့လေယာဉ် Drone များကို အသုံးပြုပြီး ဗုံးကြဲချခဲ့သည်။ ထိုလုပ်ရပ်များမှာ MNDAA? TNLA? AA စသည့် အကြမ်းဖက်သောင်းကျန်းသူ သုံးဖွဲ့၏ ဘာသာတရားအပေါ် အကြမ်းဖက်မှုများဖြစ်သည်။ အဆိုပါအကြမ်းဖက် သောင်းကျန်းသူများမှာ မြန်မာနိုင်ငံမှာနေထိုင်ပြီး မြန်မာ့ရေကို သောက်သူများဖြစ်သည်။ MNDAA အကြမ်းဖက် သောင်းကျန်းသူများမှာ မြန်မာနိုင်ငံကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၊ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရားစေတီကို မိုက်ရိုင်းစော်ကား ဖျက်ဆီးခဲ့ကြသည်။

အကြမ်းဖက် သောင်းကျန်းသူများက စစ်ရေးနှင့်လုံးဝ သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေခြင်းနှင့် ပတ်သက်၍ နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုများက ကန့်ကွက်လျက်ရှိကြသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မျိုးချစ်ပြည်သူများက ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် သမ္မတရုပ်ရှင်ရုံရှေ့စုရပ်မှ ဆူးလေစေတီလမ်းမကြီး တစ်လျှောက်ချီတက်ကာ ကြွေးကြော်သံများ ကြွေးကြော်၍  အခမ်းအနား ကျင်းပမည့်နေရာသို့ ဝင်ရောက်နေရာယူကြသည်။  ကန့်ကွက်ရှုတ်ချပွဲတွင် နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြပြီး ကန့်ကွက်ရှုတ်ချကြောင်း ဟောပြောခဲ့ကြသည်။

မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာ ရဟန်းရှင်လူပြည်သူများကလည်း အကြမ်းဖက်သောင်းကျန်းသူ MNDAA အနေဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသတစ်လျှောက်ရှိ ဘုရားစေတီများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများအား ဖျက်ဆီးနေမှုအပေါ် လုံးဝလက်မခံနိုင်ဘဲ ကန့်ကွက်ရှုတ်ချပွဲကို ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပခဲ့သည်။ အဆိုပါကန့်ကွက် ရှုတ်ချပွဲများတွင် “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး(ဒို့အရေး)၊ ဗုဒ္ဓသာသနာအား အကြမ်းဖက် ဖျက်ဆီးနေသော သူပုန်များ(ကျရှုံးပါစေ)၊ လူသတ်အကြမ်းဖက် သူပုန်မှန်သမျှ(ဆန့်ကျင်ကြ)၊ ဗုဒ္ဓသာသနာကို အကြမ်းဖက်ဖျက်ဆီးနေသော လူသတ်မိစ္ဆာသူပုန်များအား ရှင်းလင်းရေး(ဒို့အရေး)စသည်ဖြင့် ကြွေးကြော်ခဲ့ကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လားရှိုးမြို့ရှိ လွတ်လပ်ရေး ပန်းခြံကျောက်တိုင်ကွင်း၌ စုဝေးကြပြီး သံဃာတော်များနှင့်မြို့မိမြို့ဖများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။ MNDAA ၊ TNLA ၊ AA စသည့်အကြမ်းဖက် သောင်းကျန်းသူများ၏ လုပ်ရပ်သည် လွန်စွာအောက်တန်းကျ ယုတ်ညံ့သည့်လုပ်ရပ်ဖြစ်သည့်အတွက် မြန်မာတစ်နိုင်ငံလုံးက ရှုတ်ချကန့်ကွက်နေခြင်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။